ကျွန်တော်တို့ရုံးမှာ သင်္ကြန်အလုပ်ပိတ်ရက်ကို
အစိုးရသတ်မှတ်ထားတဲ့ အတိုင်း ၁၀ ရက်ပိတ်ပါတယ်။ ပုံမှန်ကတော့ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်နဲ့
စနေနေ့ နေ့တစ်ဝက်ပိတ်ပါတယ်။ ကျန်တဲ့ တရားဝင်ရုံးပိတ်ရက်အားလုံးလည်း အစိုးရရုံးပိတ်ရက်အတိုင်းပဲ
ပိတ်ပါတယ်။
ရုံးပိတ်ရက်မှာ အလုပ်ရှိရင်
အလုပ်ဆင်းတဲ့ဝန်ထမ်းတွေ လုပ်အားခအပိုရပါတယ်။
ကျွန်တော်တို့အဆောင်က လူငယ်လေးတွေကိုမေးကြည့်တဲ့အခါ
မေးသမျှလူတိုင်းရဲ့အလုပ်မှန်သမျှ ၁၀ ရက်မပိတ် ပါဘူး။ ၅ ရက်ပိတ်တဲ့အလုပ်နဲ့၊ ၈ ရက်ပိတ်တဲ့
အလုပ်နဲ့ တစ်ယောက်တစ်မျိုးစီပါပဲ။ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ အလုပ်ပိတ်ရက်ကိုတောင်မှ
ခေါင်းပုံဖြတ်ချင်တဲ့ စီးပွားရေး သမားတွေဆီမှာ ဘယ်က Ethic တွေရှိပါ့မလဲဗျာ။
တကယ်ဆို ဒါဟာ ဥပဒေကို ချိုးဖေါက်နေကြတာပါ။
နိုင်ငံတော်အစိုးရက ဒီနေ့ရက်တွေမှာ ရုံးပိတ်ရမယ်လို့ သတ် မှတ်လိုက်တာ ဥပဒေကဲ့သို့ အာဏာတည်တဲ့
အမိန့်ပါ။ အဲဒီအမိန့်ကို ဆန့်ကျင်ပြီး မကြိုက်ရင်ထွက် ငါ့ကျောင်းတက် ငါ့စာအံလုပ်တာဟာ
အလုပ်သမားအခွင့်အရေးကို ချိုးဖေါက်တဲ့အပြင် ဥပဒေကိုပါ မထီမဲ့မြင်ပြုတာပါ။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့
အလုပ်သမားတွေရဲ့ အလုပ်ပိတ်ရက်ကို ခေါင်းပုံဖြတ်နေတဲ့ ဥပဒေကို မထီမဲ့မြင် လုပ်နေတဲ့
ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ မီဒီယာတွေကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူ
သင့်ပါတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဥပဒေကို လေးစားလိုက်နာလာပြီး ဥပဒေနဲ့အညီ
လုပ်ငန်း တွေ ဆောင်ရွက်တတ်တဲ့ အလေ့အထရလာမှာဖြစ်ပါတယ်။
အလုပ်ရဲ့လိုအပ်ချက်အရ
Flexible Working Hour ကို နားလည်ပေးနိုင်ပါတယ်။ Flexible Working Hour အနေနဲ့ လုပ်သားများနဲ့
ကြိုတင်ညှိုနှိုင်းပြီး တာဝန်ပေးရမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ ဒီမိုကရေစီတတွင်တွင်အော်နေတဲ့
အသိုင်းအဝိုင်းနဲ့ မီဒီယာလောကမှာ ဒီနိုင်ငံက သတ်မှတ်ထားတဲ့ အစိုးရတရားဝင်ရုံးပိတ်ရက်အတိုင်းရော
ပိတ်ကြရဲ့လား။ သိချင်စမ်းပါဘိ။
ထိုင်းနိုင်ငံမှာ တရားဝင်ရုံးပိတ်ရက်အားလုံး
အလုပ်ပိတ်ပေးရသလို အလုပ်ချိန် ၈ နာရီကျော်တာနဲ့ နောက်ထပ် လုပ်ရတဲ့ အချိန်ပိုကိုနှစ်ဆပေးပါတယ်။
ဒီကနေ့ ကမ္ဘာ့အလုပ်သမားနေ့လို့သိထားကြတဲ့
မေဒေးနေ့ဟာ အမေရိကန်ပြည်ထောင်စုကနေစလာတာပါ။ ဖို့ဒ်ကားထုတ်လုပ်တဲ့ ဟင်နရီဖို့ဒ်ဟာ အမေရိကန်
အလုပ်သမားအားလုံးအတွက် သူ့အလုပ်သမားတွေကို ဆန္ဒပြ ခိုင်းတာပါ။
အလုပ်သမားတွေက ဆန္ဒပြတာမဟုတ်ဘူးနော်။
ဖို့ဒ်က အလုပ်သမားတွေကို ဆန္ဒပြခိုင်းတာ။ မင်းတို့ဟာ လူတွေ ဖြစ်တယ်၊ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
အလုပ်ချိန်သတ်သတ်မှတ်မှတ် ရှိသင့်တယ်။ မင်းတို့ကိုတော့ ငါက တစ်နေ့အလုပ်ချိန် ၈ နာရီ
သတ်မှတ်ပေးလိုက်ပြီ။ ဒါပေမဲ့ မင်းတို့နဲ့ ဘဝတူအလုပ်သမားတွေကို သူတို့အလုပ်ရှင်တွေက
ခွင့်ပြုဦးမှာ မဟုတ်သေးဘူး။ ဒီတော့ မင်းတို့နဲ့ ဘဝတူညီနောင်အလုပ်သမားတွေအတွက် မင်းတို့လို
အခွင့်အရေးရအောင်
ဆန္ဒပြပေးကြပါဆိုပြီး အမေရိကန်တစ်နိုင်ငံလုံးက
အလုပ်သမားတွေအတွက် သူ့အလုပ်သမားတွေကို ဆန္ဒပြခိုင်းတာပါ။
တော်တန်ရုံ အသည်းနှလုံးနဲ့လူမျိုးမလုပ်နိုင်ပါဘူး။
ဒါဟာ အများပြောနေတဲ့
Ethic ကျင့်ဝတ်ထက်ပိုပါတယ်။ ကျင့်ဝတ်ဆိုတာထက် နှလုံးသားနဲ့ဆိုင်မယ်လို့ထင်ပါ တယ်။
လူသားဆန်တဲ့ နှလုံးသားပိုင်ဆိုင်တဲ့
တကယ့်လူသားဟာ ဘာပြဌာန်းချက်တွေမှမလိုဘဲ လူလူချင်းခေါင်းပုံ ဖြတ်ရမှာကို ရှက်ပါတယ်။
အလုပ်ရှင်ဖြစ်နေလို့ ခေါင်းပုံဖြတ်တယ်လို့
သုံးနှုန်းရပေမဲ့ တကယ်ကတော့ ခိုးမှုကျူးလွန်တာပါပဲ။ လုပ်သားတွေရဲ့ အချိန်ကို ခေါင်းပုံဖြတ်တယ်ဆိုတာ
လုပ်သားတွေရဲ့ လုပ်အားကို ခိုးတာပါ။ ဓားပြတိုက်တာလို့ပြောလည်းရမယ်ထင် ပါတယ်။ လုပ်သားအများစုက
စောဒကတက်ရင် အလုပ်ဖြုတ်ခံရမှာဆိုတော့ မတရားမှန်းသိသိကြီးနဲ့ ပြန်မပြောရဲကြ ဘူးမဟုတ်လား။
ဒါဆို ဓားပြနဲ့အတူတူပေါ့။
ကော့သောင်းမှာ တီးဂါးဒင်းန်ဆိုတဲ့
လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ဆိုင်ရှင်က အညာက ကျောင်းဆရာ ဟောင်းတစ်ယောက်ပါ။
ဆရာက သူ့အလုပ်သမားတွေကို အလုပ်ချိန် ၈ နာရီနဲ့တွက်ပြီး အဆိုင်းလိုက်ခွဲထားပါတယ်။ တခြားဆိုင်မှာ
လုပ်သက်ရင့် စားပွဲထိုးတစ်ယောက်ကို လစာ ၅ သောင်းလောက်ပဲပေးတဲ့အချိန်မှာ ဆရာ့ဆိုင်က
စားပွဲထိုးအသစ်တစ်ယောက်ဟာ လစာ လေးသောင်းနီးပါးရပါတယ်။
အဆိုင်းလိုက်ခွဲထားတော့ လုပ်သားတွေလည်း
ကိုယ့်အဆိုင်းနဲ့ကိုယ် သက်သောင့်သက်သာ အလုပ်ဝင်နိုင်တဲ့ အပြင် လစာကိုလည်း တခြားဆိုင်တွေထက်
