Friday, August 21, 2015

မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ

မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ



စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာလောင်မီးနဲ့တူပါတယ်။မြင်မြင်သမျှအရာအားလုံးကိုဝါးမြိုစားသောက်ဖျက်ဆီးပစ်လိုက်တာ စစ်ပါပဲ။ သားဆုံးတဲ့မိခင်တွေ၊ လင်ဆုံးတဲ့မိန်းမတွေ၊ဖခင်မဲ့တဲ့ရင်သွေးတွေကိုထားရစ်ခဲ့တာစစ်ပါ။အဲဒီစစ်ထဲမှာမှညီအစ်ကိုချင်းခင်းရတဲ့စစ်ကပိုကြေကွဲစရာကောင်းပါတယ်။စစ်မှာဆွေမျိုး၊ဘိုးဘွားမောင့်မှာမရှိဘူးဗျာလို့တောင်တောင်တွင်းရှင်ငြိမ်းမယ်ကစပ်ဆိုခဲ့သေးတယ်မဟုတ်လား။
စစ်ပွဲမှာညီအစ်ကိုချင်းတွေ့ကြရတယ်။မယားညီအစ်ကိုချင်းလည်းတွေ့တတ်ကြလိုသူငယ်ချင်းအချင်းချင်းလည်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရတယ်။ဗကပဖြစ်ခဲ့တဲ့ကဗျာဆရာမမအိနဲ့သားဖြစ်သူတပ်မတော်သားတို့ စစ်ဆင်ရေးတစ်နေရာမှာဆုံခဲ့ကြဖူးတယ်။ကံကောင်းထောက်မစွာသားကိုသတ်တဲ့အမေနဲ့အမေကိုပြန်သတ်မိတဲ့သားမဖြစ်ခဲ့ကြတာပါ။ဒီလိုစစ်ခင်းတဲ့နေရာမှာအဆိုးဆုံးဘဝတွေကတော့စစ်နဲ့တိုက်ရိုက်မပတ်သက်တဲ့မြေဇာပင်တွေပဲပေါ့။တလောကဧရာဝတီ(အင်္ဂလိပ်ပိုင်း)အယ်ဒီတာကျော်စွာမိုးရဲ့“ပြည်သူတွေကိုတောင်းပန်ရမယ်ဆိုတဲ့စာအုပ်တစ်အုပ်ဝယ်လာပါတယ်။ကျွန်တော်တို့ရဲ့အသိဥာဏ်တွေရှင်သန်ဖို့အတွက်ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူတွေရဲ့အသံကိုလည်းနားထောင်သင့်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။စာအုပ်ထဲမှာအင်တာဗျူး၁၆ခုပါပါတယ်။ဦးဝင်းတင်တစ်ယောက်တည်း အင်တာဗျူးက နှစ်ခုဆိုတော့ အတိုက်အခံ ၁၅ ယောက်နဲ့အင်တာဗျူးထားတာပါ။အားလုံးဟာ တောခိုခဲ့ဖူးသူ၊ ထောင်ကျခဲ့ဖူးသူတွေ ချည်းပါပဲ။လူတွေရဲ့ အတွေ့အကြုံတွေ ခံစားချက်တွေကို ကျွန်တော်စိတ်ဝင်စားပါတယ်။ ဒီအထဲမှာမှကျွန်တော့်နှလုံးသားကိုရိုက်ခတ်သွားတဲ့အင်တာဗျူးကတော့“ဒီမိုကရေစီငါးပိသည်လို့ ခေါင်းစဉ်တပ်ထားတဲ့ စာရေးဆရာမ/ ကဗျာဆရာမ နှင်းပန်းအိမ်နဲ့တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးပါ။
