အမေ....
စကားလုံးနှစ်လုံးတည်းနဲ့
ဘာမှထပ်ပြီး ဖြည့်စွက်စရာမလိုတော့အောင်
ပြီးပြည့်စုံနေတဲ့
ကျွန်တော်တို့ဘဝရဲ့
ထာဝရ ပန်းချီကား
နှလုံးသားနဲ့ရေးဆွဲ
သွေးကြောမျှင်တွေထဲအထိ စိမ့်ဝင်
တသွင်သွင်စီးဆင်းနေတဲ့
သီတာရေစင်.....။
အနားသတ်ကမ်းမရှိ
ကျယ်ပြောလှတဲ့
ကျွန်တော်တို့ရဲ့ မဟာသမုဒ္ဒရာပေါ့....။
မော့ကြည့်လိုက်တိုင်း
မိုးကောင်းကင်ကိုသာ
မြင်ရလောက်အောင်
မြင့်
မား
လှ
တဲ့
ကျွန်တော်တို့ရဲ့ မြင့်မိုရ်တောင်လေ.....။
စစ်သားတွေကို ချစ်တဲ့
စစ်သားမယားအမေ........................။
ကျွန်တော်တို့အတွက် သူတော်စင်
ကျွန်တော်တို့အတွက် သူရဲကောင်း
ကျွန်တော်တို့အတွက် မဟာဝီရ ရသ
ကျွန်တော်တို့အတွက် လောကကိုစိန်ခေါ်
ကျွန်တော်တို့အတွက် ကံကြမ္မာကို အရှုံးမပေး
ကလေး ငါးယောက်နဲ့ လေးတန်းမအောင်တဲ့
၃၆ နှစ်အရွယ် မုဆိုးမတဲ့
တော်တန်ရုံ မိသားစုတော့
ပျင်းတယ်.....။
မနက်တိုင်း ၄ နာရီထတယ်
ညတိုင်း ၁၂ နာရီမှ အိပ်ရတယ်
အနှစ်နှစ်ဆယ်ကျော်
အမွေဆိုလို့
ကျွန်တော့်အဖေထားခဲ့တဲ့
အကြွေးတွေလေ
တက်ကျိုး ရွက်ပြတ်နေတဲ့
လှေပေါ်က
ကျောက်တုံးတွေပေါ့.....။
လေနီတွေကလည်း
ကြမ်းကြမ်းနိုင်လွန်း
လှိုင်းတွေက ဘောင်ဘင်ခတ်
ကမ်းက ခပ်ရေးရေး
တက်မရှိတော့
လက်နဲ့လှော်
ထိုင်ငြီးနေတယ်ဆိုတာ
အမေ့အဘိဓာန်မှာမရှိ
အမေလား....
ကျွန်တော်တို့မောင်နှမအားလုံးရဲ့
နပိုလီယံကြီးလေ......။
လှေဝမ်းပေါက်ပေမဲ့
အမေကမ်းမပျောက်ခဲ့ဘူး
လမ်းတစ်လျှောက်
လွမ်းလောက်စရာတွေကအပြည့်
ထန်းခေါက်ဖါ ခရီးသည် တစ်ယောက်လို
အို....အသင်လောကလို့
တမ်းတဟစ်ကြွေး
သံဝေဂသံလည်း မပေးဘူး......။
မုန့်ဟင်းခါး၊ ခေါက်ဆွဲ
ထမင်းသုတ်၊ ထမင်းကြော်
မုန့်လက်ဆောင်း၊ သာဂူ
ထိုးမုန့်၊ ဘိန်းမုန့်
အမျိုးမျိုး အဖုံဖုံ
နေပူ မိုးရွာမရှောင်
ပွင့်လင်းရာသီမရှိ
ဆယ့်နှစ်ရာသီလုံး
လောကဓံခြေကုတ်စခန်းတွေကို
ထိုးစစ်ဆင်နေတာ
အမေ......။
လောကဓံရိုက်ချက်ပြင်းပြင်းတွေကို
ချိုးကွေ့၊ လှည့်ပတ်
သည်းခံ ဖြတ်ကျော်
အောင်ပွဲကို ခေါ်လာခဲ့
အိုး.....ဟားဗတ်မတက်ဘူးတဲ့
ကျွန်တော့်အမေရဲ့ EQ လေ
ဘဝ တက္ကသိုလ်မှာ
ဂုဏ်ထူးနဲ့အောင်ခဲ့ပေါ့.....။
ဘာနဲ့မှမလဲနိုင်ပါဘူး
ဘယ်လောက်နဲ့မှ မရောင်းနိုင်ပါဘူး
ဗန်ဂိုးတောင် တွေဝေသွားခဲ့တဲ့
ကျွန်တော်တို့မောင်နှစ်မအားလုံးရဲ့
နှလုံးသားထဲက
ပန်းချီကားလေးတစ်ချပ်လေ
ဆေးသား
ဘယ်လောက်ပြယ်ပြယ်
အရောင်တွေ
အမြဲ
တောက်
ပ
သစ်
လွင်
သီ
တာ
ရေ
စင်..........................................။ ။
ရဲကျော်သူရ
0 comments:
Post a Comment