(27.4.2014)
ဘဝမှာ ကာယ၊ ဉာဏ အမျိုးမျိုးနဲ့
ရင်းပြီး ကျွန်တော်အလုပ်မျိုးစုံလုပ်ခဲ့ဖူးပါတယ်။
မခံချင်စိတ်နဲ့ အသက်ကြီးမှ
ဆယ်တန်းအောင်ဘွဲ့ရအောင်ကြိုးစားခဲ့သလို ဝါသနာအလျှောက် အင်္ဂလိပ်စာကို အရူးအမူး လေ့လာခဲ့တယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တတ်တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရဘူး။
ကျွန်တော်ကိုယ်တိုင် နိုင်ငံခြားမှာ
ကျောင်းမတက်ခဲ့ဖူးပေမဲ့ မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှကဘွဲ့ကို အယုံ အကြည် သိပ်မရှိပါဘူး။
ပညာနဲ့ဘွဲ့ဟာ ဆက်စပ်နေတာ မှန်ပေမဲ့ ပညာဆိုတာ ဘွဲ့အပေါ် လုံးဝတည်မှီ နေတာတော့ မဟုတ်ဘူး။
ကျွန်တော် INGO နှစ်ခုမှာ
အလုပ်လုပ်စဉ်က အမေရိကန်၊ အင်္ဂလန်နဲ့ ပြင်သစ် က ဒေါက်တာဘွဲ့ရလာတဲ့ ဆရာတွေနဲ့ အလုပ်တွဲလုပ်ခဲ့ရပါတယ်။
ဘာကွာလဲလို့မေးရင် ကျွန်တော်တစ်ခါပြောသလို မြန်မာပြည်မှာ The whole Myanmar second
ရတဲ့ဆရာနဲ့ အမေရိကန်မက်ဆာချူးဆက်က MBA ရပြီး ပြန်လာတဲ့ဆရာ Employee Performance
Appraisal လုပ်တဲ့ ဥပမာနဲ့ ပြောခဲ့ဖူးပါတယ်။ အရမ်းကွာပါတယ်ခင်ဗျား။ ဝန်ထမ်းတွေအတွက်
Capacity Building လုပ်တာလည်းကွာပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။
လူတစ်ယောက်က ပြောပါတယ်။ ကျွန်တော်ဟာ
ရုံးမှာရှိတဲ့ဝန်ထမ်းတွေကို တစ်ယောက်မှ အထင်မကြီးဘူးတဲ့။ ကျွန်တော် အံ့သြသွားတယ်။ အထင်ကြီးတယ်၊
မကြီးဘူးဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ Performance နဲ့သာ ဆိုင် ပါတယ်။ ကျွန်တော်က
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းအားကြီးနေတယ်လို့ ဆိုလိုတာ ဆိုရင်တော့ သွက်သွက်ခါ အောင်မှားသွားပါလိမ့်မယ်။
ကျွန်တော်မောင်ရဲကျော်သူရ ကိုယ့်ကိုယ်ကိုယ်ဘာမှ မတတ်သေးသူလို့သာ ခံယူပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပညာဆိုတာ
ဖွင့်ထားတဲ့ နှလုံးသားနဲ့ ဦးနှောက်ရှိသူထံကိုသာ ဝင်လာလေ့ရှိလို့ပါ။ ကိုယ့်ကိုယ်ကိုယ်
ငါသိ၊ ငါတတ် လုပ်လေ့ရှိသူထံ ပညာက ဘယ်တော့မှ ဝင်လာရိုး ထုံးစံမရှိလို့ပါ။ ကျွန်တော့်ခေါင်းထဲကို
ပညာတွေ ဝင်မလာမှာ ကျွန်တော် အင်မတန်ကြောက်ပါတယ်။
ဒီတော့ ကျွန်တော် ဘာကိုအထင်ကြီးလဲဆိုရင်
အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ သြစတေးလျ ထိပ်တန်း (ထိပ်တန်း) တက္ကသိုလ်တွေက ဆင်းလာတဲ့
Master ဘွဲ့ရတွေ၊ Ph D ဘွဲ့ရတွေကို အထင်ကြီးပါတယ်။ စစ်သားဘဝက ဆွာက သူငယ်ချင်းတွေနဲ့
ပတ်သက်ပြီး သိခဲ့ရတဲ့ ၆ တန်းမအောင်တဲ့ သမိုင်းကဝိလေးကို အထင်ကြီးပါတယ်။ သူက အမေရိ ကန်
သမိုင်းကိုအထူးပြုလေ့လာထားတာပါ။ ၁၆ ရာစုကနေစလို့ အမေရိကန်သမိုင်းတစ်ခုလုံးကို ကျမ်းကိုး
ကျမ်းကားနဲ့ ရှင်းပြနိုင်တဲ့ အပြင် ဂျော့ဝါရှင်တန် ကနေစပြီး အဲဒီအချိန်က ဂျော့ဒဗလျူဘုရှ်အထိ
သမ္မတ တစ်ယောက်ချင်း သမိုင်းကို အကြမ်းဖျဉ်းရှင်းပြနိုင်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံအပါအဝင်
အရှေ့တောင်အာရှက ဘွဲ့ရလာတဲ့သူတွေထဲက ရိုးသားတဲ့သူတွေကို အထင်ကြီး လေး စားပါတယ်။ ရိုးသားတဲ့သူဆိုတာ
ဘယ်တော့မှ သူမသိတာကို သိသယောင်ယောင်၊ မတတ်တာကို တတ်သယောင် ယောင်လုပ်လေ့ မရှိလို့ပါပဲ။
ဆယ်တန်းမအောင်ဘွဲ့မရပေမဲ့ ဆိုင်ရာအလုပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေ ကိုလည်း အထင် ကြီး
လေးစားပါတယ်။
ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကိုမှီပြီး
ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီလို့ ဆိုတဲ့ လူစား မျိုး၊ ဟယ်..အလုပ်ကို ရှုပ်လိုက်
တာမှ လိပ်ပတ်ကိုလည်နေတာပဲ ဆိုတဲ့လူစားမျိုး၊ ကျွန်တော်တို့ Middle Class တုန်းကတော့
အင်္ဂလိပ်စာ အရမ်း ကောင်းတာဗျ ဆိုတဲ့လူစားမျိုးတွေကိုတော့ Ph D ဆယ်ထပ်ကွမ်း ရထားလည်း
ကျွန်တော်အထင် မကြီးပါခင်ဗျား။
ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တွေ့ဖူးတဲ့
အမေရိကန်အပါအဝင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေက ပညာသင်လာတဲ့ ပုဂ္ဂိုလ်တွေဟာ စကားကို အခုလို
လက်လွတ် စပယ် ဘယ်တော့မှ ပြောလေ့မရှိတာပါပဲ။ ဒါ့ကြောင့် သူတို့ကို ဦးစားပေး အထင်ကြီး
တယ် လို့ပြောတာပါ။
ဒီလိုပဲ ကျွန်တော်က ဗမာတစ်ယောက်ဖြစ်တဲ့အပြင်
မြန်မာစာကို အင်မတန် ချစ်တဲ့သူ ဆိုတော့ မြန်မာစာကို ဖြစ်ကတတ် ဆန်း ရေးတာမြင်ရရင် သိပ်စိတ်တိုပါတယ်။
ဒီဘက်ခေတ်လူငယ်တွေ မြန်မာစာညံ့တယ်ဆိုပေမဲ့ နာယူလွယ်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်ပိုင်း
အယ်ဒီတာဖြစ်ပေမဲ့ မြန်မာစာနဲ့ပတ်သက်ပြီး မသိတာ၊ မရှင်းတာရှိရင် လူငယ်ဝန်ထမ်းတွေ ဟာ
