လောကမှာ မပြုံးချင်ဘဲ
ပြုံးရတဲ့အပြုံး၊ မသုံးချင်ဘဲ သုံးရတဲ့ငွေ၊ မနေချင်ဘဲ နေရတဲ့ဒေသ၊ မကချင်ဘဲ ကရတဲ့ဇာတ်၊
စသဖြင့် ကိုယ်မလုပ်ချင်ဘဲလုပ်ရတာတွေရှိတတ်ပါတယ်။ညီလေးတစ်ယောက်ကမေးလာလို့ ကျွန်တော့်အယူအဆတချို့ကို
မပြောချင်ဘဲပြော ရပါလိမ့်မယ်။
ညီလေးရေ အကြမ်းဖျဉ်းပြောရရင်
အစ်ကိုတို့နိုင်ငံဟာ အင်္ဂလိပ်နဲ့ ၃ ကြိမ်စစ်ဖြစ်ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့တာ သိ တယ်နော်။
၁၈၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ တနင်္သာရီ၊ ရခိုင်နဲ့
အာသံ-မဏိပူရ နယ်တွေအားလုံး အင်္ဂလိပ်ကို ပေးလိုက်ရတယ်။ စစ်ပွဲကို ရ န္တပိုစာချုပ်နဲ့ အဆုံးသတ်ခဲ့တယ်။
ပထမ စစ်ပွဲအပြီးမှာ
တနင်္သာရီနယ်က ဒေသခံတွေကို အင်္ဂလိပ်က ဘာသာရေးနဲ့ စည်းရုံးသိမ်းသွင်းရာမှာ ပုဂံခေတ် မတိုင်ခင်လောက်ကတည်းက
ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးသား ဖြစ်နေတဲ့ ထားဝယ်သား၊ မြိတ်သားတွေကို စည်းရုံး လို့မရဘဲ
ရိုးသားလှတဲ့တောင်ပေါ်သား ကရင်တွေကိုသာ စည်းရုံးလို့ရသွားတယ်။
၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ
ဒုတိယစစ်ပွဲလည်းကျရော သူတို့စည်းရုံးထားတဲ့ တိုင်းရင်းသားတွေကို ရှေ့တန်းက တင်ပြီး
အတိုက်ခိုင်းတော့တာပါပဲ။ ယာလည်းညက်စေ၊ ကြက်လည်းပန်းစေပေါ့ကွာ။ ခံစရာရှိရင် တိုင်းရင်းသားတွေ
ခံပြီး စံစရာရှိရင် သူတို့စံပေါ့။
ဒုတိယ စစ်ပွဲကတော့
စာချုပ်ရှိတယ်လို့ မကြားလိုက်မိဘူး။ အဲဒီမှာ မှတ်သားစရာလေး တစ်ခုရှိတာက မင်းတုန်းမင်း
ကြီးက သူမင်းသားဘဝက စားခဲ့ဖူးတဲ့ မင်းတုန်းမြို့ကလေး ကို အင်္ဂလိပ်လက်က ပြန်တောင်းဖူးတယ်။
အင်္ဂလိပ်က လည်း ပြန်ပေးမယ် ဒါပေမဲ့ အောက်မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းတာမဟုတ်ဘဲ မင်းတုန်းမင်းက
တရားဝင်လွှဲပေး တာဖြစ်ကြောင်း လက်မှတ်ထိုးပေးရမယ်ဆိုပြီး တောင်းဆိုတယ်။
မြန်မာဘုရင် မင်းတုန်းမင်းကြီးဟာ
သူတောင်းတဲ့မြို့ကလေး ကို ပြန်လိုချင်ပေ မဲ့ အောက်မြန်မာပြည်ကို လွှဲပေးပါ တယ်ဆိုတဲ့
စာချုပ်ကို လက်မှတ်ထိုးမပေးနိုင်လို့ သူလိုချင်တဲ့ မြို့ကလေးကို ပြန်မတောင်းတော့ဘူး။
ဒီလိုပဲ ကင်းဝန်မင်းကြီးကလည်း
ဗိုလ်ချုပ်ပရင်ဒါဂတ်ဆီမှာ အောက်မြန်မာပြည် ကို ပြန်ပေးဖို့ သံတမန်နည်းလမ်းနဲ့ ပြန်တောင်းခဲ့ဖူးတယ်။
အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးက "အရှေ့က နေမင်းကြီးထွက်နေသမျှကာလပတ်လုံး အောက် မြန်မာပြည်ကို
ပြန်မပေးနိုင်ပါဘူး…" ဆိုပြီးအကြောင်းပြန်တယ်။ လွတ်လပ်ရေးဆုံးရှုံးလိုက်ရတဲ့ နိုင်ငံတစ်နိုင်ငံ
ကြုံ တွေ့ခဲ့ရတဲ့ ခါးသီးလှတဲ့ အတွေ့အကြုံတွေပေါ့ကွာ။
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ
တတိယစစ်ပွဲကတော့ ညီလေးသိပြီးသား ဖြစ်မှာပါ။ မန္တလေးကို ချီတက်လာပြီး တစ်နိုင်ငံလုံးကို
သိမ်းပိုက်လိုက်တော့တာပါပဲ။ ဒီမှာ ပြောချင် တာက အရှေ့တောင်အာရှမှာ ထိုင်းတွေဟာ ဘယ်သူ့
လက်အောက်မှာမှ ကျွန်မဖြစ်ခဲ့ဖူး ဘူးလို့ ဂုဏ်ယူကြွားဝါလေ့ရှိသလို အဲဒီစကားကို အဟုတ်မှတ်ပြီး
သံယောင်လိုက် ပြောတဲ့ တို့နိုင်ငံက သမိုင်းအစာမကြေတဲ့ လူတချို့လည်းရှိ တယ်။ မြန်မာဘုရင်က
Diplomacy ညံ့ပြီး ထိုင်းဘုရင်က တော်တယ်ပေါ့ကွာ။
တကယ်တော့ ထိုင်းကို
မသိမ်းတာဟာ သူတို့တော်လွန်းလို့မဟုတ်ဘူးညီလေးရေ။ အဲဒီအချိန်က ကမ္ဘာပတ်ပြီး နယ်ချဲ့နေတဲ့
အင်္ဂလိပ်နဲ့ ပြင်သစ်က ထိုင်းကိုနှစ်ဖက်စလုံးက မသိမ်းဘဲ ကြားခံနယ်မြေအဖြစ်ထားဖို့ သဘောတူ
ထားကြလို့ပါ ညီလေးရာ။
အင်္ဂလိပ်-မြန်မာ
စစ်ပွဲတွေမှာ အင်္ဂလိပ်တွေဟာ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့တိုင်းရင်း သားတွေနဲ့ ပန်ချာပီ၊
ဂေါ်ရခါး တချို့ကို အသုံးပြုခဲ့တဲ့အပြင် မြန်မာတော်လှန်ရေး သမားတွေဖမ်းမိလို့ နှိပ်စက်၊
သတ်ဖြတ်တဲ့အခါ အဲဒီတိုင်းရင်းသား တွေကိုပဲ အသုံးပြုလေ့ရှိတယ်။
ဒါ့ကြောင့် အဲဒီတုန်းက
မြန်မာ့တော်လှန်ရေးသမားတွေနဲ့ မြန်မာလူထုဟာ အင်္ဂလိပ်နဲ့ ပလဲနံပသင့်တဲ့ တိုင်းရင်းသား
တွေကို နာကျည်းမုန်းတီးခဲ့ကြတယ်။ "မင်းတို့ မိုးကောင်း တုန်း ရွာထားကြဦးပေါ့ကွာ၊
မင်းတို့ ပထွေးတွေ ပြန်သွားကြ တဲ့အခါကျမှ တွေ့ကြ တာပေါ့…" လို့ ကြိမ်းဝါးထားကြတယ်လို့
