(24.4.2014)
လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို
Intelligence လို့ခေါ်ပြီး အဲဒီဉာဏ်ရည်ဉာဏ်သွေး တိုင်းတာစစ်ဆေးမှုကို IQ
(Intelligence Quotient) လို့ခေါ်ပါတယ်။ ဒီလိုပဲ လူ့စိတ် ခံစားမှုကို Emotion လို့ခေါ်ပြီး
စိတ်ခံစားမှု ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို Emotional Intelligence လို့ခေါ်ပါတယ်။
အဲဒီ Emotional Intelligence စွမ်းရည် တိုင်းတာ စစ်ဆေးမှုကို EQ (Emotional
Quotient) လို့ခေါ်ပါတယ်။ အတိုကောက် IQ နဲ့ EQ လို့ခေါ်ကြပါတယ်။
ဘဝမှာအောင်မြင်ကျော်ကြားတဲ့သူအများစုဟာ
IQ သာမက EQ ပါမြင့်တယ် လို့ဆိုပါ တယ်။ EQ မြင့်တယ်ဆိုတာက မိမိ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ
တစ်နည်း အားဖြင့် ပြောသင့်ပြောထိုက်တဲ့စကားကို ပြောသင့်ပြောထိုက်တဲ့အချိန်မှသာ
ရွေးချယ်ပြောဆိုတတ်တာ၊
ပြောတဲ့အခါမှာ လူအများနားဝင်ခံသာအောင်ပြောဆို တတ်တာမျိုးလို့ ဆိုနိုင်မယ်ထင်ပါတယ်။
စိတ်ခံစားမှုတွေနောက်ကိုလိုက်မိတဲ့အခါ
လူဟာအမှားနဲ့တွေ့တတ်ပါတယ်။ စိတ်ခံစားမှု အတိုင်းအလုပ်လုပ်တဲ့သူတွေမှာ Emotional
Intelligence စွမ်းရည်နည်းပါးပါတယ်။
အမှန်အတိုင်းဝန်ခံရရင်
တချို့နေရာတွေမှာ ကျွန်တော်ဟာ EQ နိမ့်ပါတယ်။ စာအုပ်တွေ ဖတ်ပြီးပြင်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားတဲ့ကြားက
သတိလစ်ရင် လစ်သလို မကြာခဏ မှားတတ်ပါ တယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ သာမန်ပုထုဇဉ်တစ်ဦးဖြစ်တာနဲ့အမျှ
တခြားလူတွေလိုပဲ မှားတတ်ပါတယ်။
မိတ်ကောင်းဆွေမွန်တွေရဲ့
အကြံပေးတိုက်တွန်းချက်ကြောင့် မနေ့ကတင်ခဲ့တဲ့ " ခေါင်ရမ်းပန်းတစ်ပွင့်ကြွေလွင့်ခြင်း"
Status ကို ပြန်ပြီးဖြုတ်ချလိုက်ပါတယ်။
ခံယူချက်၊ ယုံကြည်ချက်
ဘယ်လိုပဲမတူကွဲပြားရှိနေပါစေ ကျွန်တော်တင်လိုက်တဲ့ Status ဟာ မသင့်တော်ပါဘူး။ ဒါ့ကြောင့်
ကျွန်တော့်အမှားကို ကျွန်တော်ဝန်ခံပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို အနူးအညွတ်
တောင်းပန်ပါတယ်။
ဒီနေရာမှာ တစ်ခုမေတ္တာရပ်ခံချင်တာက
ကျွန်တော်ဆိုတဲ့ ရဲကျော်သူရ အပါအဝင် စစ်သားတချို့၊ စစ်သားလူထွက်တချို့ ကိုကြည့်ပြီး
စစ်သားအားလုံး ဒီအတိုင်းချည်း ပဲလို့ ကောက်ချက်ချတာဟာလည်း မမှန်ပါဘူး။ ရထားပေါ်ကနေ သိုးမည်း
တစ်ကောင် ကိုကြည့်ပြီးဆုံးဖြတ်လို့မရနိုင်တဲ့ ဥပမာလေးကို ကြားဖူးကြမယ်ထင်ပါတယ်။
နောက်တစ်ခုက မနေ့ကပဲ
