Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
9:18 AM
ရဲကျော်သူရ
No comments
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသင်နေစဉ် စာအုပ်တွင် ပုံဆွဲနေသည်ဟုဆိုကာ ဦးခေါင်းကို တုတ်ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့သည့် သတင်းကိုဖတ်လိုက်ရသည်။ သတင်းဖတ်ပြီးအတော်စိတ်မကောင်းဖြစ်မိကာ ကျွန်တော်ငယ်စဉ်ကျောင်းသားဘ၀က အဖြစ်အပျက် တို့ကို သတိရမိသည်။ ကျွန်တော်ငယ်ငယ်က ထင်းရှူးနံ့တွေသင်းပျံ့နေသောတောင်ပေါ်မြို့လေးတစ်မြို့တွင်ကြီးပြင်းခဲ့သည်။ ကျွန်တော်တို့ငယ်စဉ်က ကျောင်းတွင်ရိုက်နှက်ဆုံးမသည့် အလေ့အထမှာ ယခုခေတ်ထက် ပိုခေတ်စားမည်ဟုထင်သည်။ မိဘတွေကိုယ်တိုင်က ကိုယ့်သား၊ သမီးကျောင်းအပ်သည့် အခါ “ဆိုးလို့ကတော့ ရိုက်သာရိုက် ဆရာမ၊ မကျိုးမပဲ့ရင်ပြီးရော” ဟု ပြောပြီး ကျောင်းအပ်လေ့ရှိသည်။ ဆရာ/ဆရာမကို ယုံယုံကြည်ကြည်နှင့် ပုံအပ်လိုက်သည့် သဘောပင်ဖြစ်သည်။ ကိုယ့်ကလေးကို ဂရုမစိုက်မှာ စိုး၍ လည်း ဖြစ်နိုင်ပါသည်။ ငါးတန်းကျောင်းသား အရွယ်လောက်ကထင်သည်။ ကာယချိန်တွင် ဆရာမ ဒေါ်သူဇာနွယ်က အခန်းအပြင်ဘက်က ချယ်ရီပင် အောက်တွင် ပုံပြင်တစ်ပုဒ်ပြောပြနေသည်။ ထိုစဉ် ကျွန်တော်တို့ အုပ်စုနှင့် မလှမ်းမကမ်းတွင် ရုတ်ရုတ်သဲသဲ လူအုံနေတာ တွေ့လိုက်ကြရသည်။ ကျောင်းသားတစ်ယောက်နှစ်ယောက်သွားစုံစမ်းပြီးပြန်လာတော့ ဆရာမ ဒေါ်သူဇာနွယ်က “ဘာမှ မဟုတ်ပါဘူး၊ ဆရာမ ဒေါ်ချယ်ရီ မူးလဲလို့ပါ။” ဟု ပြောပါသည်။ ဆရာမ ဒေါ်သူဇာနွယ်စကားက ဤမျှနှင့်ရပ်သွားသော် ဘာပြဿနာမှ ဖြစ်လာ မည်မဟုတ်။ သို့သော် “အင်း… သူ့ခမျာနေမကောင်းရတဲ့ အထဲ အကြွေးတွေကလည်းများပြီး အဟာရပြည့်အောင် မစားနိုင် ရှာတော့ မူးလဲတာနေမှာပေါ့။” ဟု ဒေါ်သူဇာနွယ်က ဆက်ပြောပါသည်။ ထိုစဉ်က ဆရာမပြောသည့်စကားကို ကျွန်တော် အပါ အ၀င် အတန်းသားအားလုံးမည်သူမှ သိပ်စိတ်မ၀င်စားကြပါ။ ကလေးဘာသာဘာဝ ဆော့ဖို့သာ အားသန် ကြပါသည်။ နောက်တစ်နေ့ ကျောင်းပိတ်ရက်မို့ ကိုယ့်အိမ်ဝန်းကျင် အနီးအနားက ကလေးများနှင့် ကျွန်တော် ကစားနေပါသည်။ ထိုစဉ် ကျောင်းသားကြီး ၂ ယောက်ရောက်လာပြီး “ဟေ့ကောင်ကျော်ဇင်ထွန်း မင်းကို အတန်းပိုင်ဆရာမ ခေါ်ခိုင်းလိုက်တယ်။ မင်းတော်တော်ပြဿနာရှာတဲ့ကောင်ပဲ။ ဆရာမ ဒေါ်ချယ်ရီ မူးလဲတာကို အကြွေးတွေများပြီး အဟာရ ပြည့်အောင် မစားနိုင်လို့မူးလဲတာလို့ ဆရာမ ဒေါ်သူဇာနွယ်ကပြောတယ်ဆိုပြီး မင်းကလျှောက်ပြောလို့ အခု ကျောင်းမှာ ဆရာမတွေ အကြီး အကျယ်ပြဿနာတက်နေတယ်။ မင်းကလည်းမင်းပဲ၊ ဘာလို့လျှောက်ပြောတာလဲ။” ဟု ဘုမသိဘမသိ စွဲချက်တင်ပြီး ကျောင်းက ခေါ်ခိုင်းသည်ဟုဆိုကာ ကျွန်တော့်ကို လာခေါ်ပါသည်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမနှင့် အခြားဆရာမ သုံးလေးယောက်ကိုတွေ့ရသည်။ ဆရာမက “သား၊ ကျောင်းမှာ ဆရာမ ဒေါ်သူဇာနွယ်နဲ့ ဒေါ်ချယ်ရီတို့ ပြဿနာတက်နေကြတယ်။ ဒေါ်ချယ်ရီ မူးလဲတာကို အကြွေးတွေများပြီး အဟာရ ပြည့်အောင်မစားနိုင်လို့မူးလဲတာ လို့ ဒေါ်သူဇာနွယ်က ပြောတယ်ဆိုပြီး သားကလျှောက်ပြောနေတယ်လို့ ဆရာမတို့ကြားရတယ်။ အဲဒါ ဟုတ်လား။” ဟု အတန်းပိုင်ဆရာမကမေးပါသည်။ ကျွန်တော်က “ဆရာမ ဒေါ်သူဇာနွယ် အဲဒီလိုပြောတာ ဟုတ်တယ် ဆရာမ၊ ဒါပေမဲ့ ကျွန်တော် လျှောက်ပြောနေတယ် ဆိုတာ မဟုတ်ဘူး။” ဟု ပြန်ပြောပါသည်။ “သေသေချာချာစဉ်းစားပါဦးသားရယ်၊ သားများနားကြားလွဲနေတာလား။ အခု ဆရာမနှစ်ယောက်က ပြဿနာဖြစ်နေကြပြီ။” ဟု ဆရာမကပြောသည်။ “ဟင့်အင်း…ကျွန်တော်နားကြားမလွဲပါဘူး ဆရာမ၊ ဆရာမ ဒေါ်သူဇာနွယ် အဲဒီလိုပြောတာ တစ်တန်းလုံး ကြားပါတယ်။” ဟု ကျွန်တော်ကပြန်ပြောရာ အတန်းပိုင်ဆရာမ သက်ပြင်းခိုးချလိုက်တာကို သတိပြုလိုက်မိသည်။ ထိုနေ့ကအိမ်ပြန်ရောက်တော့ အဖေ့ကို ကျောင်းမှာပြဿနာဖြစ်တဲ့ကိစ္စပြောပြဖြစ်သည်။ အဖေက အဲဒီလိုပြောတယ်ဆိုတာ သေချာလို့လား ဟုမေးသည်။ ကျွန်တော်က သေချာကြောင်းပြောပြီး ကျောင်းဖွင့်တဲ့နေ့ကျရင် ဘယ်လိုပြောရမလဲဟု အဖေ့ ကိုမေးသည်။ အဖေက ခေတ္တစဉ်းစားပြီး “အေး…မှန်တယ်ဆိုရင်လည်း အမှန်အတိုင်းပဲ ပြောပြလိုက်ပေါ့ကွာ။” ဟုပြောပါသည်။ အဖေသည် ကျွန်တော်တို့မောင်နှစ်မအားလုံးကို လိမ်ညာမပြောရန် ငယ်စဉ်ကတည်းက သင်ကြား ထားပါသည်။ ပြီးတော့ မှန်ရာ ပြောရန် မကြောက်ဖို့ကိုလည်း