ဆိုတယ်။
နောက်မှတ်သားစရာတစ်ခုက
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ တနင်္သာရီဒေသကို သိမ်းပြီး အဲဒီက ထားဝယ် သား၊ မြိတ်သားတွေကို
ဘာသာရေးအရ စည်းရုံးတာ မအောင်မြင်တော့ ပီနန်ကျွန်းကတရုတ်တွေကို ခေါ်လာပြီး တနင်္သာရီဒေသ
မှာ နေရာချပေးလိုက်တယ်။ အဓိပ္ပာယ်ကတော့ ဒီလောက်တောင် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားချင်
တဲ့ ကောင်တွေ ပျက်စမ်းဟ လူမျိုးဆိုပြီး အစ်ကိုတို့ လူမျိုးရဲ့ဇာတိကို ဖျက်ပစ်လိုက်တာပဲပေါ့။
ဒါပေမဲ့ အင်္ဂလိပ်အကြံ
မအောင်မြင်ပါဘူး။ သူတို့လုပ်ခဲ့လို့ တနင်္သာရီတိုင်းသား အတော်များများ တရုတ်သွေးနှော
သွားကြပေမဲ့ သူတို့လိုချင်တဲ့ တရုတ်စိတ်တော့ ပေါက်မသွားကြဘူး။ ချွင်းချက်တချို့တော့ရှိတာပေါ့လေ၊
ထားပါ တော့။
နောက် ၁၉၁၄-၁၉၁၈
မှာ ပထမ ကမ္ဘာစစ်ဖြစ်တယ်။ အဲဒီစစ်ပွဲမှာ မြန်မာနိုင်ငံက စစ်သည် ၂၀၀ ကျော်စုဆောင်းပြီး
မက်ဆိုပိုတေးမီးယားဒေသမှာ အင်္ဂလိပ်အတွက် စစ်တိုက်ပေးခဲ့ရတယ်။ အဲဒီအဖွဲ့မှာ ရေနံမြေက
သခင်ဖိုးလှကြီးနဲ့ နန်းတော်ရှေ့ ဆရာတင်တို့ပါသွားခဲ့ကြတယ်။
ပြီးတော့ ၁၉၃၉-၁၉၄၅
ဒုတိယကမ္ဘာစစ်ဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားလာတာ အင်္ဂလိပ်အခက်၊ ဗမာ့ အချက် ဆိုသလို
မြန်မာလူငယ်တွေဟာ မီနာမီကီကန်း အဖွဲ့နဲ့ ဆက်သွယ်မိပြီး ၁၉၄၁ အေ ၂၅ ရက်နေ့ကနေ အောက်
၅ ရက်နေ့အထိ ဟိုင်နန်ကျွန်း မှာ စစ်ပညာသင်ခဲ့ကြတယ်။ ၁၉၄၅ အောက်တိုဘာမှာ ဂျပန်လက်နက်ချပြီး
ဒုတိယ ကမ္ဘာစစ်လည်းပြီးဆုံးသွားတယ်။
အဲဒီနောက်ပိုင်း
၁၉၄၈ မှာလွတ်လပ်ရေးရရော ဆိုပါတော့။ ဇန် ၄ ရက်နေ့မှာ လွပ်လပ်ရေးရတယ်။ နောက်တစ်နေ့ ဇန်
၅ ရက်နေ့မှာ ကရင်တွေ ဆန္ဒပြကြတယ်။
လွတ်လပ်ရေးမရခင်
ဂန္ဒီစာချုပ်အရ မြန်မာ့တပ်မတော်ကို အရာရှိ ၂၀၀၊ စစ်သည် ၅၂၀၀ နဲ့ ဖွဲ့စည်းခဲ့တယ်။ လွတ်လပ်ရေး
ရပြီးပြီးချင်း မြန်မာ့တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဟာ ကရင်အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းဖြစ်တယ်။
အဲဒီအချိန်က မြန်မာ့တပ်မတော်ရဲ့ဖွဲ့စည်းပုံက
ဗမာတပ်နဲ့ တခြားတိုင်းရင်းသားနာမည်နဲ့ တပ်တွေအတိုင်းဖွဲ့စည်း ပေးခဲ့တယ်။ တပ်ရင်းမှူးတွေက
ဗြိတိသျှအရာရှိတွေဖြစ် ပြီး နောင်တပ်ရင်းမှူးအဖြစ်လျာထားတဲ့ မြန်မာတပ်မှူးတွေ ကိုတော့
ဒုတပ်ရင်းမှူးတွေ အဖြစ် ခန့်အပ်ခဲ့တယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်းကို သနက လို့အတိုခေါ်ရအောင်။
၁။ သနက (၁) (
ဗြိတိသျှတပ်ကလာတဲ့သူတွေနဲ့ မျိုးချစ်ဗမာ့တပ်မတော်ကလာသူများရော)
၂။ သနက (၂) (
ကရင် တပ်ခွဲနှစ်ခွဲ၊ ကချင် တပ်ခွဲ တစ်ခွဲ၊ ချင်းတပ်ခွဲ တစ်ခွဲ - ဗမာမပါ)
၃။ သနက (၃)*
( ဗိုလ်မှူးကျော်ဇော - ဗကပ တောခို)
၎။ သနက (၄)*
( ဒုတိယ ဗိုလ်မှူးကြီးနေဝင်း - ဗိုလ်ချုပ်ကြီးနေဝင်း)
၅။ သနက (၅)*
( ဗိုလ်မှူးဇေယျ - ဗကပတောခို ကျဆုံး)
၆။ သနက (၆) (ဒုဗိုလ်မှူးကြီးဇေယျ
- ဗကပတောခို ကျဆုံး)
၇။ တိုင်းရင်းသား
တပ်ရင်းများ
၈။ အမှတ် (၄)
ခြေလျင်တပ်ရင်း (ဂေါ်ရခါး စစ်သည်များဖြင့်သာ ဖွဲ့စည်းထား)
၉။ အမှတ် (၁)
မြေပြင်ပစ်အမြောက်တပ်ရင်း (ဗမာ၊ ကရင်နဲ့ ကပြားများရော)
၁၀။ ဘီအီးတပ်၊
အချက်ပြဆက်သွယ်ရေးတပ်၊ အခြားလက်ရုံးတပ်များ
ဗမာ့သေနတ်ကိုင်
တပ်ရင်း ၆ ရင်းမှာ ခရေပွင့်ပြထားတဲ့ သနက ၃၊ သနက ၄နဲ့ သနက ၅ တပ်ရင်းသုံးရင်းဟာ မူလ ပထမ
စတင်ဖွဲ့စည်း ခဲ့တဲ့ ဗမာတွေရဲ့တပ်ဖြစ်တယ်။ကျန်တာက တိုးချဲ့တပ်ရင်းတွေဖြစ်တယ်။
သနက ၁ မှာ အင်္ဂလိပ်တပ်ကလာတဲ့သူတွေနဲ့
မျိုးချစ်ဗမာ့တပ်မတော် ကလာတဲ့သူတွေ ရောထွေးနေတယ်။ သနက ၂ မှာတော့ အမှတ် ၂ ဗမာ့သေနတ်ကိုင်တပ်ရင်းလို့ခေါ်ပေမဲ့
ဗမာ တစ်ယောက်မှ မပါဘူး။ သနက ၆ ကတော့ အမှတ် (၁) မြေပြင်ပစ်အမြောက်တပ်ရင်းကို ဖျက်သိမ်းပြီး
ပြန်လည် ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ဒါ့ကြောင့် သနက ၅ က ဒုရင်းမှူး ဗိုလ်မှူးဇေယျဟာ သနက
၆ ကို ဒုဗိုလ်မှူးကြီးအဖြစ် ရောက်လာတာဖြစ်တယ်။
သနက ၁ ဟာ ၁၉၄၈
သြဂုတ်လမှာ တောခိုသွားပြီး သနက ၃ ဟာ သြဂုတ်လ ၁၀ ရက်မှာ တောခိုသွားခဲ့တယ်။ နောက်ပိုင်း
သနက ၆ ကလည်း အင်အား ၆၀ လောက်တောခိုသွားခဲ့တယ်။
ကရင်တွေဟာ လွတ်လပ်ရေးမရခင်
၁၉၄၇ ခုနှစ်ကတည်းက KNDO (Karen National Defense Organization) ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုတယ်။
အဲဒီကာလတလျှောက်
အစိုးရတပ်နဲ့စင်ပြိုင်လက်နက်ကိုင်အဖွဲ့တွေမှာ KNDO ဟာ အင်အား အတောင့်တင်းဆုံးဖြစ်တယ်။
အင်္ဂလိပ်က ကရင်တွေအတွက် လက်နက်တွေထားပေးခဲ့လို့ KNDO အဖွဲ့ ကြီး တောင့်တင်းနေတာလည်းဖြစ်တယ်။
၁၉၄၈ လွတ်လပ်ရေးရကတည်းက
တအုံနွေးနွေးဖြစ်နေတဲ့ KNDO တွေဟာ ၁၉၄၉ ဇန်နဝါရီလ ၃၀ ရက်မှာ အင်းစိန် မြို့ကို စတင်တိုက်ခိုက်ပြီး
ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်။ ဇန်နဝါရီလထဲမှာပဲ တောင်ငူမှာ ရှိတဲ့ တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီး စောမင်းမောင်ဦးစီး အမှတ် ၁ ကရင်သေနတ်ကိုင်တပ်ရင်း က တောင်ငူကို သိမ်း
လိုက်ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမြမောင်ဦးစီး အမှတ် ၂ ကရင်သေနတ်ကိုင် တပ်ရင်းက
သူတပ်စွဲထားတဲ့ ပြည်မြို့ကို သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲ အကြောင်းတွေ ကိုတော့ စာအုပ်တွေမှာလည်းပါနေတာဆိုတော့
အသေးစိတ်မပြောတော့ဘူး ညီလေး။
တစ်ခုရှိတာက အစ်ကို့မိတ်ဆွေကရင်အမျိုးသားတစ်ယောက်ကပြောဖူးတယ်ညီလေးရေ၊
ကရင်တွေ လက်နက်ကိုင် ရတဲ့ မူလရည်ရွယ်ချက်က သူပုန်ထဖို့လုံးဝမဟုတ်ဘူး လို့ဆို တယ်။
ကိုလိုနီခေတ်တစ်လျှောက်လုံးအင်္ဂလိပ်နဲ့
ပေါင်းပြီး ဗမာ့တော်လှန်ရေးသမားတွေ ကိုနှိပ်စက်ခဲ့တာဆိုတော့ ဗမာတွေ ကလည်း "မင်းတို့ပထွေးတွေရှိနေတုန်း
လုပ်ထားဦးပေါ့ကွာ၊ မင်းတို့ပထွေးတွေပြန်တဲ့အခါကျမှ တွေ့ကြသေးတာပေါ့" လို့ကြိမ်းဝါးထားတာကိုး..။
ဒီတော့ သူတို့ဘိုးဘွားတွေဟာ
ဗမာတွေပြန်ပြီးလက်စားချေမှာကို စိုးရိမ်ကြောက်ရွံ့လို့ လက်နက်ကိုင်ရတာပါ၊ နောက်ပိုင်း
အင်အားကြီးလာမှ ဖေါက်ပြန်ပြီး မူလရည်ရွယ်ချက် မဟုတ်တဲ့သူပုန်ထတဲ့ဘက်ကိုရောက်သွားရတာလို့
ဆိုပါတယ်။
အဲဒီမိတ်ဆွေဟာ
အစ်ကိုတွေ့ဖူးတဲ့အစွန်းရောက်ကရင်တိုင်းရင်းသားတချို့လို အင်းစိန်တိုက်ပွဲဟာ ဗမာတွေကြောင့်
ဖြစ်ရတာပါလို့တော့ပုံမချဘူး။ KNDO အင်အားကြီးသွားလို့ ဖြစ်ရတာပါလို့ပဲ သုံးသပ်တယ်။
ပြောချင်တာက ဒီကနေ့အထိ
မငြိမ်းနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာတွေရဲ့ သံသယကြီးထွား မှုတွေဟာ
အဲဒီအချိန်ကတည်းက စခဲ့တာပဲ ညီလေး။
နိုင်ငံတော်ရဲ့
အဓိကအရေးအကြီးဆုံးလက်နက်ကိုင် အဖွဲ့အစည်းကြီးဖြစ်တဲ့ တပ်မတော်ကို အဲဒီလို တိုင်းရင်းသား
နာမည်တွေနဲ့ ဖွဲ့စည်းပေးခဲ့တာကိုက အင်္ဂလိပ်ရဲ့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ စီမံချက်ပေါ့ကွာ။
ကရင်အမျိုးသားတွေကို
လက်နက်တွေ တိတ်တဆိတ်ပေးခဲ့ပြီး သွေးထိုးပေးခဲ့ပေမဲ့ အဲဒီခေတ်က ဗမာ့တပ်မတော်ကို တော့
ဖွဲ့စည်းပုံအတိုင်းပဲ လက်နက်တပ်ဆင်ပေးခဲ့ပြီး ပိုတဲ့အမြောက်တွေကို ပင်လယ်ထဲပစ်ချခဲ့သတဲ့လေ။
လွတ်လပ်ရေးနဲ့အတူ
မပြည့်မစုံနဲ့ မွေးဖွားလာခဲ့ရတဲ့ တပ်မတော်ဟာ အဲဒီကာလက KNDO အပါဝင် သောင်းကျန်း သူ မျိုးစုံကို
အလူးအလဲ ကာကွယ်ခဲ့ရတယ်။ အင်အားယဲ့ယဲ့သာရှိတဲ့ တပ်မတော်ကို တက္ကသိုလ်ကျောင်းသားတွေ၊ တောင်သူ
လယ်လုပ် ဓားမခုတ်နဲ့ ပြည်သူတွေ ဝင်ပြီးအားဖြည့်ခဲ့ကြရတယ်။
ကိုယ့်ထီးကိုယ့်နန်း
ကိုယ့်ကြငှန်းနဲ့ ခိုင်ခိုင်မာမာရပ်တည်လာတဲ့ အစ်ကိုတို့နိုင်ငံဟာ အင်္ဂလိပ်က သုံးကြိမ်စစ်ခင်းပြီး
သိမ်းပိုက်တာ ခံခဲ့ရတဲ့အပြင် လွတ်လပ်ရေးရခါ စ ပြည်တွင်းသောင်းကျန်းမှုကြောင့်လည်း လွတ်လပ်ရေးပြန်ပြီး
ဆုံးရှုံး ရလုနီး ပါး ဖြစ်ခဲ့ရတယ်။ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုတွေပျက်ပြားခဲ့ကြတယ်။
အဲဒီလို မထင်မှတ်တဲ့အချိန်မှာခံလိုက်ရတဲ့
မြန်မာ့တပ်မတော်ဟာ Shock ဖြစ်သွားပြီး သမိုင်းသင်ခန်းစာ ကောင်း ကောင်း ရသွားတယ်လို့
အစ်ကိုတော့မြင်တယ်။
ငါတို့တပ်မတော်အင်အားချိနဲ့နေလို့
လွတ်လပ်ရေးဆုံးရှုံးလုနီးပါး အခြေအနေဆိုး မျိုးနဲ့ကြုံခဲ့ရတယ်။ ဒါဟာ သင်ခန်း စာပဲဖြစ်တယ်၊
နောင်ဒီလိုမကြုံရအောင် တပ်မတော် အင်အားတောင့်တင်းအောင် ဘယ်လိုလုပ်ရမလဲလို့ တပ်မတော်
ခေါင်းဆောင်တွေ အမြဲစဉ်းစားကြံစီနေမှာ အမှန်ပဲ။
၁၉၄၈ ကနေ ၁၉၅၈
အထိ အစ်ကိုတို့နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တယ်။ ၁၉၅၈ မှာ ဝန်ကြီးချုပ်
ဦးနုက နိုင်ငံတော်ကိုမထိန်းသိမ်းနိုင်တော့လို့ ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲပေးခဲ့ပြီး
ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရ နာမည်နဲ့ ၁၉၅၈ ကနေ ၁၉၆၀ အထိ တိုင်းပြည်ကို
ထိန်းသိမ်းခဲ့ပြီး ၁၉၆၀ မှာ ရွေးကောက်ပွဲ ပြန်ပြီး ကျင်းပပေးခဲ့တယ်။
၁၉၆၀ ကနေ ၁၉၆၂
မတ်လ ၂ ရက်နေ့မတိုင်ခင်အထိ ဦးနုရဲ့ ပထစ ခေါ် ပြည်ထောင်စု အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး
၁၉၆၂ မတ်လ ၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက
နိုင်ငံတော်အာဏာကို သိမ်းခဲ့တယ်။
၁၉၆၃ မှာ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်တယ်။
မအောင်မြင်ဘူး။ ၁၉၇၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ပြီး တစ်ပါတီစနစ်နဲ့အုပ်ချုပ်ခဲ့တယ်။
၁၉၈၈ မှာ ၈၈ အရေးအခင်းလို့ခေါ်တဲ့
အထွေအထွေသပိတ်ကြီး ပေါ်လာပြီး မဆလအုပ်ချုပ်ရေး ယန္တရားပျက်ပြားသွားခဲ့တယ်။ ၁၉၈၈ စက်တင်ဘာလ
၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းခဲ့တယ်။
၁၉၉၂-၁၉၉၃ ဝန်းကျင်လောက်ကနေ
အမျိုးသားညီလာခံကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်။
၂၀၁၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပပြီး လက်ရှိအစိုးရက နိုင်ငံတော်ကို
အုပ်ချုပ်နေတယ်။
လွတ်လပ်ရေးရတဲ့အချိန်ကစပြီး
အခုလက်ရှိအချိန်အထိ အကြမ်းဖျဉ်းကြည့်လိုက်ရင် ခုနှစ်အလိုက်အောက်ပါအတိုင်း တွေ့ရမယ်။
ဒီနေရာမှာ ပါလီမန်တွေဘာတွေ ထည့်မနေတော့ဘဲ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးတက်လာတဲ့ အစိုးရ
အုပ်ချုပ်တဲ့ကာလကို ဒီမိုကရေစီလို့ပဲ ခေါ်လိုက်ကြစို့။
၁၉၄၈ - ၁၉၅၈ ဒီမိုကရေစီအစိုးရ
၁၉၅၈ - ၁၉၆၀ အိမ်စောင့်အစိုးရ
၁၉၆၀ - ၁၉၆၂ ဒီမိုကရေစီအစိုးရ
၁၉၆၂ - ၁၉၈၈ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
အစိုးရ
၁၉၈၈ - ၂၀၁၀ တပ်မတော်အစိုးရ
၂၀၁၀ - ၂၀၁၄ ဒီမိုကရေစီအစိုးရ
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက
ဒီကနေ့အချိန်ထိ မငြိမ်းနိုင်သေးတဲ့ စစ်ပွဲတွေကို ပြန်ကြည့်ရအောင်…။ အစ်ကိုတို့နိုင်ငံဟာ
လွတ်လပ်ရေးရတာနဲ့ ပြည်တွင်း စစ် နဲ့ နပမ်းလုံးနေရတယ်။
ဘာ့ကြောင့်စစ်ဖြစ်တာလဲ။
နှစ်ခုပဲရှိတယ်။ ဝါဒရေးရာအကြောင်းပြုတဲ့ စစ်ပွဲနဲ့ လူမျိုးရေး ရမယ်ရှာတဲ့ စစ်ပွဲတွေပေါ့။
ဝါဒရေးရာအကြောင်းပြုတဲ့
စစ်ပွဲကတော့ ဗကပပြိုကွဲမှုနဲ့အတူ အဆုံးသတ် သွားပြီ လို့ပြော လို့ရပေမဲ့ ဗကပ လက်ကျန်
တချို့ဟာ ခေတ်သစ် ဗကပလေးတွေ ကို မွေးမြူနိုင်အောင်ကြိုးစားနေကြဆဲပဲ။ သူတို့ရင်ထဲမှာ
သူတို့ယုံကြည်တဲ့ ဝါဒ ကလွဲလို့ ဘာအမျိုးသားရေးအသိစိတ်မှမရှိဘူး။
အဲဒီလို ခေတ်သစ်ကွန်မြူနစ်စနစ်ကို
ပြန်အသက်သွင်းဖို့ကြိုးစားနေတဲ့အုပ်စုမှာ ပညာတတ်တွေရှိနေတာ သတိထား သင့်တယ်။ တပ်မတော်၊
ရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းအသီးသီးနဲ့ ပြင်ကက စာပေလောကအပါအဝင် နေရာပေါင်းစုံမှာ ရှိနေနိုင်တယ်။
အဓိကကြိုးစားနေတဲ့အုပ်စုကတော့ ဗကပဟောင်းကြီးတွေပေါ့။
စစ်အုပ်ချုပ်ရေးထက်
အဆပေါင်း များစွာဆိုးရွားလှတဲ့ ကွန်မြူနစ်ခေတ် ကြီးရောက်မလာအောင် တားဆီးဖို့ လူတိုင်းမှာ
တာဝန်ရှိတယ်ညီလေးရေ။
လူမျိုးရေးရမယ်ရှာတဲ့
စစ်ပွဲတွေရဲ့ မူလလက်သည်တရားခံကတော့ အင်္ဂလိပ်ပေါ့ကွာ။ မြန်မာပြည်ကိုသိမ်းပြီး ဗမာ တွေကို
သူတို့မျှော်လင့်ထားသလို ဘာသာရေးနဲ့စည်းရုံးလို့မရတဲ့အခါ ဗမာတွေကို ကောင်းကောင်း ပညာပေးဖို့
တိုင်းရင်းသားတွေကို ဘာသာရေးနဲ့ခွဲထုတ်ပြီး လူမျိုးရေးမုန်းတီးမှုတွေ ရိုက်ထည့်ပေးတော့တာပဲ။
ရှင်းရှင်းပြောရရင်
ပျူခေတ်ကတည်းက ဗမာတွေဟာ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မား တယ်။ အသေးစိတ်ပြော မနေတော့ဘူး။
ဒီတော့ တိုင်းရင်းသားတချို့မှာ ဘယ်သူကမှ မနှိမ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်တွေရှိနေ
ကြတယ်။ ဒါဟာ တကယ်တော့ ကိုယ့်ခံယူချက်နဲ့ပဲဆိုင်ပါတယ်။ ဗမာတွေကတိုင်းရင်းသားတွေကိုနှိမ်တယ်ဆိုတာ
လူတိုင်းမဟုတ်ပါဘူးကွာ။ ဗမာ ဗမာချင်းလည်း ဓနဂုဏ်၊ ဆွေမျိုးဂုဏ်၊ ပညာ ဂုဏ်မောက်ပြီး