တိုင်းရင်းသားလူငယ်လေးတစ်ယောက်က ကျွန်တော့် ချက်ဘောက်ထဲဝင်လာပြီး တိုင်းရင်း သားတွေကို
ခွဲခြားပြီးမရေး ဖို့ မေတ္တာရပ်ခံလာ ပါတယ်။
ကျွန်တော်အတော်လေး
စိတ်မကောင်းဖြစ်သွားပါတယ်။ ဗမာတစ်ယောက်ဖြစ်လို့ ကိုယ့်အမျိုးကိုယ်ချစ်ပေမဲ့ ကျွန်တော်
ဘယ်တိုင်းရင်းသားကိုမှ မမုန်းသလို ချိုးနှိမ် ဆက်ဆံလိုတဲ့စိတ်လည်း အလျဉ်းမရှိပါဘူး။
တချို့
Status တွေမှာ တိုင်းရင်း သားနာမည်တွေထည့်ရေးရတာ ကိုးကားတဲ့ မူလစာအုပ်ပါအရေးအသားအတိုင်း
မှတ်မိသရွေ့ ပြန်လည်ရေး သား ဖေါ်ပြ ခြင်း သာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်၌က
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြောင်းရေးရင် သူတို့ရဲ့ တရားဝင်နာမည်အတိုင်းသာ ရည်ညွှန်း
ရေးသားလေ့ရှိပါတယ်။ ဥပမာ - KIA ကို KIA လို့သာရည်ညွှန်းရေးသားပါတယ်၊ ကချင်လူမျိုးလို့ခြုံပြီးမရေးပါဘူး။
KNU ကိုလည်း KNU လို့သာရေးပါတယ်၊ ကရင်လူမျိုးလို့ ခြုံပြီးမရေးပါဘူး။
ဒီလိုပဲ တခြား
Status တွေမှာရေးနေကြတာဟာလည်း သက်ဆိုင်ရာ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုလုံးကို မုန်းတီးလို့
ရေးသားနေကြတာမဟုတ်ဘဲ တပ်မတော်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဗမာစစ်တပ်လို့အလွယ်
ခေါ်သလို ခေါ်လိုက်ကြ တာမျိုးပဲ ဖြစ်ပါတယ်။
တပ်မတော်ထဲမှာ
လူဦးရေအချိုးများလို့ ဗမာအများဆုံးလို့ဆိုနိုင်ပေမဲ့ ကျန်တဲ့တိုင်းရင်း သားပေါင်းစုံလည်းရှိပါတယ်။
တပ်မတော်ကတော့ရှင်းပါတယ်၊ ဘာလူမျိုးရေးမှ မရှိသလို၊ ဘယ်လိုသွေးကွဲစိတ်မှလည်း မရှိပါဘူး။
ဒါ့ကြောင့် ကျွန်တော့်ကို
Request လုပ်လာတဲ့ ညီလေးကိုပြောချင်တာက ဗမာတွေဟာ ဘယ်တိုင်းရင်းသားကိုမှ မမုန်းပါ ဘူး။
ဗမာခေါင်းဆောင်တွေ၊ ဗမာလူကြီးမိဘတွေက လည်း တိုင်းရင်းသားတွေကို မုန်းရမယ်လို့ ဘယ်တုန်းကမှ
မသင် ပေးခဲ့ကြပါဘူး။
အခုလို မေတ္တာရပ်ခံလာတဲ့ညီလေးဟာလည်း
ပြည်ထောင်စုစိတ်ဓါတ်ရှိတဲ့ ညီလေး တစ်ယောက်ဖြစ်တာကို သိရလို့ အင်မတန်မှ ဝမ်းမြောက် ကျေးဇူးတင်ပါတယ်။
ဆိုခဲ့သလို လူဟာမှားတတ်ပါတယ်။
တချို့အမှားက စိတ်ခံစားမှုကို ဦးစားပေးလို့ Emotional Intelligence မထိန်းနိုင်ဘဲ မှားတဲ့အမှားပါ။
တချို့အမှားကတော့ ရည်ရွယ်ချက်မရှိတဲ့ နမော်နမဲ့အမှားပါ။ ဘယ်လိုပဲမှားမှား အမှားဆိုတာ
မကောင်း ပါဘူး။ ဒါ့ကြောင့် မှားတယ်ထင်ရင် ထောက်ပြပါ၊ ဝေဖန်ပါ၊ အားလုံးကို လက်ကမ်းကြိုဆိုပါတယ်။
ဝေဖန်ထောက်ပြတဲ့သူအားလုံးကို
ကျေးဇူးအထူးတင်လျက်……
0 comments:
Post a Comment