အမြဲဆုံးမတတ်ပါသည်။ ကျွန်တော်တို့ မောင်နှစ်မအားလုံး ဘာလုပ်လုပ် အဖေ့ကိုမလိမ်ဝံ့ပါ။ ကျောင်းပြန်ဖွင့်သည့်နေ့ ပထမဦးဆုံးစာသင်ချိန်တွင် အတန်းပိုင်ဆရာမနှင့်အတူ အရိုက်ကြမ်းသည်ဟု ကျောင်းတွင် နာမည်ကြီး သည့် ဆရာတစ်ယောက်ပါ ကျွန်တော်တို့အတန်းထဲတွင်ရောက်နေသည်ကို တွေ့ရသည်။ ဆရာ့လက်ထဲမှာ ကြိမ်လုံးတစ်လုံး။ ဆရာက ထိုကြိမ်လုံးကို တရွှမ်းရွှမ်းနှင့်ဆပြနေသည်။ သတ္တိရှိလျှင် စမ်းကြည့်ပေါ့ကွာ ဆိုသည့် အမူအရာနှင့်…။ တအောင့်ကြာတော့ ပြဿနာ ဓါတ်ပြားဟောင်းကြီးကိုပြန်ဖွင့်ပါသည်။ ဆရာမက တစ်တန်းလုံး ကြားအောင် အသံမြှင့်၍ “သားတို့၊ သမီးတို့၊ ပြီးခဲ့တဲ့ အပတ် …..နေ့က ကာယချိန်မှာ ဆရာမ ဒေါ်ချယ်ရီ မူးလဲသွားတာကို အကြွေးတွေများပြီး အဟာရ ပြည့်အောင် ၀ယ်မစားနိုင်လို့ မူးလဲသွားတာပါလို့ ဆရာမဒေါ်သူဇာနွယ်က ပြောတယ်ဆိုပြီး မောင်ကျော်ဇင်ထွန်းက ပြောခဲ့တယ်။ ဆရာမဒေါ်သူဇာနွယ် အဲဒီလိုပြောခဲ့တယ်ဆိုတာ ဟုတ်သလား။” ဟုမေးရာ တစ်တန်းလုံး ဇာတ်တိုက်ထားသည့်အလား “မဟုတ်ပါဘူး ဆရာမ” ဟု သံပြိုင်ဖြေကြပါသည်။ ဆရာမက ထိုမေးခွန်းကို အတန်းထဲရှိ ကျောင်းသူ/ကျောင်းသားများအား သုံးခါတိတိမေးရာ သုံးကြိမ်လုံး “မဟုတ်ပါဘူး ဆရာမ” ဟုသာဖြေကြပါသည်။ တစ်တန်းလုံးက “မဟုတ်ပါဘူး ဆရာမ” ဟု ဖြေသံကြားလိုက်တိုင်း ကျွန်တော့်မှာ အင်အားမဲ့မဲ့သွားသလို ခံစားလိုက်ရပြီး မျက်ရည်များ ၀ဲလာပါသည်။ အတန်းကို တစ်ခါမေးပြီးတိုင်း ကျွန်တော့်ဘက်သို့ တစ်ခါလှည့်ကာ ဘယ်လိုလဲဆိုသည့် အကြည့်ဖြင့် “မောင်ကျော်ဇင်ထွန်း၊ သားများနားကြားလွဲသလား၊” ဟုမေးပါသည်။ ကျွန်တော်ကလည်း ယခင်ဖြေဆိုခဲ့သည့်အတိုင်းသာ ပြန်ဖြေပါသည်။ ကြိမ်လုံးကိုင်ထားသော ဆရာက မျက်ထောင့်နီကြီးနှင့် ကြည့်ပြီး ကြိမ်လုံးကို လေထဲတွင် တရွှမ်းရွှမ်းဝှေ့ယမ်းပြပါသည်။ သုံးကြိမ်မေးပြီး အကြောင်းမထူးသောအခါ ဆရာ/ဆရာမများပြန်ထွက်သွားပါသည်။ အတန်းရှိ ကျောင်းသူ/ကျောင်းသား အတော်များများက ကျွန်တော့်ကို ပြဿနာကောင် ဆိုသည့် အမြင်မျိုးဖြင့် ကြည့်ကြပါသည်။ အထူးသဖြင့် မိန်းကလေးများက ပိုကြည့်သည်ဟုထင်ပါသည်။ ကျွန်တော်ကလည်း