ဆရာမနှင်းပန်းအိမ်ဟာသူ့အမျိုးသားကိုနေဦးထောင်ထဲမှာရောက်နေစဉ်အတွင်းအမျိုးသားကိုထောင်ဝင်စာသွားတွေ့နိုင်ဖို့အရေးငါးပိရောင်းတဲ့အခါသူ့ငါးပိကိုကောင်းကောင်း/မကောင်းကောင်းလူတွေကကရုဏာသက်ပြီးဝယ်ယူအားပေးခဲ့ကြပါတယ်။နိုင်ငံရေးသမားတစ်ယောက်ရဲ့ပါရမီဖြည့်ဖက်ဇနီးမယားတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ယောက်ကျားတစ်ယောက်ရဲ့ ရာထူးရာခံကို မက်ပြီးယူတဲ့မိန်းမမျိုးဟာ ယောက်ကျားဖြစ်သူ ရာထူးရာခံမရှိတော့တဲ့တစ်ချိန်ချိန်မှာ အဲဒီလင်ယောက် ကျားကို ဝန်မလေးတတ်ပါဘူး။ သူတို့ရင်ထဲက အချစ်ဆိုတာ အခွင့်အရေးတွေပေါ်ကိုမူတည်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ကျွန်တော်ပြောချင်တာကဆရာမနှင်းပန်းအိမ်အကြောင်းမဟုတ်ပါဘူး။အဲဒီအင်တာဗျူးမှာ ဆရာမနှင်းပန်းအိမ်ပြောတဲ့ ဦးစောနီအောင်ဆိုတဲ့ ကရင်အမျိုးသားကြီးတစ်ယောက်အကြောင်းပါ။ဦးစောနီအောင်နဲ့ သူ့ဇနီးဟာ၁၉၉၁ခုနှစ်ဘိုကလေးအရေးအခင်းမှာအဖမ်းခံရတယ်လို့ဆိုပါတယ်။သောင်းကျန်းသူနဲ့ဆက်သွယ်တဲ့အတွက်အဖမ်းခံရပုံရပါတယ်။ဒီနေရာမှာလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြောချင်တာကစစ်တပ်ကိုမကျေနပ်လို့တိုက်ချင်ရင် အပြစ်မဲ့ပြည်သူတွေမရှိတဲ့နေရာမျိုးမှာ လွတ်လွတ်ကင်းကင်း တိုက်သင့်ပါတယ်။ လက်နက်ကိုင်တချို့ရဲ့ ပြည်သူကို အသုံးချခဲ့မှုကြောင့်ကြားထဲကပြည်သူတွေဒုက္ခရောက်ရတဲ့အဖြစ်တွေအများအပြားရှိပါတယ်။လေးအကျဉ်းထောင်မှာ ရောက်နေတဲ့ဦးစောနီအောင်ဟာကိုနေဦးကိုလာတွေ့တဲ့ဆရာမနှင်းပန်းအိမ်နဲ့အတူ့သားလေးအတွက်ထောင်ထဲကနေ ကာဘော်လစ်ဆပ်ပြာလေးကိုအသုံးပြုပြီးခွေးရုပ်လေးတွေ၊မြင်းရုပ်လေးတွေထုပြီးပို့ပေးတယ်လို့ပြောပါတယ်။ထောင်ကျနေတဲ့ ဖခင်တစ်ယောက်က အပြင်ကသားဆီကိုပို့လိုက်တဲ့ အဖေ့မေတ္တာ လက်ဆောင်ပါ။ ဒီအရုပ်ကလေးတွေကလွဲလို့ သားအတွက် သူဘာမှလုပ်မပေးနိုင်ပါဘူး။
သူ့မိန်းမက ထောင်သုံးနှစ်ကျပြီး အပြင်ရောက်တော့ ဆုံးသွားပါတယ်။ ဦးစောနီအောင်ကတော့ ကလေးထောင်ကနေ မိုင်းဆတ် ထောင်ကို ပြောင်းရွှေ့ သွားရပါတယ်။ မိခင်မဲ့နေပြီဖြစ်တဲ့ကလေးကို ICRC အကူအညီယူပြီး သူ့အဖေနဲ့တွေ့ပေးဖို့ဆရာမနှင်းပန်းအိမ်ခက်ခက်ခဲခဲကြိုးစားပြီးခေါ်သွားရပါတယ်။သားဖြစ်သူက၁၄နှစ်လောက်ရှိနေပါပြီ။ မိုင်းဆတ်ရောက်တော့ ထောင်နဲ့မြို့က တော်တော်ဝေးပါတယ်။ထောင်ကိုရောက်တဲ့အခါ ဦးစောနီအောင်ဟာ ပြစ်ဒဏ်နဲ့ပြောင်းလာတာဖြစ် လို့ ထောင်အာဏာပိုင်တွေ က တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။ဆရာမနှင်းပန်းအိမ်က သူတို့နှစ်ယောက် အခက်အခဲအမျိုးမျိုးကြားက စွန့်စားပြီးလာရတာ ဖြစ်လို့တွေ့ခွင့်ပေးပါ။ တကယ်လို့တွေ့ခွင့်မရရင် မပြန်နိုင်ပါဘူးလို့ပြောတော့ထောင်အာဏာပိုင်တွေက“ဒါဆိုခင်ဗျားထောက်လှမ်းရေးကိုသွားဆိုပြီးလမ်းညွှန်လိုက်ပါတယ်။သူက ကလေးကို ထောက်လှမ်းရေးမေးရင် အမှန်အတိုင်းပြောလို့ သင်ပေးထားပါတယ်။ဟိုရောက်လို့ နှစ်ယောက်စလုံးကိုစစ်တဲ့အခါမှာဘာတော်လဲလို့မေးတော့“ဘာမှမတော်ဘူး။သူ့အဒေါ်ရဲ့သူငယ်ချင်း။သားသမီးချင်းကိုယ်ချင်းစာလို့လိုက်ပို့်ပေးတာလို့ပြောပြီးဖြစ်စဉ်လေးကိုထောက်လှမ်းရေးကိုပြောပြလိုက်ပါတယ်။ဦးစောနီအောင်သားလေးကို မေးတဲ့အခါကျတော့ ကလေးကမျက်ရည်တွေကျပြီး “ဦးရယ် … သားအဖေနဲ့သားမတွေ့တာ တစ်သက်ပါပဲ။ သားတို့ငယ်ငယ်တုန်းက ၅ နှစ်သားလေးမှာ ကျောင်းတက်နေတုန်း ကျောင်းပေါ်ကို ဗုံးဆံကျတော့ ကျောင်းကြီး မီးလောင်သွားတယ်။သားကကြောက်လို့ဘုန်းကြီးကျောင်းပေါ်တက်ပြေးတာ။ဘုန်းကြီးကအလှူခံလို့။ဘုန်းကြီးသာအလှူမခံရင်သားကိုဘက်နက်နဲ့ထိုးမှာမှာလို့ဖြစ်ကြောင်းကုန်စင်ရှင်းပြတဲ့အခါထောက်လှမ်းရေးတွေကသနားသွားတယ်လို့ဆိုပါတယ်။
အဲဒါနဲ့ ထောက်လှမ်းရေးတွေက ထောင်ဝင်စာတွေ့ခွင့်ပေးလိုက်တယ်။ တွေ့ခွင့်ရတဲ့အခါကျတော့ အဖေနဲ့သား ဖိုးခွား၊ အပါးဆိုပြီးခေါ်လိုက်တဲ့အသံဟာလူတိုင်းရင်ကိုထိခိုက်စေပါတယ်။ဦးစောနီအောင်ကသူ့သားကမွေးကင်းစကလေးလေးလို တယုတယကိုင်ပြီး “သား၊ ဖိုးခွား မင်းဒီ အရွယ်တောင်ရောက်နေပြီ၊ ကြည့်ပါဦး လူပျိုပေါက်ဖြစ်နေပြီ၊ ဝက်ခြံလေးတွေတောင်ထွက်နေပြီလို့တဖွဖွပြောတဲ့အခါထောက်လှမ်းရေးတွေလည်းစိတ်ထိခိုက်သွားပြီးသူတို့သားအဖနှစ်ယောက်ကို ကြိုက်သလောက်ပြော၊မောမှပြန်လို့ ခွင့်ပေးလိုက်ပါသတဲ့။ ဦးစောနီအောင်က သူ့သားလေး အတွက်သူကိုယ်တိုင်သိုးမွှေးနဲ့ထိုးထားတဲ့ဘောကန်ဖိနပ်လေးတစ်ရံလက်ဆောင်ပေးပါတယ်။သူ့သားကိုလည်း“မင်းဘော်လုံးကန်ကောင်းတယ်ဘော်လုံးကန်တယ်ဆိုတာလည်းအနုပညာတစ်ရပ်ပဲ။ထူးချွန်အောင်လုပ်၊အပါးမင်းကိုပြောနိုင်တာဆိုလို့ ဒါပဲ ရှိတယ်ဆိုပြီးမှာပါတယ်။ (ဒုက္ခသည် စခန်းကနေ ရွှေ့ပြောင်းရင်း အင်္ဂလန်မှာကစားနေတဲ့ ကရင် တိုင်းရင်းသားလေးဆိုတာ ဦးစောနီအောင်သားလေးများလားလို့ တွေးနေမိတယ်။)