မြှင့်ပြီးပေးထားတော့ ဆရာ့ဆိုင်က စားပွဲထိုးတော်တော်များများဟာ အလုပ်မြဲ ကြတာများပါတယ်။
တကယ်တော့ ဒီနိုင်ငံမှာ စီးပွားရေးလုပ်ရင်
ဒီနိုင်ငံကထုတ်ပြန်ထားတဲ့ ဥပဒေတွေကို နိုင်ငံသားလုပ်ငန်းရှင်တွေရော ပြည်ပရင်းနှီးမြှုပ်နှံသူတွေပါ
အားလုံးလေးစားလိုက်နာဖို့လိုပါတယ်။
လုပ်ငန်းရှင်ရော လုပ်သားများပါ
တစ်ဦးနဲ့တစ်ဦး အကျိုးတူပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ အပြန်အလှန် လေးစားပြီး
ဆောင်ရွက်သွားကြမယ်ဆို ကုန်ထုတ် လုပ်မှုပါတိုးတက်လာနိုင်တယ်လို့ ထင်ပါတယ်။
လုပ်ငန်းခွင်ဆိုတာ ပျော်စရာနေရာတစ်ခုဖြစ်သင့်ပါတယ်။
လုပ်ငန်းခွင်နဲ့ အလုပ်ရှင်ကို ကြောက်စရာတစ်ခုလိုမြင်နေ မယ်ဆိုရင် အဲဒီလုပ်ငန်းရေရှည်တိုးတက်ဖို့ဆိုတာ
အတော့်ကိုရုန်းကန်ရမှာပါ။
အားနည်းချက်တွေ၊ အားသာချက်တွေဆိုတာကတော့
နေရာတိုင်းမှာ ကြုံတွေ့ရမှာပါပဲ။ အခုဆောင်းပါးမှာ အဓိက ပြောချင်တာက တရားဝင်အလုပ်ပိတ်
ရက်အပေါ် ခေါင်းပုံဖြတ်တဲ့ ကိစ္စပါ။
ဂျာနယ်တစ်ခုမှာလုပ်ခဲ့စဉ်က
ရယ်စရာကောင်းတာရော သံဝေဂယူစရာလေးပါဖြစ်တဲ့ အဖြစ်ကို သတိရမိပါတယ်။ အဲဒီဂျာနယ်တိုက်က
တိုက်ရဲ့ သတင်းထောက်တွေကို အလုပ်သမားဆန္ဒပြတဲ့ သတင်းမျိုး လုံးဝမထည့်ခိုင်းပါဘူး။ သူ့လူတွေလိုက်ပြီး
အတုခိုးမှာ စိုးလို့ပါ။
ဒီမိုကရေစီစနစ်နဲ့ ကျင့်သားမရသေးတဲ့
နိုင်ငံဖြစ်တာကြောင့် ဥပဒေကို မထီမဲ့မြင်ပြုမှုတွေ၊ ဥပဒေကို လက်တစ်လုံး ခြား လုပ်ပြီး
လုပ်သားတွေဆီက အချိန်၊ လုပ်အားတွေကို ခေါင်းပုံဖြတ်တာတွေ တွေ့မြင်နေရဦးမှာပါ။ တကယ်တမ်း
တာဝန်ရှိတာကတော့ ဝန်ကြီးဌာနပါပဲ။
ဆန္ဒပြမှုတွေရှိနေတယ်ဆိုပေမဲ့
တချို့လုပ်ငန်းတွေက လုပ်ငန်းသဘာဝအလျောက်ကို ဆန္ဒပြဖို့အချိန်မရှိပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနက
လုပ်ငန်းတွေကို စစ်ဆေးတာတို့ အလုပ်ချိန်ခေါင်းပုံဖြတ်မှုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ လုပ်ငန်းရှင်ကို
ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေလုပ်မယ်ဆိုရင်တော့ တတ်နိုင်သမျှ ခေါင်းပုံဖြတ်မှု
လျော့ပါးသွားနိုင်မယ်ထင်ပါတယ်။
ဆင်းရဲသားက ခိုးတာပဲ ဖြစ်ဖြစ်၊
သူဌေးက အေးဓားပြတိုက်တာပဲ ဖြစ်ဖြစ် တစ်ခုမှ မကောင်းပါဘူး။ ဒါဟာ ကျွန်တော် တို့ရဲ့အမျိုးသားရေ
ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။