မည်သူ့ကိုမှ စကားပြောချင်စိတ်မရှိတော့ပါ။ ထိုကိစ္စဖြစ်ခဲ့သည်မှာ မှန်သော်လည်း ကျွန်တော် လျှောက်ပြောသည်ဆိုတာကတော့ မမှန်ပါ။ ကလေးသဘာဝ အိမ်ရောက်တာနှင့် ကစားဖို့သာ အာရုံရောက်နေတာကများပါသည်။ ကံမကောင်းချင်တော့ ကျွန်တော်ပြောလို့ ထိုသတင်းပျံ့နှံ့သွား သည်ဆိုပြီး ပြဿနာမြားဦးက ကျွန်တော့်ဘက်လှည့်လာခြင်းဖြစ်သည်။ ကာယချိန်တွင် ကလေးအသီးသီး ဆော့ကစားနေကြသော်လည်း ကျွန်တော် တစ်ယောက် တည်း ချယ်ရီပင်အောက်တွင် ထိုင် နေပါသည်။ မည်သူနှင့်မှ စကားပြောချင်စိတ်၊ ကစားချင်စိတ်မရှိ။ ထိုအချိန်တွင် ကျွန်တော်နှင့် ကစားနေကြ ကူးမား ရောက်လာ ပြီး “ကျော်ဇင်ထွန်း ကစားရအောင်လေ” ဟုလာခေါ်ပါသည်။ ကျွန်တော်ငယ်စဉ်က ခေါင်းနှင့် ကင်းမြီးကောက်ထောင်လျှင် အကြာကြီး ထောင်နိုင်၍ သူငယ်ချင်းများက သဘောကျကြသည်။ ကျွန်တော်က မကစားချင်ကြောင်း ပြန်ပြောရာ ကူးမားက တစ်ချက်ကြည့်ပြီး “ဆရာမဒေါ်သူဇာနွယ် ဒေါ်ချယ်ရီကို အကြွေးတွေ များလို့ မူးလဲသွားတယ်လို့ပြောတာ ဟုတ်တယ်လေကွာ။ ငါကကြောက်လို့ မပြောရဲတာ။” ဟု ခပ်တိုးတိုးပြောပါသည်။ ကျွန်တော် ရုတ်တရက် အံ့အားသင့်ပြီး ကူးမားကို ကြည့်လိုက်သည်။ သူက “လာပါကွာ၊ စိတ်ညစ်မနေပါနဲ့၊ ကစားရအောင်” ဟုဆိုကာ အတင်းဆွဲခေါ်ပါသည်။ ကူးမား၏၀န်ခံစကားက ကျွန်တော့်စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကူးမားကို ကျေးဇူးတင်ပါသည်။ ထိုနေ့က ကျွန်တော် ကူးမားနှင့် နှစ်ယောက်တည်း ကင်းမြီးကောက်ထောင် တမ်း ကစားကြ သည်။ ထုံးစံအတိုင်း ကျွန်တော်က ပို၍အချိန်ကြာကြာထောင်နိုင်ပါသည်။ လက်ထဲက ကြိမ်လုံးကို တရွှမ်းရွှမ်းဆပြီး မျက်ထောင့်နီကြီးနှင့် ကြည့်ခဲ့သော်လည်း မရိုက်ခဲ့သည့် ဆရာ့ကိုလည်း ကျေးဇူးတင် ပါသည်။ (ရိုက်လျှင်လည်း ကျွန်တော့်အဖေနှင့် ပြဿနာအကြီးအကျယ်တက်ပါလိမ့်မည်။) ရှစ်တန်းကျောင်းသားအရွယ်တွင် ကျွန်တော် အညာမြိုကလေးတစ်မြို့သို့ရောက်နေပြီဖြစ်သည်။ ကျွန်တော်လည်း မောင်ဆိုင်း လတ်အောင် လို ပုံဆွဲဝါသနာပါသူဖြစ်ရာ တွေ့ရာသင်ခန်းစာ စာအုပ်များတွင် ကြုံသလိုဆွဲလေ့ရှိပါသည်။ တစ်ရက်သား မြန်မာစာဆရာက