ပြီးတော့“မင်းအမိုးရော နေကောင်းလား လို့မေးတဲ့အခါ “အမိုးဆုံးသွားပြီ လို့ဖြေလိုက်တဲ့အချိန်မှာ ဦးစောနီအောင် ချုံးပွဲချငိုပါ တယ်။ ထောင်ဝင်စာတွေ့ပြီး တည်းခိုတဲ့နေရာပြန်ရောက်တော့ ဦးစောနီအောင်ရဲ့သား ဖိုးခွားလေးဟာ မအိပ်ဘဲသူ့အဖေပေးလိုက်တဲ့သိုးမွှေးဘောကန်ဘိနပ်တစ်ညလုံးထိုင်ကြည့်နေပါသတဲ့။အဲဒီမြင်ကွင်းဟာဆရာမနှင်းပန်းအိမ်ကိုထိခိုက်စေသလိုကျွန်တော်တို့နှလုံးသားကိုလည်းဆွဲညှစ်ကိုင်ဆုပ်လိုက်သလိုခံစားရပါတယ်။ဦးစောနီအောင်ဘာအပြစ်နဲ့အဖမ်းခံရတာလဲဆိုတာသေသေချာချာမသိပါ။ဖြစ်နိုင်တာကတော့သောင်းကျန်းသူနဲ့ဆက်သွယ်တာကြောင့်အဖမ်းခံရတာဖြစ်ဖို့များပါတယ်။ သူတို့ရွာက ဘိုကလေး၊ ကပ်သမျှင်ရွာဖြစ်ပြီး တပ်က မီးရှို့လိုက်တယ်လို့ဆိုပါတယ်။ ဒီတုန်းကKNUအဖွဲ့တွေဟာအဲဒီရွာတွေတစ်ဝိုက်မှာကောင်းကောင်းအခြေချထားပြီးပါပြီ။အစိုးရသတင်းထုတ်ပြန်ချက်အရပင်လယ်လမ်းကြောင်းကနေလက်နက်တွေသယ်လာကြောင်းသိရပြီးကော့သောင်းမှာခင်ခဲ့တဲ့ကရင်အမျိုးသားသူငယ်ချင်းတစ်ယောက်ပြောပြတာကတော့ ၁၉၈၈ခုနှစ်အရေးအခင်းကာလကိုအခွင့်ကောင်းယူပြီး မြဝတီလမ်းကြောင်းကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဘိုကလေးဘက်ကို ရေလမ်းနဲ့ ဆက်သယ်တာလို့ KNU သူငယ်ချင်းတစ်ယောက်က သူ့ကိုပြောပြဖူးတယ်လို့ ဆိုပါ တယ်။ ပြဿနာရဲ့အစက အဲဒီရွာမှာ အခြေချမြှုပ်နှံထားတဲ့ KNU တပ်ဖွဲ့ ဝင်တွေနဲ့ KNU လိုလားတဲ့ရွာသားတွေကလုံခြုံရေးကင်း လှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင်တပ်စုတစ်စုကို ထမင်းကျွေးအရက်မူးအောင်တိုက်ပြီး အားလုံးဓားနဲ့ဝိုင်းခုတ်သတ်လိုက်ကြတယ်လို့ကြားဖူးပါတယ်။တောထဲတောင်ထဲမဟုတ်ဘဲဘိုကလေးမြို့နယ်အတွင်းက ရွာမှာ ဒီလိုလုပ်လိုက်တာဟာ အစိုးရကို ပြောင်ပြောင် တင်းတင်း အာခံစိမ်ခေါ်လိုက်တာပါပဲ။ ဒီတော့ အစိုးရကလည်းသည်းခံမှာမဟုတ်ပါ။ကျွန်တော်ထင်တာတော့သူတို့KNUအဖွဲ့ဝင်တွေနဲ့ရွာသားတွေအရက်မူးပြီးဖြစ်တာလို့ထင်ပါတယ်။
မဆလခေတ်ကအသံလွှင့်ရုံကိုပစ်တဲ့မန်းငွေအောင်တို့ဖြစ်စဉ်ကလည်းဒီလိုအရက်ကြောင့်ဖြစ်ရတာပါပဲ။မိတ်ဆွေကရင်အမျိုးသားတစ်ယောက်ကပြောပြဖူးပါတယ်။မန်းငွေအောင်တို့အဖွဲ့မထွက်ခင်ရဲဆေးတင်ပါသတဲ့။ရဲဆေးက တင်တာများသွားပါတယ်။ သူတို့ပစ်မှတ်က ရွှေတိဂုံဘုရားခြေတော်ရင်းနားကစစ်ရုံးပါတဲ့။ဒီလိုနဲ့အင်းစိန်ဘက်က ထွက်အလာ မြန်မာ့အသံနားရောက်ခါနီး မှာ လက်ယားနေတဲ့ KNU တစ်ယောက်က အာပီဂျီ ကိုင်ထားတဲ့တစ်ယောက်ကို“ဟေ့မင်းကရင်မဟုတ်ဘူးလား။လို့အာလေးလျှာလေးနဲ့မေးပါလေရော။ဟိုတစ်ယောက်က “ကရင်ပေါ့ကွ လို့ဖြေတဲ့အခါ “ကရင်ဆို မပစ်ရဲဘူးလား လို့ လုပ်ပါလေရော ဟို ကလည်း “ပစ်ရဲတာပေါ့ကွ “ပစ်ရဲရင်ချကွာ ဆိုပြီးလုပ်တာနဲ့ မြန်မာ့အသံကို အစီအစဉ်ထဲမပါဘဲ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ကျွန်တော်တို့တိုင်းရင်းသားများဟာရိုးသားလွန်းတော့တစ်ခါတလေရယ်ရအခက်ငိုရအခက်ပုံစံမျိုးတွေဖြစ်တတ်ပါတယ်။စစ်အစိုးရလက်ထက်ကလည်း ထားဝယ်လေ ဆိပ်မှာ KNU ဖေါက်ခွဲရေးသမားမိခဲ့ဖူးပါ တယ်။ လေယာဉ်လက်မှတ်ကြို ဝယ်ထားပြီးတော့လေဆိပ်ထဲဝင်လာတဲ့အချိန်မှာညှင်းသိုးသိုးပုံစံနဲ့ကိုယ်တော်ချောက သူ့ကိုစစ်မယ်လုပ်တော့ လက်ကို အင်းကျီအိတ်ထဲက မထုတ်ဘဲ ဘာမှ မပါဘူး။ ဘာမှမပါဘူး လို့ လုပ်နေပါသတဲ့။ ရှိတဲ့ထောက်လှမ်းရေးတွေရော ရဲတွေရောဒိုင်ဗင်ထိုးပြီးလုံးထွေးသတ်ပုတ်ဖမ်းဆီးကြရတော့တာပေါ့။ဆရာသမားကလက်ပစ်ဗုံးတစ်ဖက်တစ်လုံးထည့်ပြီးလေယာဉ်ပေါ်တက်မလို့လေဆိပ်ထဲဝင်လာတာပါတဲ့။ထားပါတော့ကျွန်တော့်နားထဲမှာစွဲနေတာကဦးစောနီအောင်သားလေးပြောတဲ့“သားကကြောက်လို့ဘုန်းကြီးကျောင်းပေါ်တက်ပြေးတာ။ဘုန်းကြီးကအလှူခံလို့။ဘုန်းကြီးသာအလှူမခံရင် သားကိုဘက်နက်နဲ့ထိုးမှာ ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဦးစောနီအောင်တစ်ယောက် လက်နက် ကိုင်ထားတဲ့သူပုန်ဖြစ်နေရင်တောင်ကျွန်တော်ကတော့ဦးစောနီအောင်ကိုပဲပစ်မှာပါ။အပြစ်မရှိတဲ့ငါးနှစ်ကျော်ကျော်ကလေးလေးတစ်ယောက်ကိုပစ်ဖို့ ကျွန်တော့မှာ ခွန်အားမရှိပါဘူး။ စစ်ဟာ ရက်စက်ပါ တယ်။ စစ်ဟာ ကြမ်းကြုပ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးရဲ့အဓိကတရားခံကသူ့ဘာသာအေးအေးဆေးဆေးရုန်းကန်လှုပ်ရှားနေကြရတဲ့ဘိုကလေးမြို့နယ်ထဲက ကရင်တိုင်း ရင်းသားတွေကို စစ်ထဲမပါပါအောင်ဆွဲခေါ်ခဲ့တဲ့ အဲဒီအချိန်က KNU ပါပဲ။
ကျွန်တော်တို့တိုင်းရင်းသားများဘယ်လောက်ရိုးသလဲဆိုရင်အဲဒီဖြစ်စဉ်ပြီးတော့ထိုင်းနိုင်ငံထဲမှာ KNU က ကြေညာချက် ထုတ်တယ်လို့ဆိုပါတယ်။ဘိုကလေးအရေးအခင်းကိုသူတို့မသိကြောင်း၊ဘိုကလေးအရေးအခင်းမှာဖြစ်ပျက်သမျှတွေဟာ KNU နဲ့မပတ်သက်ကြောင်းကြေညာချက်ထုတ်ပါသတဲ့။ဒါကိုကျွန်တော့်မိတ်ဆွေကရင်အမျိုးသားတချို့က ယုံပါတယ်။တစ်ခါတုန်းက ပါလက်စတိုင်းက ပစ်မှတ်တစ်ခုကို ပစ်ခတ်ဖို့ငြင်းဆန်ခဲ့တဲ့ အစ္စရေးအမြောက်တပ်က ဗိုလ်မှူးတစ်ဦးရာထူးကထုတ်ပယ်ပြီးအရေးယူခံခဲ့ရဖူးပါတယ်။အထက်ကညွှန်ကြားချက်ပေးတဲ့ပစ်မှတ်ကိုမှန်ပြောင်းနဲ့သေသေချာချာကြည့်လိုက်တဲ့အချိန်မှာဘာရန်သူမှမရှိဘဲကျောင်းထဲမှာကလေးတွေပြေးလွှားဆော့ကစားနေကြတာကိုပဲတွေ့ရပါတယ်။ဒါ့ကြောင့်အထက်ဌာနကိုပစ်မှတ်မှာရန်သူမတွေ့ရဘဲ ကလေးတွေသာ ဆော့က စားနေကြကြောင်းသူက သတင်းပို့ပါတယ်။ အမိန့်က ပစ်ပါ။ သူက မပစ်ပါဘူး။ သူအရေးယူခံလိုက်ပါတယ်။
ကျွန်တော်တို့စစ်တိုက်နေကြတာတစ်ဘက်နဲ့တစ်ဘက်အယူဝါဒမတူလို့ညှိနှိုင်းလို့အဆင်မပြေလို့စစ်တိုက်နေကြတာပါ။ နိုင်ငံရေးကို စစ်ရေးနဲ့ဖြေ ရှင်းနေကြတာပါ။ သွေးဆာနေတဲ့လူသတ်သမားတွေ လူသတ်နေတာ မဟုတ်ပါဘူး။
အကြမ်းဖက်သမားတေမဟုတ်ပါဘူးလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပြည်သူကိုခုတုံးမလုပ်သင့်သလိုတပ်မတော်သားတွေအနေနဲ့လည်းရန်သူနဲ့ရန်သူမဟုတ်သူကိုတတ်နိုင်သလောက်ခွဲခြားခြေမှုန်းနိုင်အောင်ကြိုးစားသင့်ပါတယ်။အမုန်းတွေကြောင့်စစ်ပွဲတွေဖြစ်၊စစ်ပွဲတွေ ကြောင့် အမုန်းတွေ ပိုကြီးထွား။ ဆင်ခြင်တုံတရားဆိုတာ ကြေကွဲမှုနဲ့နောင်တတွေကို ဖြစ်ပေါ်စေတတ်တဲ့မိုက်မဲမှုတွေကိုအဆုံးသတ်နိုင်တဲ့ဇာက်ကြိုးတစ်ချောင်းဆိုရင်မမှားနိုင်ပါဘူး။စစ်အစိုးရလက်ထက်ကထောက်လှမ်းရေးတပ်ဖွဲ့ဆိုတာအင်မတန်ရက်စက်တယ်လို့နာမည်ထွက်ပေမဲ့မိုးဆတ်မြို့ကလေးကထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကတော့ ဦးစောနီအောင်တို့ သားအဖနှစ်ယောက်ကိုကြည့်ပြီး စိတ်နှလုံးထိခိုက်သွားပါတယ်။ ဒါ့ ကြောင့် ဦးစောနီအောင်တို့သားအဖနှစ်ယောက်ကို “ကြိုက်သလောက်ပြော၊ မောမှပြန် လို့ ခွင့်ပေးလိုက်တာပါ။