တလေးတစားနဲ့ လာရောက်မေးမြန်းပါတယ်။
ကျွန်တော်တို့ အင်္ဂလိပ်စာ
ဝါသနာပါတဲ့သူတွေလောကမှာ ၆ လလောက် အပြင်းအထန် (အပြင်းအထန်) လေ့လာပြီး ဆက်မလေ့လာဘဲ ဖြတ်ပစ်လိုက်တဲ့သူ
ကို ကောက်ရိုးမီးဇွဲ လို့ ပြောလေ့ရှိပါတယ်။ ဒါကို မွေးကတည်းက ပြောလာ၊ ရေး လာတဲ့ မြန်မာ
စကားတောင် အဆီ အငေါ်တဲ့အောင် မရေး၊ မပြောတတ်တဲ့လူတစ်ယောက်က အင်္ဂလိပ်စာများ ဘာခက် တာ မှတ်လို့
၃ လလောက်လေ့လာလိုက်ရင် ရပါတယ်ဆိုတာ ကတော့ ထူးထွေတည့် အံ့ရာသော်လို့သာ ဆိုရမလို ဖြစ်
နေပါတယ်။
ကျွန်တော်သတိထားမိသလောက်တော့
အင်္ဂလိပ်စာဝါသနာပါတယ်ဆိုတဲ့ လူ ၁၀၀ မှာ တကယ် အပင်ပန်းခံ ကြိုးစားတဲ့ သူဟာ ၅ ယောက်နဲ့
၁၀ ယောက်ကြားမှာ သာရှိပါ တယ်။ အဲဒီအထဲကမှ ဇွဲရှိရှိနဲ့ တစိုက်မတ်မတ်လုပ်တဲ့သူဟာ ၂ ယောက်
၃ ယောက်လောက်သာရှိပါတယ်။ ထားပါတော့ ကျွန်တော်ပြောချင်တာ အင်္ဂလိပ်စာ အကြောင်း မဟုတ်ပါ။
ကျွန်တော် အနော်ရထာ၊ ဘုရင့်နောင်၊
အလောင်းဘုရား မင်းသုံးပါးကို အထင်ကြီး ပါတယ်။ စစ်မျက်နှာ နှစ်ခု ရင်ဆိုင်ရ မှာမို့
အယုဒ္ဓယကို အနိုင်တိုက်ပြီး ဖျက်ဆီးခဲ့ တဲ့ မြေဒူးမင်းကို အထင်ကြီးပါတယ်။ မင်းကြီး မဟာဗန္ဓုလကို
အထင်ကြီး ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို၊ ဦးသန့်ကို အထင်ကြီးပါတယ်။
ကနောင်မင်းသားကြီးကို၊ ယောအတွင်းဝန်
ဦးဘိုးလှိုင်ကို၊ သခင်ဘသောင်း ကို၊ ဒေါက်တာ ထင်အောင်ကို၊ ဒေါက်တာ နိုင်ပန်းလှကို၊ ဒေါက်တာ
သန်းထွန်း ကို၊ ဒေါက်တာ မင်းတင်မွန်ကို၊ ဒေါက်တာ မျိုးသန့်တင် ကို၊ ဒါက်တာ မြင့်သန်း
ကို၊ ဒေါက်တာ သိန်းထွန်းကို၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို၊ ဆရာဘုန်းတင့်ကျော် ကို၊ နိုင်ငံတကာ
က MBA, MPA ဘွဲ့ရတွေကို အထင်ကြီးပါတယ်။
စလေဦးပုညကို၊ ဝန်ကြီးပဒေသရာဇာကို၊
လှိုင်ထိပ်ခေါင်တင်ကို၊ စစ်ကိုင်းဦးဘိုးသင်း ကို၊ မြဝတီမင်းကြီး ဦးစကို၊ နဝဒေး ကို၊
ရှင်မဟာရဋ္ဌသာရကို၊ မြို့မငြိမ်းကို၊ ရွှေပြည်အေး ကို၊ ရွှေမန်းတင်မောင်ကို၊ မြို့တော်သိန်းအောင်ကို၊
ပြည်လှဖေ ကို၊ မေရှင်ကို၊ ဂီတ လုလင်မောင်ကိုကို ကို၊ ဂီတနက်သန် ကိုစောညိန်းကို၊ စန္ဒယားချစ်ဆွေကို၊
စန္ဒယား လှထွတ်ကို၊ ကိုလေးလွင်ကို၊ မောင်ဆွေနွယ်ကို၊ သော်ဒီဝေကို၊ ထူးအိမ်သင် ကို၊ ကေအေတီ
