Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
တွေးမိတွေးရာမြန်မာစာ (၅)
11:15 AM
ရဲကျော်သူရ
No comments
အစက်အပြောက် အပိုအလို ဖြုတ်တန်ဖြုတ်၊ ထည့်တန်ထည့် ကျွန်တော်သည် မြန်မာစာပေပညာရှင်တစ်ဦးမဟုတ်သလို မြန်မာစာအဓိက ဘာသာ ရပ်ဖြင့် ဘွဲ့ရထားသူ လည်းမဟုတ်ပါ။ မြန်မာစာပေ ချစ်မြတ်နိုးသူ တစ်ယောက် သာဖြစ်ပါသည်။ ချစ်မြတ်နိုး ဆိုသည့်စကားမှာ အလွန်အဓိပ္ပာယ် နက်ရှိုင်း ပါသည်။ မြတ်မြတ်နိုးနိုး တယုတယနှင့် အလွန်တန်ဖိုးထားနှစ်သက်သည် ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ အများစုမှားတတ်သော အမှားများကို ကျွန်တော်လည်းမှားတတ်သည်ဖြစ်၍ ထိုအမှားတို့ တတ်နိုင်သမျှ ကင်းစင်စေရန် တွေးမိတွေးရာ မြန်မာစာ ဟုခေါင်းစဉ်ပေးပြီး ကျွန်တော် မှတ်သားသည့် နည်းကိုပြန်လည်မျှ ဝေခြင်းသာဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် apostrophe + s ('s) ကို subject နှင့် verb to be တစ်ခုခု တို့တွဲသည့်အခါ အတိုကောက် ပုံစံအဖြစ် (He is = He's, She was = She's, She has been = She's been, It is = It's, It has been = It's been စသဖြင့်) တွဲဖက် သုံးစွဲသလို၊ possessive adjective အဖြစ်လည်း apostrophe + s ('s) သုံးစွဲ သည် ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ- John's car, Mary's mother, David's uncle ။ ဂျွန်ရဲ့ကား၊ မေရီရဲ့အမေ၊ ဒေးဗစ်ဦးလေး။ မြန်မာဘာသာစကား တွင်လည်း အင်္ဂလိပ်ဘာသာစကား apostrophe + s ('s) ကို possessive adjective အဖြစ် သုံးသလိုသုံးသည့် သင်္ကေတ တစ်ခုရှိပါသည်။ ယင်းမှာ အောက်မြစ် (.) ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အောက်မြစ်ကို သံရှည်မှ သံတိုပြောင်းသည့်စကားလုံးများအတွက် အသုံးပြုလေ့ရှိပါသည်။ ဥပမာ- မယ်၊မယ့်၊ သယ်၊ သယ့်၊ ရဲ၊ ရဲ့၊ တဲ၊ တဲ့၊ ခဲ၊ ခဲ့၊ သည်၊ သည့်၊ မည်၊ မည့် အစရှိသည့် စကားလုံးများတွင် အောက်မြစ် မပါသော စကားလုံး များကို အောက်မြစ်ထည့်လိုက်သည့်အခါ သံရှည်မှ သံတိုပြောင်းသွားပြီး သံပြင်း (ဃောသသံ) ထွက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့အသုံးမျိုးအပြင် ပိုင်ဆိုင်မှု အဓိပ္ပာယ်အဖြစ်လည်း အောက်မြစ်ကို သုံးနိုင် ပါသည်။ ဥပမာ- ခင်ခင်ရဲ့/၏ ဦးလေး ၊ ခင်ခင့်ဦးလေး၊ ကျော်ကျော်ရဲ့/၏ အမ၊ ကျော်ကျော့်အမ၊ ဇော်ဇော်ရဲ့/၏ ရည်းစား၊ ဇော်ဇော့် ရည်းစား၊ ငါရဲ့/၏ ဦးခေါင်း၊ ငါ့ဦးခေါင်း၊သူရဲ့/၏ ဆွဲကြိုး၊ သူ့ဆွဲကြိုး၊ စသည်ဖြင့် ပိုင်ဆိုင်မှုကိုပြသော ရဲ့နှင့်၏ တို့ကိုဖြုတ်၍ အောက်မြစ် ထည့်လိုက်သည့်အခါ ပိုင်ဆိုင်မှု အဓိပ္ပာယ်ဖြစ်သွားပါသည်။ အချို့နေရာတွင် ယင်းကဲ့သို့ အောက်မြစ်ထည့်၍ ရေးပါက စာ/အသံ ပို၍ချောမွေ့ပြေပြစ် ပါသည်။ "ကျော်ကျော်ရဲ့ဦးလေး က ဇော်ဇော်ရဲ့ အဖေအတွက် ဂျပန်က နာရီ တစ်လုံးဝယ်လာတယ်" အစား "ကျော်ကျော့်ဦးလေး က ဇော်ဇော့်အဖေ အတွက် ဂျပန်က နာရီတစ်လုံးဝယ်လာတယ်" ဟုပြောဆိုရေးသား ခြင်းက ပိုအဆင်ပြေသလို ငါရဲ့နိုင်ငံတော်၊ ငါရဲ့နိုင်ငံသား အစား ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားဆိုသည့် အသုံးက ပိုချောမွေ့ပါသည်။ အောက်မြစ်တွေ အများအပြားပါသော "ငါ့အိမ်၊ ငါ့ရာ၊ ငါသာကောင်းစားရေးအတွက် ငါကျိုးကြည့်ကြသလေ။ ငါ့သား၊ ငါ့မယားပါမကျန်၊ ငါ့ဆွေ၊ ငါမျိုး၊ ငါကျိုးတစ်ရာ၊ ငါ့ကမ္ဘာ ငါဆောက်၊ ငါတစ်ယောက်တည်း ကောင်းချင် သာချင်ပေ။" ဆိုသည့် ကျွန်တော်တို့ ငယ်စဉ်က မြန်မာ့အသံက မကြာခဏ ထုတ်လွှင့်လေ့ရှိသည့် အတ္တအကျဉ်းသား သီချင်းကို သတိရမိသည်။ ထိုသို့အောက်မြစ်ထည့်ရာတွင် မူလစကားလုံးက သံညှင်း (အဃောသသံ) ဖြစ်နေ မှသာ အောက်မြစ်ထည့်လို့ရပါသည်။ မူလစကားလုံးက သံပြင်း (ဃောသသံ) ဖြစ်နေ လျှင်မူ အောက်မြစ် ထည့်စရာမလိုဘဲ အလိုလိုပိုင်ဆိုင်မှု အဓိပ္ပာယ်ထွက် ပါသည်။ ကျော်ကျော်ရဲ့ကွန်ပြူတာကို ကျော်ကျော့်ကွန်ပြူတာဟု ပြောဆိုရေးသားလေ့ရှိသော်လည်း ထွန်းထွန်းအဖေ၊ အေးအေးဒေါ်လေး၊ ဇော် ဦးယောက္ခမ၊ ကျော်သောင်းကုမ္ပဏီတို့တွင်မူ အောက်မြစ် ထပ်ထည့်စရာမလိုပါ။ ထည့်လို့လည်းမရပါ။ ခြွင်းချက်အနေဖြင့် သံညှင်း (အဃောသသံ) ဖြစ်သော် လည်း အောက်မြစ်ထည့် စရာမလိုသည့် စကားလုံးအချို့ရှိပါသည်။ တိုင်း သည် သံပြင်း (ဃောသသံ ) ဖြစ်၍ အောက်မြစ်မထည့်ဘဲ တိုင်းလက်ရွေးစင် ဟု ပြောဆိုရေးသားသော် လည်း ပြည်နယ်လက်ရွေးစင်ကို ပြည်နယ့်လက်ရွေးစင်ဟုရေးလေ့မရှိပါ။ တို့ ကို တစ်ခုထက်ပိုသော ပစ္စည်း အဖြစ်လည်းကောင်း အများကိန်းပြောသူ နာမ်စားအဖြစ်လည်းကောင်း သုံးကြသည်ဟု သဒ္ဒါစာအုပ် အတော်များများ တွင်ဖေါ်ပြကြပါသည်။ "ခင်မောင်မြင့်တို့ကတော့ လုပ်လိုက်မှဖြင့် တလွဲချည်းပဲ" တွင် ပါသည့် တို့မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရှိရှိသမျှ ခင်မောင်မြင့်အားလုံးကို ဆိုလိုသည် မဟုတ်ပါ။ "ကျုပ်တို့ကတော့ ဒါမျိုးမကြိုက်ပေါင်။" ဟူသည့် ၀ါကျတွင်ပါသော ကျုပ်တို့ ဆိုသည်မှာ ကာယကံရှင်တစ်ဦးတည်းကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပါသည်။ "ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန် သတဲ့ဆူ" ဆိုသည့်သီချင်း စာသားကို ငယ်စဉ်က သဘောမပေါက်ခဲ့။ "ဘယ့်နှာလဲ… မန္တလာမြင့်လည်းပြောသေးတယ်၊ ရန်ကုန်သူလို့လည်းဆိုသေးတယ်" ဟု ငယ်စဉ်က ကလေးအတွေးနှင့် အတွေးခေါင်မိပါသည်။ နောင်မှ မန္တလာမြင့်တို့ရန်ကုန်သူ ဆိုသည်မှာ ချစ်စနိုးဖြင့် ငေါ့ထားသည့်လေ မှန်း သဘောပေါက်လာပါတော့သည်။ "ကျုပ်တို့ကျော်မြင့်ကြီးကတော့ဗျာ၊ ခင်သစ္စာကလျာ သိမ့်သိမ့်ဖြိုး တို့ကတော့လေ" စသည်တို့မှာ အများကိန်းကိုပြောဆိုခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်ကို အထူးပြု ပြောဆိုခြင်းသာဖြစ်ပါသည်။ တစ်ဖန် တို့ တွင် ပိုင်ဆိုင်မှုသဘော၊ ရင်းနှီးကျွမ်းဝင်မှုသဘောပါသည် ကိုလည်းတွေ့ရ မည်ဖြစ်သည်။ "ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ပေဖူးလွှာ" ဆိုသည့် သီချင်း စာသားပါ အဓိပ္ပာယ်မှာ ပိုင်ဆိုင်မှုသဘော၊ ရင်းနှီးကျွမ်းဝင်မှု သဘောပါ ပါသည်။ "ပျိုတို့မောင် ယာမလုပ်တယ်၊ ၀ါးခုတ်တဲ့တောင်" ဟူသည့် ကဗျာပါဒပါ "ပျိုတို့မောင်" စာသားမှာလည်း ထိုကဲ့သို့ပင် ရင်းနှင်းကျွမ်းဝင်မှုသဘော၊ ပိုင်ဆိုင်မှု အဓိပ္ပာယ်များဖြင့် ထုံမွမ်းရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ မြန်မာစာရေးသားရာတွင် ၀ိဘတ်၊ ပစ္စည်း အချို့မှာ သဒ္ဒါသဘော အရထည့်ရေးနိုင်သော်လည်း ဖြုတ်ရေးမှ ဖတ်ကောင်း သော ၀ါကျများလည်းရှိပါသည်။ "ကျော်ကျော်မနေ့က ကော်ဖီတစ်ခွက်ကိုသောက်ခဲ့သည်။" ဆိုသည့် ၀ါကျမှာ သဒ္ဒါ သဘော အရ မှားသည်ဟုမဆိုနိုင်သော်လည်း အင်္ဂလိပ်စာသြဇာမကင်းသည့် မြန်မာ စာ အရေးအသားဖြစ်ပါသည်။ "ကျော်ကျော်မနေ့က ကော်ဖီတစ်ခွက်သောက်ခဲ့သည်။" ဟုရေးလျှင် အဓိပ္ပာယ် ပြည့်စုံပါပြီ။ "ကို" ထည့်ရေးစရာမလိုပါ။ အကယ်၍ ကိန်းဂဏန်း ကို အထူးတလည် ထည့်ပြောစရာမလိုပါက "ကျော်ကျော်မနေ့ က ကော်ဖ်ီသောက်ခဲ့ သည်။" ဆိုလျှင် လုံလောက်ပါသည်။ တစ်ခွက်ပင် ထည့်ရေးစရာ မလို ပါ။ ကျွန်တော့်သဘောပြောရလျှင် ခဲ့ပင်မလိုဟုထင်ပါသည်။ မြန်မာအသုံး "ခဲ့" ဆိုသည်မှာ အင်္ဂလိပ် Past Tense မဟုတ်ပါ။ မြန်မာစာ၊ စကားတွင် Tense မရှိဆိုသည့် ဆရာမောင်သာနိုးအဆိုကို ကျွန်တော် သဘော တူပါသည်။ မြန်မာလူမျိုး တစ်ယောက်ကို မင်းအမေဘယ်သွားလဲဟုမေးပါက "အမေ ဈေးသွားတယ် ဦးလေး. ." ဟုသာ ဖြေပါလိမ့်မည်။ မည်သည့် မြန်မာလူမျိုးကမှ "အမေဈေးသွားနေတယ်၊ အမေ ဈေးသွားခဲ့တယ်၊ အမေဈေးသွားပြီးပြီ" ဟုဖြေလိမ့်မည်မဟုတ်ပါ။ "မြန်မာလူမျိုးတို့သည် ထမင်းကိုစားကြသည်။" အစား "မြန်မာလူမျိုးတို့သည် ထမင်းစား ကြသည်။" "မြန်မာ လူမျိုးတို့ ထမင်းစားကြသည်။" "မြန်မာတို့ ထမင်းစားကြသည်။" စသည်ဖြင့် အကြောင်းအရာပေါ်လိုက်၍ အဆင်ပြေသလို ရေးသားနိုင်ပါသည်။ "မေရီသည် ပိုက်ဆံအိတ်ကို ဖွင့်ခဲ့ပြီး ဒေါ်လာတစ်ရာတန် တစ်ရွက်ကို ဆွဲထုတ်ခဲ့ကာ လမ်းဘေးမှ အဖိုးအိုတစ်ဦးကို ပေးခဲ့သည်ကို ကျွန်တော် မနေ့က မြင်ခဲ့ပါသည်။" "လေ သည် သစ်ရွက်များကို ကြွေစေ၏။" "ဆရာသည် ကျောင်းသားများကို စာကျက်စေ သည်။" "သူမ၏ အပြုံးသည် ကျွန်တော်၏ သောကများကို ပြေပျောက်စေသည်။" ဆိုသည့် ဘာသာပြန် အရေးအသားမျိုးမှာ မြန်မာစာ မနိုင်နင်းသည့် အရေးအသား မျိုးဖြစ်ပြီး အလွန်ဖတ်ရဆိုးပါသည်။ အင်္ဂလိပ်စာသင်ရာတွင် မြန်မာကျောင်းသားများ နားလည်ရန် ရှင်းပြရာ၌ အချို့နေရာ များတွင် အခက်အခဲရှိပါသည်။ ဥပမာ verb to be ဖြစ်သော am, is, are, was, were သင်ရာတွင် မြန်မာကျောင်းသားများနားလည်စေရန် ရှိသည်၊ ဖြစ်သည် ဟုသင်ကြရ သည်။ မှားသည်ဟုမဆိုပါ။ သို့သော် ဆရာလုပ်သူက ရှင်းပြတတ်ဖို့လိုပါလိမ့်မည်။ am, is, are, was, were ဆိုတာ နောက်က noum ကပ်လျှင် ဖြစ်သည်/ဖြစ်တယ်၊ preposition နဲ့တွဲထားတဲ့ နေရာပြ ပုဒ်စုကပ်လျှင် တစ်နေရာရာမှာ တစ်စုံတစ်ခု ရှိသည်/ရှိတယ် လို့ အဓိပ္ပာယ်ထွက်သဟေ့။ ဒါပေမဲ့ ဆရာတို့ မြန်မာစကား မှာတော့ နေရာတကာ ဖြစ်သည်/ဖြစ်တယ်၊ ရှိသည်/ရှိတယ် လို့ ပြောလေ့/ရေးလေ့ မရှိဘူးကွ။ စသည်ဖြင့် ရှင်းပြသင့်ပါသည်။ ထိုသို့သေသေချာချာ မရှင်းပြသဖြင့် "I am a teacher. ကို ကျွန်တော် သည် ကျောင်း ဆရာ တစ်ယောက်ဖြစ် ပါသည်။ His father is a doctor. ကို သူ့အဖေသည် ဆရာဝန် တစ်ယောက်ဖြစ်ပါသည်။ They are farmers. သူတို့သည် လယ်သမား များ ဖြစ်ကြ ပါသည်။ He is in the room. သူအခန်းထဲမှာရှိသည်။ They are at mome. သူတို့ အိမ်မှာရှိကြသည်။" ဟူ၍သာရေးကြတော့သည်။ "ကျွန်တော် ကျောင်းဆရာပါ။ သူ့အဖေ က ဆရာဝန်လေ။ သူတို့ လယ်သမားတွေပါ။ သူအခန်းထဲမှာ။ သူတို့အိမ်မှာလေ။" ဟု ပြောရ/ရေးရကောင်းမှန်း မသိကြတော့ဟု ဆရာမောင်သာနိုးဆိုပါသည်။ ယင်းအဆိုကိုကျွန်တော်သဘောကျနှစ်သက်မိသည်။ မည်သည့် မြန်မာလူမျိုးမှမပြောသည့်စကားကိုပြောဆိုရေးသားနေသည်တို့ကို ကြည့်ရသည်မှာ မျက်စိစပါးမွှေး စူးရုံမျှမက နားပါကလောပါသည်။ ဘာသာစကားတိုင်း တီထွင်ဖန်တီးမှုအသစ်တို့ရှိစမြဲဖြစ်သည်။ တီထွင်ပါ။ ဖန်တီးပါ။ သို့သော် မဖျက်ဆီးပစ်လိုက်ဖို့တော့ အရေးကြီးပါသည်။
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment