Tuesday, April 22, 2014


(22.42014)
ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်၊ ဘောင်တွေတော့မသိနိုင်တော့ဘူးပေါ့။
ဗမာဆိုတော့ ကိုယ့်အမျိုးဗမာတွေကောင်းကျိုးကိုလိုလားပြီး ကိုယ့်အမျိုးဂုဏ်ကိုမြင့်စေချင်ပါတယ်။
ကိုင်း ကျွန်တော်တို့အမျိုးတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို တစ်ချက်လောက်စောင်းငဲ့ကြည့်လိုက်ကြ ရအောင်။
အားသာချက်များ………………………
၁။ မျိုးချစ်စိတ်ဓာတ်ပြင်းထန်ခြင်း - နည်းပညာ၊ လက်နက်အင်အား အဆမတန်ကွာခြားလို့ မနိုင်မှန်းသိပေမဲ့ နယ်ချဲ့၊ ဖက်စစ် ကျူးကျော်စစ်တွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တဲ့ သမိုင်းအစဉ်အလာရှိပြီးသားမို့ အထူး မပြောလို တော့ပါ။ ဒီထဲမှာ အမျိုး၊ ဘာသာ၊ သာသနာ ချစ်မြတ်နိုးတဲ့စိတ်က ပါပြီးသားဖြစ်ပါတယ်။
၂။ မေတ္တာနှင့်ကရုဏာစိတ်ကြီးမားခြင်း - ဗြဟ္မစိုရ်တရားလေးပါးထဲက ရှေ့နှစ်ပါးပါ။ ကိုယ့်အမျိုးကိုနှိပ်စက်သတ်ဖြတ်ခဲ့ တဲ့ ဖက်စစ်ဂျပန်တွေကိုတောင် စစ်ရှုံးလို့ပြေးတဲ့အချိန်မှာ ဝှက်ထားပေးတဲ့လူမျိုးပါ။
၃။ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားခြင်း - မိမိနိုင်ငံပညာရေးစနစ် မကောင်းတဲ့ကြားက နိုင်ငံတကာမှာ အတတ်ပညာ တစ်ခုခု သွားရောက်သင်ယူလေ့လာတဲ့အခါ ထူးထူးချွန်ချွန်အောင်မြင်လာတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ ဗမာလူမျိုး ဟာ တစ်ခုခုကို သင်လွယ်တတ်လွယ်ပါတယ်။

၎။ သဒ္ဓါတရားကောင်းခြင်း - ဒါကတော့ ကျွန်တော်တို့ဘာသာတရားရဲ့ သွန်သင်မှုကနေမြစ်ဖျားခံလာတာလို့ ပြောရမယ် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကိုက သေရင် ကုသိုလ်ကလွဲလို့ ဘာမှပါမလာပါဘူး။ (ဒါက အများသုံးစကားနဲ့ ပြောရတာပါ၊ ဒီစကားအတိုင်းဆိုရင်လည်း ဿသတဒိဌိမလွတ်ပါဘူး။)

အားနည်းချက်များ……………………….
၁။ အာဏာမက်ပြီး အာဏာအလွဲသုံးစားလုပ်ခြင်း - အထူးတလည်ပြောစရာလိုမယ်မထင်ပါဘူး။ ပဒေသရာဇ်ခေတ် ကနေ ဒီကနေ့အချိန်အထိတွေ့မြင်နေရတဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အဓိကအားနည်းချက်ပါ။ ရပ်ကွက်ထဲက ဆယ်အိမ် မှူး၊ ရာအိမ်မှူးကနေ ခါးကြားမှာ လက်ထိတ်ချိတ်ပြီး ရပ်ကွက်၊ ကျေးရွာထဲမှာ လတ်လျားလတ်လျားသွားနေတဲ့ အရံမီးသတ်အထိ အလွန်အာဏာမက်ပြီး ပြည်သူကို အင်မတန်မှ ဒုက္ခပေးပါတယ်။ ကျွန်တော်တပ်ကထွက်ပြီး အနှစ်နှစ်ဆယ်ကျော်ကာလအတွင်း ကြုံတွေ့ခဲ့ရတာ ပြန်ချရေးရင် ဝတ္ထုတစ်ပုဒ်ဖြစ်သွားနိုင်ပါတယ်။ ဒီကိစ္စက နိုင်ငံရေး စနစ်နဲ့လည်းဆိုင်မယ်ထင်ပါတယ်။ စနစ်ကခွင့်ပြုထားလို့သာ ပြည်သူကိုနှိပ်စက်ခွင့်ရနေတာပါ။
၂။ အဒိန္နာဒါဏာကံကိုအလွယ်တကူကျူးလွန်ခြင်းနှင့် အချောင်လိုချင်သည့် စိတ်ဓာတ်ရှိခြင်း - စစ်ဘက်၊ နယ်ဘက် ဌာနဆိုင်ရာ အသီးသီးအပါအဝင် ပြင်ပက အရပ်သားများပါ ခိုးတဲ့အလုပ်ကို ထမင်းစားရေသောက်လို အလွယ်တကူ ကျူးလွန်လေ့ရှိပါတယ်။ အဲဒီလိုခိုးခွင့်ရတာကို တလွဲဆံပင်ကောင်း ဂုဏ်ယူနေ တတ်ကြပါသေးတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေကလည်း မိမိရထားတဲ့လုပ်ပိုင်ခွင့်ဘောင် ထဲကနေ ပျော်ပျော်ကြီး ခိုးကြတယ်။ ဆူနာမီဖြစ်စဉ်တုန်းက ပင်လယ် ကမ်းခြေက ရွာတွေနဲ့ ကျွန်းတွေက ရွာတွေကို အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေ သွားလှူ ခဲ့ဖူး ပါတယ်။ အဲဒီဒေသမှာ မူဆလင်ဘာသာဝင် မလေးအနွယ်ဝင် ပသျှူးတွေနေတဲ့ရွာ တချို့ရှိပါတယ်။ အင်မတန်ရှက်ရွံ့ ဝမ်းနည်းစရာ ကောင်း တာက ပသျှူးရွာတွေ မှာ ဘာပစ္စည်းမှ မပျောက်ဘဲ ဗမာရွာတိုင်းလိုလိုမှာ ပစ္စည်းတွေ တစ်ခုမဟုတ် တစ်ခု ပျောက် ပါတယ်။ အတော်စိတ်ပျက် စရာကောင်းတာပါ။ ဒီလိုပဲ ရွာတစ်ရွာမှာ ယင်လုံအိမ်သာ အလုံး ၂၀၀ လောက်ထောက်ပံ့တဲ့ အခါ အဆင်းရဲဆုံးလူတွေ ကို ကျေးရွာက စေတနာ ရှင်တွေကို အရွေးခိုင်းပြီး ထောက်ပံ့ပါတယ်။ အဲဒါကို သေသေချာချာ ရှင်းပြထားပါ လျက်ကနဲ့ ဒေသအခေါ် ဝိုင်းပိုက်လှေ လေးငါးစီးရှိတဲ့ အိမ်ကလည်း သူတို့ကိုပေး ဖို့လာတောင်းဆိုပါတယ်။ ဟုတ်ကဲ့ ဝိုင်းပိုက်လှေတစ်စီးကို သိန်း ၃၀၀ ကျော်လောက် တန်ပါတယ်။
၃။ က္ကုဿ၊ မစ္ဆရိယ (မနာလို၊ ဝန်တို) စိတ်ကြီးမားလွန်းခြင်း - ဗမာတွေဟာ ကိုယ့်ထက် နိမ့်ပါးနေတဲ့အချိန်မှာ တခြားသူ အပေါ် မေတ္တာနှင့်ကရုဏာစိတ်ကြီးမားပေမဲ့ ကိုယ့် ထက်သာသွားတဲ့အချိန်မှာ လူတစ်ဖက်သားအပေါ် က္ကုဿ၊ မစ္ဆရိယ (မနာလို၊ ဝန်တို) စိတ်ကြီးမားလွန်းတာကို တွေ့ရပါလိမ့်မယ်။ က္ကုဿ၊ မစ္ဆရိယ စိတ်ဟာ လူတိုင်းမှာရှိပါတယ်။ ကျွန်တော် ပြောချင်တာက သူများထက်ပိုကြီးမားတာကိုထောက်ပြချင်တာပါ။ ဥပမာ - ရပ်ကွက်ထဲက လက်လုပ်လက်စားသားသမီး တစ်ယောက်လောက် အရာရှိဖြစ်သွား တယ်ဆိုရင် ကျန်တဲ့သူတွေက မနာလိုဝန်တိုဖြစ်တတ်ကြတာမျိုးပါ။ ကျွန်တော် ဆိုင်ကယ်တက္ကစီမောင်းနေရင်း မမျှော်လင့်ဘဲ INGO တစ်ခုမှာ အလုပ်စရတော့ တချို့ဆို စကားတောင် မပြောတော့ ပါဘူး။ အဲ အလုပ်လည်းပြုတ်ရော မှတ်ပလားကွ ဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့

၎။ အလွန်အကျွံသမား လုပ်စားသူများ များပြားခြင်း - ပဲခူးရိုးမတောထဲက ဖအေအရင်း ကို စွဲချက်တင်ပြန်သတ်တဲ့ အဖြစ် အပျက်ကနေ ၈၈ အရေးအခင်းကာ လ ခေါင်းဖြတ်ပွဲ အလယ် ABSDF မြောက်ပိုင်းလူသတ်ပွဲအထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်တွေက သက်သေပါ။ လွတ်လပ်ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခွင့်အစား ငါနဲ့မတူငါ့ရန်သူ ဆိုတဲ့မူဝါဒကို လက် ကိုင်ထားတဲ့သူတွေများပါတယ်။
၅။ အပျော်ကျူးခြင်း - ထိုင်းနိုင်ငံမှာ သင်္ကြန်ပွဲကို တစ်ရက်သာကျင်းပတယ်လို့ သိရပါ တယ်။ ကျွန်တော်တို့ဆီမှာတော့ အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်ကျင်းပ ပါတယ်။ လူဦးရေ ၁၀၀၀၀၀ (တစ်သိန်း) ရှိတဲ့မြို့တစ်မြို့မှာ သင်္ကြန် ကာလ လေးရက် အတွင်း လူပေါင်း ၅၀၀၀၀ (ငါးသောင်း) လောက်ပဲ သောက်စားတယ် ဆိုကြပါစို့။ တစ်ယောက်ကို တစ်ရက် ၂၀၀၀ ဖိုးလောက်တော့ အနည်းဆုံး သောက်ကြပါတယ်။ တစ်ရက် ၂၀၀၀ x ၅၀၀၀၀ = ၁၀၀၀၀၀၀၀၀ (သိန်းတစ်ထောင်)၊ ၁၀၀၀၀၀၀၀၀ x ၄ ရက် = ၄၀၀၀၀၀၀၀၀ (သိန်းလေးထောင်) ရပါတယ်။ လေးရက်အတွင်း တစ်တိုင်းပြည် လုံး ဖြုန်းတဲ့ငွေကို တွက်သာကြည့်ပါတော့။
၆။ စည်းမဲ့ကမ်းမဲ့နေထိုင်တတ်ခြင်း - စည်းမဲ့ကမ်းမဲ့ အသံချဲ့စက်ဖွင့်တာ၊ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်တာ၊ တစ်ခုခု အတွက် တန်းစီရတဲ့အခါ အများနည်းတူ တန်းမစီချင် ဘဲ ရှေ့ကျော်တက်ဖို့ချောင်းနေတတ်ပြီး လစ်တာနဲ့ ကျော်တက် တတ်တာ၊ အများ ပြည်သူအပန်းဖြေနေတဲ့ နေရာတွေ၊ ယာဉ်၊ ရထားတွေပေါ်မှာ ဆေးလိပ်သောက် တာ၊ သင်္ကြန်လေးရက် ပြီးပေမဲ့လည်း စည်းမဲ့ကမ်းမဲ့ ရေဆက်ပက်နေကြတာ စသဖြင့် တခြားသူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာရကောင်းမှန်းမသိကြပါဘူး။
လူမျိုးတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိကြစမြဲပါ။ အားနည်းချက်ကို တဖြည်းဖြည်းပျောက်အောင်ဖျောက်ပြီး အားသာချက်ကို ပိုပြီးတည်တံ့ခိုင် ခန့်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ကဏ္ဍအသီးသီးမှာ ကျွန်တော်တို့လူမျိုးတွေ တိုးတက်လာမှာပါ။

အနာသိမှ ဆေးကုလို့ရမှာပါ။ အနာတခြား ဆေးတခြားမဖြစ်ဖို့လည်း အရေးကြီးပါတယ်။
ခင်ဗျားပြောတာ တစ်ခုမှ မဟုတ်ဘူးလို့များ ငြင်းလာခဲ့ရင် ကျွန်တော် အင်မတန်ပျော်မိမှာပါ


ချစ်ခင်လေးစားလျက်..

0 comments:

Post a Comment