တခြားသူကို နှိမ်ချ ဆက်ဆံလေ့ရှိတဲ့သူတွေရှိတတ်သလို တိုင်းရင်းသားတွေထဲမှာလည်း ရှိတာပါပဲ။
ကိုယ့်ကိုယ်ကိုယ်အင်မတန်နှိမ်ချလေ့ရှိတယ်ဆိုတဲ့
ခရစ်ယာန်ဘာသာဝင်တိုင်း ရင်းသားတွေ ထဲမှာလည်း အဲဒီလို စရိုက်ရှိတဲ့သူတွေ အများကြီးရှိပါတယ်။
အစ်ကိုက ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ INGO တစ်ခုမှာ လေးနှစ်နီး ပါး လုပ်ခဲ့ဖူးသလို
အပြင်လောကရောက်မှ တိုင်းရင်းသားပေါင်းစုံနဲ့လည်းပေါင်းသင်းဆက်ဆံဖူးတယ်။
ပုံမှန်အားဖြင့်တော့
တိုင်းရင်းသားတွေဟာ ရိုးသားအေးဆေးတာများပါတယ်။ အခုသူပုန် ထနေတယ်ဆိုတဲ့ အုပ်စု ကတော့
သာမန်တိုင်းရင်းသားတွေထက် အလိုရမ္မက်ကြီး လှတဲ့အုပ်စုဖြစ်ပြီး တိုင်းရင်းသားအရေးကို
အကြောင်းပြ လုပ်စားနေတဲ့သူတွေများတယ်။
သူတို့တွေက ဘယ်လိုလူမျိုးတွေကို
စည်းရုံးလည်းဆိုတော့ သူတို့လိုအလို ရမ္မက်ကြီး သူတွေ၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်ပြီး
ဗမာကို လူမျိုးကြီးဝါဒကျင့်သုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နာကျည်းမုန်းတီးနေတဲ့သူတွေ၊
အလုပ်အကိုင် မယ်မယ်ရရမလုပ် ချင်ဘဲ သေနတ်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရတဲ့အရသာကို
ပျော်မွေ့နေတဲ့သူတွေ မျိုးကို အများဆုံး စည်းရုံးတာပေါ့။ နောက်ပိုင်း လူလိုတဲ့အခါ အဓမ္မစုဆောင်း
တာတွေ ပါလုပ်လာတယ်။
အခုဆို ဘယ်သူ့ကိုမှ
ဂရုမစိုက်ကြတော့ဘူး။ ကချင်ပြည်နယ်မှာနေတဲ့ ရှမ်းနီတွေဆိုရင် သန်းကောင်စာရင်းလုပ်ချင်ရင်
ကချင်ပြည်နယ်မှာ မနေနဲ့လို့တောင် KIA ကထုတ်ဖေါ်ပြောဆိုလာတဲ့အထိ အနိုင်ကျင့်ဗိုလ်ကျ လူပါးဝလာကြတယ်။
တကယ်တော့ ဒီကနေ့ရှမ်းနီတိုင်းရင်းသားအများစုနေတဲ့ဒေသဟာ
ရှမ်းနီတွေရဲ့ ကိုယ်ပိုင်နယ်မြေဖြစ်ပါတယ်။ ညီလေးလည်း တပ်မတော်သားတစ်ယောက်ပဲ မြို့၊
ရွာနာမည်တွေကို ရွတ်ကြည့်စမ်းပါဦး မိုးကောင်း၊ ဆားမှော်၊ ပင်းဘော၊ ဟိုပင်၊ မိုးညှင်း၊
မော်ဟန်၊ မော်လူး၊ ဗန်းမော် စသဖြင့်ပေါ့။ အားလုံးရှမ်းနာမည်တွေချည်းပဲ။
ABSDF မြောက်ပိုင်းလူသတ်ပွဲက
မျိုးဝင်းတို့ သံချောင်းတို့လို ရှမ်းနီမျိုးတွေရှိပေမဲ့ ရှမ်းနီအမျိုးသားတွေကို အစ်ကို
တော့ ကိုယ်ချင်းစာတယ်။
လိုရင်းပြောရရင်
အစွန်းရောက်လက်နက်ကိုင်တွေမှာ ပြည်ထောင်စုစိတ်ဓါတ်မရှိဘူး။ သူတို့မှာ ရှိနေတာက ဗမာ
မုန်းတီးစိတ်နဲ့ ဗမာတွေကို ဘယ်လိုနည်းနဲ့ ခြေမှုန်းရမလဲ ဆိုတဲ့ အမုန်း၊ အငြိုး၊ အာဃာတတွေပဲရှိတယ်။
မြန်မာနိုင်ငံကို
ကရင်တွေသိမ်းတဲ့အချိန်က သစ္စာရှိကရင်တွေလည်းရှိပါတယ်။ ဒီလိုပဲ သနက ၂ က သစ္စာရှိ ကချင်
တွေရှိသလို မေမြို့ကိုသိမ်းခဲ့တဲ့ ကရင်စစ်သည်တွေကို ဦးဆောင်ခဲ့တဲ့ ဗိုလ်နော်ဆိုင်းလို
သစ္စာဖေါက် ကချင်လည်း ရှိတာပဲ။ ချင်းစစ်သည် အများစုဟာ ဗမာတပ်တွေနဲ့ပေါင်းပြီး ပြည်ထောင်စုရန်ကို
ကာကွယ်ခဲ့ကြတာမှန်ပေမဲ့ ချင်းစစ်သည် တစ်ဝက်လောက်ကတော့ ယုံကြည်သူချင်း (ခရစ်ယာန် အချင်းချင်း)
မို့လို့ ကရင်တွေကို မတိုက်နိုင်ပါ ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်တွေ ထားခဲ့ပြီး
တောင်ပေါ်ကို ပြန်တက်သွားကြသတဲ့။
ဒါတွေကို ခေတ်အဆက်ဆက်
သမိုင်းအတွေ့အကြုံပေါင်းများစွာဖြတ်သန်း လာခဲ့တဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင် တွေ ကောင်းကောင်းသဘောပေါက်တယ်။
ဒီတော့ ညီလေးပြောတဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်ပြီး
အစ်ကို့အမြင်တွေကိုပြောပါ့မယ်။
ညီလေးပြောသလို
ထင်းမီးသွေးတွေ သုံးမဲ့အစား နိုင်ငံခြားကိုရောင်းတဲ့ သဘာဝ ဓါတ်ငွေ့တွေ သုံးလို့မရဘူးလား
ဆိုတာ အစ်ကိုတို့ညီလေးတို့တွေး သလို နိုင်ငံတော် အကြီး အကဲတွေ၊ တပ်မတော်ခေါင်းဆောင်တွေ
မသိဘဲနေပါ့ မလား ညီလေး…။ ညီလေးစဉ်းစားကြည့်ပါဦး။
သိပ်သိတာပေါ့
ညီလေး။ ဒါ့ဖြင့် ဘာဖြစ်လို့ အဲဒီလို နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ မလုပ်သလဲ။
ဘာဖြစ်လို့လဲဆိုတော့
အဲဒီအရေးကိစ္စတွေထက် အနာဂတ်မှာ ဗမာတွေကို ဝိုင်းပတ်တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကိုထိထိရောက်ရောက်
ကာကွယ်နိုင်ဖို့အရေးက ပိုအရေးကြီးလို့ပဲပေါ့ ညီလေးရေ…။
ရှင်းရှင်းပြောရရင်
အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေး အတွက်ပဲ ညီလေး။ ဒီကနေ့ ခေတ်မီလက်နက်တွေ၊
နည်းပညာတွေအားလုံး ဟာ ရွှေနဲ့ စက်ပြီးဝယ်ရတာလေ။ အဲဒီအတွက် ငွေတွေအများကြီးလိုတယ်။
အဲဒီလိုတောင့်တင်းတဲ့
စစ်တပ်ဖြစ်အောင် တည်ဆောက်ရတာက လည်း ပြည်ပရော၊ ပြည်တွင်း ရန်ကိုရော ကာကွယ်ဖို့လိုအပ်လို့ပေါ့။
တချို့ကိစ္စတွေက စာချုပ်တွေ၊ ကတိကဝတ်တွေနဲ့လုပ်ရတာလေ။ အရင် စစ်အစိုးရ လက် ထက်ကတည်း က
လုပ်လာကြတဲ့ အလုပ်တွေလေ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေးထက် Survival strategy ခေါ် မိမိလူမျိုးရှင်သန်ရပ်တည် ရေးက ဦးစားပေးနံပတ်
၁ အရေးကြီးတယ်မဟုတ်လား။
ဗမာလူမျိုးရှင်သန်ရပ်တည်ရေးဟာ
မြန်မာနိုင်ငံရှင်သန် ရပ်တည်ရေးနဲ့ တစ်ထပ်တည်းကျတယ်လေ။ ဗမာလူမျိုးတွေ တိုင်းရင်းသားတွေကို
ရှုံးနိမ့်သွားတဲ့နေ့ဟာ မြန်မာပြည် ပျောက်ကွယ်သွားဖို့ အစပျိုးတဲ့နေ့ပဲလို့ အစ်ကိုတော့ပြောချင်တယ်။
ဒီကနေ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြောနေတဲ့
ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတာကြီး ကို ညီလေးယုံလို့လား။ ဗမာတစ်ယောက်အနေနဲ့
ယုံချင်တယ်ဆိုရင်တောင် သူတို့မျက်ဝန်းတွေကိုကြည့်ပြီး ကိုယ့် နောက်ကျောကိုယ် ပြန်ပြန်စမ်းမိတယ်။
အစ်ကိုနဲ့ခင်တဲ့
တိုင်းရင်းသားမိတ်ဆွေတချို့က သူတို့မြန်မာနိုင်ငံက အချိန်မရွေးခွဲထွက် ခွင့် ရှိကြောင်း
မကြာခဏ ပြောလေ့ရှိကြတယ်။ ဒါတောင် သာမန်မိတ်ဆွေတွေနော်… ၊ တောထဲက လက်နက်ကိုင်အဖွဲ့တွေမဟုတ်ဘူး။
တပ်မတော်ခေါင်းဆောင်တွေဟာ
တိုင်းပြည်နိုင်ငံရေးစနစ်ပြောင်းဖို့ အားလုံးပြင်ဆင်ထားတယ်လို့ အစ်ကို ထင်ပါ တယ်
..။ အဲဒီလိုပြင်ဆင်ရာမှာ စီမံချက်ရှိပြီးသားလို့လည်းထင်တယ်။ ညီလေးစဉ်းစားကြည့်လေ အစ်ကိုတို့
တပ်မ တော်မှာ စီမံချက်မရှိဘဲနဲ့ ဘာတစ်ခုမှမလုပ်ဘူးလေကွာ။
အဲဒီစီမံချက်ထဲမှာ
တောင့်တင်းခိုင်မာတဲ့စစ်အင်အားကို ပထမဦးဆုံးတည်ဆောက်ထား ဖို့ကဦးစားပေးပဲဖြစ်လိမ့်မယ်။
ဒါဟာ ပြောင်းလဲလာတဲ့
ခေတ်အခြေအနေရယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ လူ၊ လက်နက် အင်အား တိုးချဲ့မှုအခြေအနေတွေရယ်ကို
တင်ကြိုတွက်ဆပြီး မှ ဆောင်ရွက်ခဲ့တာဖြစ်နိုင်ပါတယ်။
ဒီကနေ့တိုင်းရင်းသား
လက်နက်ကိုင်တွေကိုကြည့်၊ UWSA (United Wa State Army) ခေါ် ဝတွေသာမက KIA မှာပါ လက်နက်စက်ရုံတွေရှိနေတယ်။
ကျန်တဲ့တိုင်းရင်း သား သူပုန်တွေဆိုတာလည်း သူတို့အင်အားကို အမြဲဖြည့် တင်းနေတာ ညီလေးသိမှာပါ။
ပြောရမယ်ဆိုရင်
သူတို့သူပုန်တွေက အစ်ကိုတို့တပ်မတော်ကို အယုံအကြည်မရှိသလို တပ်မတော်ကရော သူတို့ကို
ယုံမတဲ့လား။ အဲဒီလောက်တုံးမှတော့ မြန်မာ့ တပ်မတော်ပြိုကွဲသွားတာ ကြာလှပေါ့။ ယုံကြည်မှုတည်ဆောက်တယ်
ဆိုတာ တစ်ဖက်သတ်လုပ်လို့ရတဲ့အရာမှမဟုတ်တာ။
ဒါ့ကြောင့် ဒီသဘာဝဓါတ်ငွေ့တွေ၊
ရွှေတွေရောင်းနေရတာ ကိုယ့်လူမျိုးကိုစေတနာ မရှိလို့မဟုတ်သလို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
နားမလည်လို့လည်း မဟုတ်ပါဘူးညီလေးရေ။ ကိုယ့်လူမျိုးရှင်သန်ရပ်တည်ရေး အတွက်ပါ။ အဲဒါကိုတော့
ညီလေးယုံလိုက်ပါ။
အစ်ကိုတို့တပ်မတော်ခေါင်းဆောင်တချို့
အဂတိလိုက်စားတာ၊ အလွဲသုံးစား လုပ်တာတွေရှိပါတယ်။ သိလည်းသိကြပါတယ်။ ဒါပေမဲ့ ဒါဟာ အဲဒီလို
အမျိုးသားရေး နဲ့ဆိုင်တဲ့ ဘတ်ဂျတ်အသုံးစရိတ်တွေထဲကနေလုပ်တာမဟုတ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော် လောက်က ဒုဝန်ကြီးသား အင်ဂျင်နီယာတစ်ယောက်နဲ့ အစ်ကိုစကားပြောခဲ့ဖူးတယ်။
သူ့ဆီကနေ ရိပ်ဖမ်းသံဖမ်း သိခဲ့ရတာကတော့ အစ်ကိုအခုညီလေးကိုပြောတဲ့အတိုင်းပါပဲ။
အစ်ကိုတို့ခေါင်းဆောင်ကြီးတွေ
ဘယ်လောက်လာဘ်စားတယ်ပြောပြော အမျိုး၊ ဘာသာ၊ သာသနာ အတွက်ရည်စူး ပြီး ကာကွယ်ရေးအတွက် ဒီကနေ့အချိန်အထိ
သုံးစွဲနေတဲ့ ဧရာမဘတ်ဂျတ်တွေ၊ အသုံးစရိတ်တွေထဲကနေ ဘယ်သူ မှ မထိကြပါဘူး၊ ထိလည်းမထိဝံ့ပါဘူး။
ထိတဲ့သူလည်း အမျိုးသားသစ္စာဖေါက်အဖြစ် ပြင်းပြင်းထန်ထန် အရေးယူခံရမှာပါ။
ကျန်တာတော့ ပြင်ပစီးပွားရေးသမားတွေနဲ့ပေါင်းပြီး
လုပ်စားတာတွေ၊ ဖေါက်ပြန်ကြ တာတွေရှိကြတာ အများ အသိ ပါပဲ။ ဒါတောင် ရိုးသားတဲ့ စစ်ခေါင်းဆောင်တွေ
လည်းရှိပါတယ် ညီလေးရေ…။
ဘာပဲလုပ်လုပ်
ပြည်သူကိုအသိပေးလို့မဖြစ်ပါဘူးညီလေး။ ပြည်သူဆိုတာ ဘာလဲ။ ဘသိန်းတင်လည်း ပြည်သူပဲ လေ။
ဂွမ်မော်လည်းပြည်သူပဲ။ ဒီလိုပဲ မျိုးဝင်း၊ သံချောင်း၊ လဆိုင်းလည်း ပြည်သူပဲ။ မိုးသီးဇွန်တို့
မိုးဟိန်းတို့ လည်း ပြည်သူပဲမဟုတ်လား။ နာဂစ်တုန်းက ခြေလက်တွေဖြတ် ပစ္စည်းယူပြီး မုဒိန်းကျင့်တဲ့သူတွေလည်း
ပြည်သူပဲ။ ဒီတော့ တိုင်းပြည်မှာ အရေးအကြီးဆုံးဖြစ်တဲ့ အမျိုး၊ ဘာသာ၊ သာသနာအတွက် ရည်မှန်းပြီး
နိုင်ငံတော်ကာကွယ်ရေး အတွက် ခေတ်နဲ့အညီ ရင်ဘောင် တန်းနိုင်အောင်တိုးချဲ့ရမယ့်ကိစ္စတွေကို ဘယ်လိုနည်းနဲ့မှ
transparency မလုပ်နိုင်ဘူးလေ…။ ဒါဟာ အမှန်တရားပဲ၊ ဒါဟာ ပကတိအရှိတရားပဲ၊ ဒါဟာ မွေးရာပါအသိစိတ်နဲ့
နားလည်ရမယ့် နိုင်ငံသားတစ်ယောက်ရဲ့ သစ္စာစောင့်သိမှုပဲ။
အစ်ကိုတို့မြန်မာ
(ဗမာ) တွေဟာ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ဒီလိုအခြေ အနေတွေဖြစ်အောင်ဖန်တီးလာတာ ဗမာ တွေက
ဖန်တီးလာတာမဟုတ်ပါဘူး။ ဗမာတွေဟာ အလစ်အငိုက်ခံခဲ့ရဖူးတယ်။ ဗမာပြည်ကြီးတစ်ခုလုံး သမိုင်း
အလှည့်အပြောင်း ဖြစ်သွားလုနီးပါး ခံခဲ့ရဖူးတယ်။
တစ်ခါသေဖူးတဲ့
ဗမာတွေဟာ ပျဉ်ဖိုးနဲ့ သံဖိုးသာမက လက်သမားခရော၊ ဘုန်းကြီးပင့်ဖို့စရိတ်ရော၊ ဧည့်ခံကျွေးမွေး
စရိတ်တင်သာမက ဆိုင်းငှားခပါ ထည့်တွက်တတ်သွားပြီလေ။ ဒီကိစ္စတွေဟာ မပြောချင်ပေမဲ့လည်း
အကြောင်းတိုက် ဆိုင်လာတော့ မဖြစ်မနေပြောနေရတယ်။
ရှေးမြန်မာမင်းအဆက်ဆက်
လက်ထက်ကတည်းက ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတွေကို သဘောထားကြီးစွာ နဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ကြတယ်။
ဒါပေမဲ့ အစွန်းရောက် တိုင်းရင်းသားတချို့ အပါအဝင် ဘာသာခြားတချို့ ဟာ အစ်ကိုတို့ ဗမာလူမျိုးတွေနဲ့
ဗုဒ္ဓဘာသာရဲ့ ဖြစ်တည်မှုတွေကို ခြိမ်းခြောက်လာကြတာ ညီလေးအမြင်ပဲ။
ဒီတော့ အစ်ကိုပြောင်ပဲပြောပါမယ်။
အခုတောထဲကနေ ငြိမ်းချမ်းရေးယူထားတဲ့အုပ်စုအသီးသီး
နဲ့ နိုင်ငံရေးအဖွဲ့အစည်း တချို့တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ
မဖြစ်နိုင်ပါဘူးညီလေး။ ဒါကိုမှ မရလို့ ဆက်ချကြမယ်ဆိုလည်း ချရုံ သာ ရှိတော့မပေါ့။ ဒါအမှန်ပဲ
အစ်ကိုပြောတာမယုံရင် စောင့်ကြည့်ပေါ့။
အခုလို ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနေတဲ့ကာလမှာ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လူအင်အား၊ လက်နက် အင်အားတိုးချဲ့မယ်ဆိုတာ တပ်မတော်က
မသိဘဲ မနေပါဘူး။
အဲဒီလိုအခြေအနေကို
အေးအေးဆေးဆေး လွှတ်ထားတယ်ဆိုတာ ဝှက်ဖဲမရှိဘဲ ဘယ်သူမှလွှတ်မထားပါဘူး။ ဆိုလိုတဲ့သဘောက ဘယ်လောက်ပဲ
တိုးချဲ့တိုးချဲ့ တကယ်တမ်းတရားဝင် စစ်ပွဲကြီး ပြန်ဖြစ်ကြပြီဆိုရင် အဲဒီစစ်ပွဲတွေအတွက်
လုံလောက်တဲ့အင်အား တပ်မတော်မှာ အပြည့်အစုံရှိတယ်ဆိုတဲ့ သဘောပါပဲ။
အနှစ်အစိတ်ကျော်
အာဏာသိမ်းထားပြီး အလကားထိုင်နေတာမှ မဟုတ်ဘဲ။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ပြီး
Upgrade လုပ်ထားတဲ့ တပ်မတော်ပါ။ တပ်မတော်နေ့မှာ ထုတ်ပြတဲ့ ဒုံးကျည်လေးနည်းနည်းပါးပါးကို
ကြည့်ပြီး တပ်မတော်ရဲ့အင်အားကို Assessment လုပ်လိုက်ရင် မှားသွားမှာပေါ့။
စစ်ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့
စစ်ခေါင်းဆောင်တွေကို ပြင်ပက ဟိုဟို ဒီဒီ စာတိုပေစဖတ်ပြီး ဘယ် လက်နက်က ဘယ်လောက်မြင့်တာ၊
ဘယ်နိုင်ငံကို မယှဉ်နိုင်ပါဘူး၊ ဘာတွေမလုပ်နိုင်သေးပါဘူးလို့ဝေဖန်နေတာ ကြည့်ရတာ တခါတခါတော့လည်း
မျက်စိထဲ၊ နားထဲ အတော့ကို ကိုးလိုးကန့်လန့်နိုင်ပေတာကလား။
၂၀၀၁-၂၀၀၂ ဝန်းကျင်က
ယိုးဒယားနဲ့ထိပ်တိုက်တွေ့တော့မယ့်အချိန်မှာ ဘုတ်ပြင်းမြို့နယ်ထဲမှာရှိတဲ့ တပ်မတစ်ခုက
တပ်မမှူးက ဝန်ထမ်းတွေကိုပြောသွားတာလေး သတိရတယ်။
"ခင်ဗျားတို့တတွေ
ပြည်သူတွေကို တတ်နိုင်သလောက်အသိပေးပါ။ ကျွန်တော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ထိုင်းက
ကိုယ့်ထက် ချမ်းသာတယ်ဆိုပြီး ကျွန်တော်တို့ပြည်သူအများစုက စိတ်အားငယ်ကောင်း ငယ်နေကြ
လိမ့်မယ်။ ကျွန်တော်ပြောမယ်၊ ထိုင်းတင်မကဘူး၊ အရှေ့တောင်အာရှတစ်ခွင်လုံးက နိုင်ငံတွေနဲ့
စစ်ရေးအရ ယှဉ်ပြိုင်နိုင်တဲ့ လူ၊ လက်နက်၊ ခဲယမ်း၊ နည်းပညာ၊ စစ်ဗျူဟာ အားလုံး ကျွန်တော်တို့တပ်မတော်မှာ
အမြဲအဆင်သင့် ရှိတယ်။ ဒါ့ကြောင့် ဘာမှမစိုးရိမ်ကြပါနဲ့လို့ ပြောပေးကြပါ။ ကျွန်တော်
ဒီလောက်ပဲပြောချင်တယ်…" တဲ့။
ဒီကနေ့ နိုင်ငံတော်အစိုးရနဲ့
တပ်မတော်ခေါင်းဆောင်တွေဟာ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး အစရှိတာတွေ
အရေးကြီးတာသိပါတယ်..။
ဒါပေမဲ့ အထက်က
အစ်ကိုပြောခဲ့သလို အဲဒါတွေထက်အရေးကြီးတဲ့ လုပ်ပြီးသား အလုပ် တွေကို အရမ်းကာရော ရပ်ပစ်လို့မရဘူးလေ။
ဒါတွေအားလုံးဟာ
ဗမာတွေနဲ့ ဗမာစစ်ခေါင်းဆောင်တွေကြောင့် ဖြစ်လာတာမဟုတ်ပါ။ ရိုးသားလှပါတယ်လို့ ပြောပြီး
နောက်ကျောကို ခဏခဏ ဓါးနဲ့ထိုးတတ် တဲ့ မောင်မင်းကြီးသားများကြောင့် ဒီလိုဖြစ်လာခဲ့ရတာပါ။
မြစ်ကြီးနားမှာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတုန်း တပ်မတော်သား အရာရှိငယ်လေးကို ခေါင်းဖြတ်သတ်ပြလိုက်တာ
ငြိမ်းချမ်းရေးလိုလားတဲ့သူတွေရဲ့ လုပ်ရပ်လား။
အစ်ကိုက ဗမာဆိုတော့
ဒီလိုကာလမှာ ဗမာစစ်ဗိုလ် တစ်ယောက် ခေါင်းဖြတ် အသတ်ခံလိုက်ရတဲ့ ဖြစ်ရပ်ကို ကမ္ဘာကုန်ကျယ်သ၍
မမေ့နိုင်သလို " အပြော အဆို မတတ်တဲ့ နအဖ စစ်သားတချို့ကတော့ တော်လှန်ရေး
တပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ အသက်ဆုံးပါးခဲ့ရပါ
တယ်…" ဆိုတဲ့ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က RFA အစီအစဉ်တင်ဆက်သူရဲ့ အသံမျိုးကိုလည်း
ဘယ်မေ့နိုင်ပါ့မလဲ။
ပြည်သူကိုအလေးထားရမယ်ဆိုတာမှန်ပါတယ်။
အဲ…ဒါပေမဲ့ လုပ်သမျှ ပွင့်ပွင့် လင်းလင်း ချပြရမယ်ဆိုရင်တော့ ဘိန်းစားဘွန်ဟောင်းလည်းပြည်သူပဲ၊
မာမွတ်ဌေးအောင်လည်း ပြည်သူပဲဆိုတာ မမေ့ပါနဲ့။ နိုင်ငံရေးဆိုတာ ပုံတူကူးချလို့မှမရဘဲ
ညီလေးရေ…။
ဒီလိုပြောလို့
စစ်တပ်ကလုပ်သမျှ မျက်စိမှိတ်ထောက်ခံနေတာတော့ မဟုတ်ဘူး ညီလေး…။ စစ်တပ်ကလုပ်သမျှ အစ်ကို
စိတ်အပျက်ဆုံးကိစ္စက လယ်ယာမြေ သိမ်းတဲ့ကိစ္စပဲ။
တပ်မတော်က သိမ်းဆည်းလယ်ယာမြေတွေပြန်ပေးတယ်ဆိုပေမဲ့
အခုထိမရသေးတဲ့ မူလပိုင်ရှင်တွေအများကြီးပဲ။ အစ်ကိုတို့လူမျိုးကလည်း အာဏာလေးနည်းနည်းရှိရင်
ယစ်မူးချင်တယ်။ စည်းကမ်းမဲ့တယ်။ မဟုတ်တဲ့နေရာမှာ အာဏာပြခွင့်ရတာကို သာယာတတ်ကြတယ်။
ဒါ့ကြောင့် ဒီမိုကရေစီရှိဖို့လိုအပ်တယ်လို့ပြောရတာပေါ့။
ဒီမိုကရေစီသာရှိရင် ဒီလိုထင်ရာစိုင်းလို့မရတော့ဘူးလေ။ စစ်အုပ်ချုပ်ရေးရဲ့ အားနည်းချက်ကို
အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့ လူတချို့ကြောင့် ဒုက္ခပင်လယ်ဝေခဲ့ ရတဲ့ ပြည်သူတွေအများကြီးပဲ
ညီလေး။ တချို့ဆို ဘဝတွေပျက်ကုန်ကြတယ်။
တပ်ကသိမ်းတဲ့မြေ၊
စက်ရုံတွေက သိမ်းတဲ့မြေ၊ တပ်နဲ့ပေါင်းပြီးလုပ်စားတဲ့ ကုမ္ပဏီတွေက သိမ်းတဲ့မြေ စသဖြင့်
မြန်မာပြည်တစ်နံတစ်လျားမှာ ဘယ်နည်းလိမ့်မလဲ။ တချို့တကယ်မဟုတ်ဘဲ လုပ်စားတဲ့သူလည်း ရှိပါလိမ့်မယ်။
ဒါပေမဲ့ ကာလပေါက်ဈေးမပေးဘဲ အာဏာနဲ့သိမ်းတာကတော့ ဒါဟာ ပြည်သူဆီက လုတာ၊ ဓါးပြတိုက်တာပဲ
မဟုတ်လား။
စစ်တပ်ထဲမှာရော
စစ်တပ်နဲ့ဆက်နွယ်ပတ်သက်တဲ့အသိုင်းအဝိုင်းမှာပါ အာဏာအလွဲသုံးစားလုပ်ပြီး ပြည်သူကို နှိပ်စက်ခဲ့တဲ့သူတွေအများကြီး
မဟုတ်လား။
ညီလေးမိဘ၊ အစ်ကိုတို့မိဘတွေဆီက
မြေတွေကိုအခုလို နိုင့်ထက်စီးနင်းအသိမ်းခံရရင် ဘယ်လိုခံစားရမလဲ။ သူများ နိုင်ငံတွေနဲ့
ချွတ်စွပ်တူဖို့မလိုတာမှန်ပေမဲ့ ဒီမိုကရေစီကတော့ ရှိကိုရှိရမယ်လေ…။ ဒီမိုကရေစီနိုင်ငံတွေမှာတော့
အဲဒီလို လက်လွတ်စပယ်သိမ်းချင်တိုင်းသိမ်းလို့မရဘူး။
တိုင်းရင်းသားအရေးကြောင့်
စစ်တပ်ကြီးစိုးမှုအခန်းကဏ္ဍ မဖြစ်မနေအရေး ပါတဲ့ အချိန်မှာ အဲဒီလို အာဏာကို ထင်သလိုသုံးတဲ့ကိစ္စတွေကြောင့်လည်း
ပြည်သူက စစ်တပ်ကိုကြည့်မရဖြစ်လာတာပေါ့ကွာ။ နောင် စစ်ခေါင်းဆောင်မျိုး ဆက်တွေပြင်နိုင်
ပါစေလို့ အစ်ကိုဆုတောင်းပါတယ်။
အမျိုး၊ ဘာသာ၊
သာသနာအတွက် တပ်မတော်ဟာ အဓိကအခန်းကဏ္ဍက အရေး အကြီးဆုံးလက်နက်ကိုင် အဖွဲ့ အစည်းကြီးဖြစ်တယ်ဆိုတာ
ရင်ထဲအသည်းထဲက နားလည်ပြီးသားပါ။
ဒါပေမဲ့ သူ့ကိုအားကိုးပြီး
နေနေရတဲ့ ပြည်သူကို ပြန်မနှိပ်စက်မိဖို့ကလည်း အသက်တမျှ အရေးကြီးတယ်လို့သာ ပြောချင်ပါတယ်
ညီလေးရေ…။
ရဲကျော်သူရ
ကျေးဇူးပါဗျာ ဖတ်ရတာ အရမ်းတန်ဖိုးရှိပါတယ်။
ReplyDelete