အင်္ဂလိပ်အနုသုခုမဝေဖန်ရေးဆရာဂျွန်ရပ်စကင်းက“ယုတ်ညံ့တယ်ဆိုတာအတိုချုပ်ပြီးပြောရရင်ခံစားချက်ကင်းမဲ့ခြင်း လို့ဆိုပါတယ်။ဒီအဆိုအတိုင်းဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိုင်းဆတ်မြို့ကလေးမှာရှိတဲ့စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ယုတ်ညံ့တဲ့ သူတွေ မဖြစ်ခဲ့ကြပါဘူး။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကိုယ်တိုင်မထုဆစ်မဖန်တီးနိုင်တဲ့ သမိုင်းရေစီးကြောင်းထဲမှာမျောပါကြရတတ်ပါတယ်။ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှူးချုပ်သန်းထွန်း ထောင်ထဲမှာရှိစဉ် သွေးတိုးတဲ့အခါထောက်လှမ်းရေးကဖမ်းပြီးထောင်ထဲထည့်ထားတဲ့အတိုက်အခံတစ်ယောက်ကသံပုရာရည်ဖျော်တိုက်ရင်း “ကမ္ဘာကြီးလုံးတယ်ဆိုတာခင်ဗျားယုံပြီမဟုတ်လား လို့ ပြောဖူးသတဲ့။ မဆလခေတ်မှာ ဦးဘိုနီကြီးတစ်ယောက် သူပြည်ထဲရေးဘဝကထုတ်ထားတဲ့နှစ်ကြီးအကျဉ်းသားမှန်ရင်သံခြေကျင်းခတ်ရမယ်ဆိုတဲ့အမိန့်ကြောင့်သူထောင်ကျလို့သံခြေကျင်းအခတ်ခံရတဲ့အချိန်မှာမျက်ရည်ကျပါသတဲ့။ဖြစ်စဉ်အားလုံးဟာပြည်တွင်းငြိမ်းချမ်းမှုမရှိလို့ဖြစ်ခဲ့ကြတဲ့အဖြစ်အပျက်တွေချည်းပါပဲ။ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့။ ဒါ့ ကြောင့်ငြိမ်းချမ်းစေချင်တာပါ။ ဒါ့ကြောင့် စစ်ကို မလိုချင်တာပါ။မလွှဲသာလို့အခြေအနေဆိုးကိုရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမယ်ဆိုရင်တောင်ဆရာမနှင်းပန်းအိမ်လိုလူတွေ ပေါပါစေ။ မိုင်းဆတ် စစ်ထောက်လှမ်းရေးက လူတွေလို ပုဂ္ဂိုလ်တွေပေါပါစေ။ ဦးစောနီအောင်သားလေးကို အလှူခံလိုက်တယ်ဆိုတဲ့ ဆရာတော်လို ရဟန်းတွေ ပေါပါစေလို့ပဲ ဆုတောင်းရုံမှတစ်ပါး ကျွန်တော် တို့ ဘာမှမတတ်နိုင်ပါဘူး။ကျွန်တော်တို့တတ်နိုင်တာကသူများခံစားချက်ကိုကိုယ့်ရင်ဘတ်ထဲထည့်တတ်တဲ့ အလေ့အကျင့် လေး ပြုစုပျိုးထောင်ပေးဖို့ပါပဲ။တကယ့်လူသားဆိုတာ မယုတ်ညံ့ပါဘူး။ ခံစားချက် မကင်းမဲ့ပါဘူး။ ပုထုဇဉ် သဘာဝ ကိလေသာမီးတွေတောက်လောင်လာတဲ့အခါကျွန်တော်တို့နှလုံးသားတွေညစ်နွမ်းလေ့ရှိပါတယ်။ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေမှာရှိတဲ့ ကာဘရိုက်တာ လိုပါပဲ။ ဆေးကြောသုတ်သင်ဖို့လိုပါတယ်။ နှလုံးသားကို မကြာခဏ သန့်ရှင်းရေးလုပ်ပါ။

ရဲကျော်သူရ

0 comments:

Post a Comment