စာအုပ်စစ်ရင်း ကျွန်တော်ပုံဆွဲထားသည်ကိုတွေ့သွားပါသည်။ စစ်သားသားသမီး ဖြစ်သည့် အလျောက် ကျွန်တော်ဆွဲသည့်ပုံများမှာ သေနတ်ပုံကအများစုဖြစ်သည်။ စာရွက်တစ်ရွက်လှန်လိုက်၍ သေနတ်ပုံတစ်ပုံတွေ့လျှင် ဆရာက ဟ…သေနတ်ပုံတွေပါလားဟုဆိုကာ “ဒိုင်း” ဟုပါးစပ်ကရွတ်ပြီး ခေါင်းကို လက်ဆစ်ဖြင့်ခေါက်သည်။ စက်လတ် ပုံဆွဲထားသည်ကို တွေ့သောအခါ ဟား…စက်သေနတ်ကြီးပါလား “ဒက်..ဒက်..ဒက်..ဒက်..ဒက်” ဟုရွတ်ပြီး ငါးချက်လောက် ဆက်တိုက်ခေါက်ရာ အတော် အီစလံဝေသွားပါသည်။ ကျွန်တော် ဆရာ့ကို စိတ်မဆိုးသော်လည်း ကျွန်တော်တို့အိမ်တွင် သားသမီးများ၏ ခေါင်းကို ရိုက်နှက်ဆုံးမသည့် အလေ့အထမရှိပါ။ ကျွန်တော်ငယ်စဉ်က အလွန်ဆိုး၍ မကြာခဏ အရိုက်ခံရလေ့ရှိသော်လည်း ကျွန်တော့်ဖခင်သည် စနစ်တကျ ရိုက်နှက် ဆုံးမပါသည်။ ထိုသို့ရိုက်နှက်အပြစ်ပေးရာတွင် ကျွန်တော်ကျူးလွန်ခဲ့သည့် ပြစ်မှုကို ကျေကျနပ်နပ်ဝန်ခံပြီး ရိုက်သင့်/မရိုက်သင့် မေးမြန်းပြီး ကျွန်တော်ကိုယ်တိုင်က ရိုက်သင့်သည်ဟုဆိုပါမှ စနစ်တကျရိုက်နှက်ဆုံးမပါသည်။ ထိုသို့အရိုက်ခံရလောက်အောင် ပြစ်မှုတစ်ခုခု ကျူးလွန်ထားသော်လည်း ထမင်းစားချိန်နီးပါက အပြစ်ပေးလေ့မရှိသလို ဦးခေါင်းကို လည်း မည်သည့်အခါမှ ရိုက်နှက်လေ့မရှိပါ။ ကျွန်တော်တို့ငယ်စဉ်က ကျောင်းအပ်သည့်အခါ “ဆိုးလို့ကတော့ ရိုက်သာရိုက် ဆရာမ၊ မကျိုးမပဲ့ရင်ပြီးရော” ဟု ပြောပြီး ကျောင်းအပ်လေ့ရှိသော်လည်း တကယ်တမ်းကျတော့ ဘယ်မိဘမှ ကိုယ့်သာားသမီးကို ရိုက်တာကြိုက်မည်မဟုတ်ပါ။ သို့ဆိုလျှင် ကျောင်းတွင် လုံးဝမရိုက်ရတော့ပြီလော ဟု မေးလာပါက အတော်အဖြေရခက်သည်ဟု ဆိုရပါမည်။ ကျောင်းသားများ ဆိုသည် ကလည်း လူစုံ၊ စရိုက်စုံပင်ဖြစ်ပါသည်။ မရိုက်ရဆိုပြီး ပြဿနာဖြစ်တိုင်း ကျောင်းစည်းကမ်းနှင့် အရေးယူပါက ထိုကျောင်းသား နစ်နာပါလိမ့်မည်။ ထိုကိစ္စကို မည်ကဲ့သို့ဖြေရှင်းကြမည်နည်း။ ကျွန်တော်သည် ကျောင်းဆရာတစ်ဦးမဟုတ်သလို ကလေးစိတ်ပညာနှင့်ပတ်သက်၍လည်း နကန်း တစ်လုံးမျှ သိသူမဟုတ်ပါ။ သို့သော် လူတိုင်းကလေးဘ၀ကို ဖြတ်သန်းလာခဲ့ကြသည့်အလျောက် ကလေးတို့သဘာဝကို ကိုယ်ချင်းစာနားလည်နိုင်ပါသည်။ လောကတွင် ရှိရှိသမျှသတ္တ၀ါတိုင်း အသိအမှတ်ပြုခံချင်ကြသည်။ မြစ်ကြီးနားက မောင်ဆိုင်းလတ်အောင်လို ကျွန်တော်လည်း ငယ်စဉ်ကပုံဆွဲ၍ အရိုက်ခံခဲ့ရသည်။ သို့သော် ကျွန်တော့် မြန်မာစာဆရာသည် ခေါင်းခေါက်ပြီးသည်နှင့် “မင်းပုံတွေက ကောင်းသားပဲကွ။ ဒီလိုလုပ်ပါလား၊ မင်းပုံဆွဲစာအုပ်တစ်အုပ် သပ်သပ်ထား။ ပန်းချီဆရာ လုပ်မယ်ဆိုရင် ရန်ကုန်ကိုဆင်း၊ အဲဒီမှာ ငါ့သားတစ်ယောက် ပန်းချီရာမဆီမှာဆွဲနေတယ်။ အခုလောလောဆယ်တော့ စာပဲကြိုးစားပါဦးကွာ” ဟု ပြောပါသည်။ ထိုစဉ်က ခေါင်းအခေါက်ခံရ၍ ထူပူနေသည်ကိုပင်မေ့သွားပါသည်။ ဆရာက ငါဆွဲထားတဲ့ပုံတွေကို အသိအမှတ်တော့ပြုတာ ပဲဟု လည်း ကျေနပ်သွားသည်ထင်ပါသည်။ ယခုပြန်စဉ်းစားကြည့်လိုက်တော့ ထိုပထမဆုံးအကြိမ်အတွက် ခေါင်းခေါက်ဆုံးမခြင်း မလုပ်ဘဲ အသိအမှတ်ပြု သတိပေးပြီး နောက်တစ်ကြိမ်အပြစ်လုပ်မှသာ သင့်တော်သလို ဆုံးမလျှင် ပိုမကောင်းပါလားဟု တွေးမိပါသည်။ သို့သော် ကျွန်တော်အခေါက်ခံရသည့် အဖြစ်က မောင်ဆိုင်းလတ်အောင် ဦးခေါင်းအရိုက်ခံရ သလောက် မဆိုးဟုထင်သည်။ မည်သို့ဆိုစေ ကလေးဦးခေါင်းကို မရိုက်သင့်ဟုသာမြင်ပါသည်။ ကလေးတို့မှာ ကိုယ်ခန္ဓာသာ နုနယ်သည်မဟုတ်၊ စိတ်ခံစားမှု ကလည်း နုနယ်သေးသည်သာ ဖြစ်သည်။ ဆရာ/ဆရာမကို ကြောက်ရွံ့ပြီး ကျောင်းစာသင်ရမှာမပျော်ပိုက်တော့လျှင် ထိုကျောင်း သား အတွက် အလွန်နစ်နာပါသည်။ ကိုယ့်သားသမီးလို သဘောမထားဟု ဆိုရအောင်ကလည်း အချို့မိဘများမှာ အသိဥာဏ်နိမ့်ပါး၍ ကိုယ့်သားသမီးကိုပင် ကျွဲရိုက်နွားရိုက် ရိုက်သည့်မိဘမျိုးလည်းရှိပါသည်။ အချို့ ခန္ဓာကိုယ် ကျိုး/ကန်းသွားသည်အထိ ရိုက်နှက်ဆုံးမသော မိဘမျိုး ကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ ကျွန်တော်ကတော့ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် ဆိုသည့်အတိုင်း သားသမီး/တပည့်တို့ကို သဘောပေါက် နားလည်အောင် ကြိုတင်၍ နုတ်ဖြင့် ဆုံးမပဲ့ပြင်ပြီး အပြစ်ကျူးလွန်သည့်အခါကျမှသာ ကာယကံရှင်က လိုလိုလားလားဝန်ခံပြီး ထိုက်သင့်သည့် အပြစ်ဒဏ်အား စနစ်တကျ ပေးသည့် မိဘ/ဆရာသမားများ များများပေါ်ထွက်လာပါစေဟု