မြန်မာပြည်မှာ သွားမြှုပ်နှံကြရအောင်ဟေ့…။ သူတို့ဆီမှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစာ
လုပ်လို့ရသ ကွ ဆိုတဲ့ အမြင်မျိုးနဲ့ စီးပွားရေးသမားတွေချည်းပဲ တိုင်းပြည်ထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်
ခိုင်မာတဲ့ FDI (Foreign Direct Investment) တွေဝင်လာမှာ မဟုတ်ဘဲ ကမ္ဘာ့လူလည်ကြီးများသာ
ရောက်လာမှာ ဖြစ်ပါတယ်။
အခုမှ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့
တိုင်းပြည်မှာ စနစ်ဟောင်းက အကျင့်ဆိုးတွေ မဖျောက်နိုင်တဲ့သူတွေ အများကြီးရှိပါသေးတယ်။
ငါတို့ဟာ ပြည်သူကို
Serve လုပ်ရမှာပါလားဆိုတဲ့အသိ ဝန်ထမ်းတွေရဲ့စိတ်ထဲမှာ နှလုံးအိမ်ထဲအထိစွဲမြဲနေဖို့လို
ပါတယ်။
ထို့အတူပဲ ပြည်သူကလည်း ယဉ်ကျေးဖို့လိုပါတယ်။
ပြည်သူဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လည်း လာမအော်ပါနဲ့ ပြည်သူတွေထဲက မိုက်ရိုင်းတဲ့ အဖြစ်အပျက်
သာဓကတွေလည်း အများကြီးပါ။
ဒီတော့ အစိုးရတာဝန်ရှိဝန်ကြီးဌာနတွေအနေနဲ့
ပြည်သူက တိုင်ကြားမှ စုံစမ်းစစ်ဆေးတာထက် ပြည်သူကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ စီမံချက်တွေရေးဆွဲပြီး
ဆောင်ရွက်သင့်ပါတယ်။
အလုပ်ချိန်ခေါင်းပုံဖြတ်တာမျိုး၊
လုပ်ငန်းခွင်မှာ အနိုင်ကျင့်နှိပ်စက်တာမျိုးတွေကို တိုင်တာစောင့်မနေဘဲ မြို့နယ်အလိုက်
ပုံမှန်လိုက်လံ စိစစ်တာမျိုးတွေ၊ ဥပဒေချိုးဖေါက်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန်
အရေးယူတာမျိုးတွေ ဆောင်ရွက်ပေးမယ်ဆိုရင် လူထုလည်းချစ်၊ တိုင်းပြည်လည်းတိုးတက်၊ အစိုးရလည်း
နာမည်ကောင်းရမှာပါ။
ကျွန်တော်တို့ဆီမှာရော…။ ဒီမိုကရေစီ…ဒီမိုကရေစီနဲ့
တစာစာအော်နေကြတဲ့ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းမှာ အဲဒီလို ကျင့်ဝတ်တွေရှိရဲ့လား။
ကိုယ်က သီလမရှိဘဲ တခြားလူကို သီလရှိဖို့
တောင်းဆိုနေတာဟာ သဘာဝမကျပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံပြီး နိုင်ငံတကာ အသိုင်းအဝိုင်းထဲ
ဝင်မယ်ဆိုရင်တော့ မိမိတို့ကိုယ်မိမိတို့ အရင်ဆုံးပြင်ရပါလိမ့်မယ်။ အမြီးကျက် အမြီး
စား ခေါင်းကျက်ခေါင်းစား စိတ်ဓာတ်နဲ့ စီးပွားရေးလုပ်လို့ကတော့ သိန်းထောင်ကျော်တန်ကားစီးတဲ့
အောက်တန်း စား တောသူဌေးအဆင့်က တက်လာမှာမဟုတ်ပါကြောင်း……။ ။
0 comments:
Post a Comment