ကို၊ ဓိရာမိုရ်ကို၊ အရိုးကို၊ ချစ်စမ်းမောင်ကို၊ လေးဖြူကို၊ အငဲကို၊ မျိုးကြီးကို၊
ဂျောက်ဂျက်ကို၊ စိုင်းစိုင်းခမ်းလှိုင်ကို အထင်ကြီးပါတယ်။
ဟံသာဝတီ စအုပ်တိုက်ကြီးကို
စတင်တည်ထောင်ခဲ့တဲ့ ဖိလစ် အိပ်ခ်ျ ရစ်ပလီ ဆိုတဲ့ အာမေးနီးယန်း မျက်နှာဖြူကြီးကို၊ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းကို၊ ဒီးဒုတ် ဦးဘချိုကို၊ ဂျာနယ်ကျော် ဦးချစ်မောင်ကို၊ ဂျာနယ်ကျော်
ဦးတင့်ဆွေကို၊ ဗမာ့ ခေတ် ဦးအုန်းခင်ကို၊ အိုးဝေ ဦးညိုမြကို၊ မြန်မာ့အလင်း ဦးသန်းတင့်
ခေါ် ဆရာဓူဝံကို၊ ဦးအုန်းဖေခေါ် ဆရာ ဦးတက်တိုး ကို၊ လူထု ဦးလှကို၊ ဆရာ လူထု စိန်ဝင်းကို၊
ဆရာ ကျော်ဝင်းကို၊ ဆရာ ကိုသန်း (ကြည့်မြင်တိုင်) ကို၊ ဆရာမြေနီကုန်း ဖိုးလုံးကို၊ စသဖြင့်
ကျွန်တော်အထင်ကြီး တဲ့ သူတွေ အများကြီးပါ၊ ချရေးရင် မကုန်နိုင်ပါဘူး။
ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ကြတဲ့အပြင်
အများအကြိုးဆောင်ရွက်ခဲ့ကြတဲ့ သူတွေ အထင်မကြီးလို့ ဘယ်သူ့ အထင်ကြီးရပါ့မလဲ။ ဘယ့်နှယ်ဗျာ၊
တွေ့ကရာလူတော့ ဘယ်အထင်ကြီးနိုင်ပါ့မလဲ၊ နို့….အထင်ကြီး လေးစားတယ် ဆိုတာ လုပ်ယူလို့မှမရဘဲ။
ပြီးတော့ ကျွန်တော်အထင်ကြီးတဲ့သူတွေကို
မိတ်ဆွေတို့ အထင်ကြီးချင်မှ ကြီးမှာပေါ့။
ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီ
ရဲ့ လွတ်လပ်ခွင့် မဟုတ်ဘူးလား။
ကိုင်း…ဒီလောက်ပဲ ပြောပါရစေတော့…ဆက်ပြောရင် မသက်ဆိုင်တဲ့သူတွေပါ နစ်နာကုန်မှာစိုးလို့ပါ။
ဒီလိုပါပဲ၊ ဆရာမောင်ချောနွယ်ပြောသလို
ရင်ဘတ်ချင်း ဂျက်ပင်တတ်လို့မရရင် အံချော်ကုန်တာပါပဲ…။
အင်း မဆီမဆိုင် လုပ်ငန်းရှင်တစ်ယောက်ကို
ကျွန်တော် အင်တာဗြူးဖူးတုန်းက အဲဒီပုဂ္ဂိုလ်ပြောခဲ့တဲ့ စကားလေး သတိရမိတယ်။သူကပြောပါတယ်…"ကျွန်တော့်ဆရာသမားများက ဆုံးမဖူးတယ်ဗျ၊ မောင်ဘစီရယ် …ကောက်တိုင်းသာ ပါရင်
ဇလုပ်ကွဲ သေမပေါ့တဲ့…။" ဒါ မြစ်ဝကျွန်းပေါ်ဘက်က စကားထင်ပါတယ်။
ဟုတ်ကဲ့….ကျွန်တော်တို့ အညာဘက်မှာတော့ "ယာကျယ် နှမ်းမရ" ဆိုလားပဲ။
ဒါ့ကြောင့် ဒီတစ်ခါတော့
"တစ်ရေခံလိုက်ဦး မောင်ရေ" ဆိုတဲ့ မြစ်ဝကျွန်းပေါ်ဘက်က စကားလေး လက်စွဲပြု
ပြီး ဒီအတက်ကိုသာ စောင့်ရတော့မှာပ မိတ်ဆွေများခင်ဗျား…..။
0 comments:
Post a Comment