ဆုတောင်းမိပါသည်။ ဆရာ/ဆရာမများဆိုသည်ကလည်း ပုထုဇဉ်လူသားများဖြစ်သည့်အတွက် ၄င်းတို့၏အိမ်တွင်းရေး အဆင်မပြေမှုများ၊ လောကဓံအထုအထောင်းများ များစွာကြုံတွေ့ရပြီး တပည့်ဆိုးများနှင့် ကြုံရသောအခါ မိမိကိုယ်တိုင် သတိမထားလိုက်မိဘဲ နည်းလမ်းမမှန်သည့် ဆုံးမမှုမျိုးနှင့် သတိလက်လွတ် တုံ့ပြန်လိုက်မိသည်များလည်း ရှိနိုင်ပါသည်။ သို့သော် ဆရာ/ဆရာမများဆိုသည်မှာ စစ်သားတွေကိုအုပ်ချုပ်ရသော တပ်မှူးတစ်ယောက် မဟုတ်သလို ကုမ္ပဏီဝန်ထမ်း တွေ ကို အုပ်ချုပ်ရသော မန်နေဂျာတစ်ယောက်၊ သို့မဟုတ် လုပ်သားပေါင်းများစွာကို ကြီးကြပ်အုပ်ချုပ် နေရသော စက်ရုံမှုး တစ်ယောက်လည်းမဟုတ်ပါ။ နုနယ်လှသောနှလုံးသားပေါင်းများစွာက မိမိတို့၏ အပြောအဆို ၊အနေအထိုင် ၊အပြုအမူများ ကို စံနမူနာယူ ကြည့်ရှုနေကြပြီး ပညာရင်နို့သောက်စို့ရန် ငံ့လင့်နေကြသည့် ကျောင်းသားပေါင်း မြောက်များစွာအား ပညာနှင့် မေတ္တာပေးဝေရမည့် အာစရိယများပင်ဖြစ်ပါသည်။ ကြိမ်လုံးကို လေထဲတွင် တရွှမ်းရွှမ်းဝှေ့ယမ်းပြရင်း မျက်ထောင့်နီကြီးနှင့်ကြည့်ပြီး မရိုက်ခဲ့သော တောင်ပေါ်မြို့ကလေးက ဆရာ ကိုလည်းကျေးဇူးတင်ပါသည်။ ခေါင်းကို တဒိုင်းဒိုင်းခေါက်ပြီး ကျွန်တော့် မတောက်တခေါက် ပန်းချီ လက်ရာများကို အသိအမှတ် ပြုပေးခဲ့သည့် အညာက မြန်မာစာဆရာကိုလည်း ကျေးဇူးတင်မိပါသည်။ ကျွန်တော်ဆိုးလွန်းသဖြင့် မလွှဲမရှောင်သာ ရိုက်နှက် အပြစ်ပေးဆုံးမရသည့်အခါတိုင်း စည်းမဲ့ကမ်းမဲ့ တွေ့ရာနေရာကို ကြုံသလိုရိုက်လေ့မရှိသော ကျွန်တော့်ဖခင်ကိုလည်း ကျေးဇူး တင်ပါသည်။ ကလေးငယ်တို့၏ နှလုံးသားနုနုမှာ မြားတွေ စူးမ၀င်စတမ်း ကျွန်တော်တို့မှန်ကန်သောနည်းဖြင့် လမ်းပြနိုင်အောင် ကြိုးစားဖို့ အများကြီးလိုသေးသည်ဟုထင်ပါသည်။
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
(no title)
နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်ကို CT Scan ဖတ်ကြည့်ရာမှ ခန္ဓာကိုယ်အတွင်း မံမီပြုလုပ်ထားသည့် ရဟန်းတစ်ပါး၏ ရုပ်ကြွင်းတွေ့ ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment