(21.4.2014)
မရေးချင်ဘူး ဆိုပေမယ့်
'ဆိုရေးရှိက ဆိုအပ်လှစေ' ဆိုတော့ကာ ရေးမိပြန် ချေပြီတမုံ…
(၁)
ကြာပြီ။ ကြာပြီ။
တစ်မျက်နှာ ကာတွန်းလေး ဖတ်မိဖူးတယ်။ ဇာတ်ကောင်က ခွေးလေး။ အဲ့ခွေးလေးက ငိုနေတယ်။ ဘာလို့
ငိုနေတာလဲ' လို့ သူ့သခင်က မေးတော့ 'လျှာထုတ် ပြသွားလို့'တဲ့။ လျှာထုတ်တာ ငိုစရာလားလို့
တွေးမိနေတုန်း ခွေးလေးက ဆက်ပြောတယ်။ 'ဒီလို ကိုယ်တွင်း အင်္ဂါကို ထုတ်ပြတာဟာ စော်ကားတာပဲ'
တဲ့။
ဆက်တွေး ကြည့်တော့
ဟုတ်သားပဲဗျ။ သဘာဝက ကိုယ်တွင်းထဲ ထည့်ပေးလိုက်တဲ့ လျှာထုတ်ပြတာကျ မထူးဆန်းပဲ အပြင်အင်္ဂါ
ပြတော့မှ ထူးဆန်းနေကြတယ်။ သြော်… လူနဲ့ လောကဆိုတာ အမြဲ သဟဇာတ မဖြစ်ပါလားလို့
တွေးမိခဲ့ဖူးတယ်။
(၂)
ကျွန်တော် စစ်သား
မဟုတ်ပါဘူး။ စစ်အစိုးရ အာဏာရူးကို ခင်ဗျားတို့ မုန်းသလို ကျွန်တော်လဲ မုန်းတယ်။ ခင်ဗျားတို့နဲ့
အတူတူ ဒီစနစ်ဆိုးဒဏ် ခံခဲ့ရတာ တစ်သက်ပါပဲဗျာ။ ဒါပေမယ့် စစ်သားတိုင်း ကိုတော့ မုန်းလို့
မဖြစ်ဘူးဗျ။ စစ်သားတိုင်းက မဆိုးတာကို သိရမယ်။ စွန့်လွှတ်ခဲ့တာ တွေကိုလဲ အသိအမှတ် ပြုရမယ်။
ခုတော့ဖြင့် မဟုတ်ပါဘူး။ စစ်သားဆို စစ်ခွေး၊ စစ်သားဘက် လိုက်ရေးရင် စစ်ခွေးနဲ့ ရိုင်းစိုင်းချက်က
လက်လန်တယ်။
ကျွန်တော်က ခင်ဗျားတို့ကို
ကတိတစ်ခု ပေးမယ်။ ဆန္ဒပြခွင့် လျှောက်ပြီး ဦးသန်းရွှေ အိမ်ရှေ့ သွားမယ်ဆို ကျွန်တော်
ကျိန်းသေ လိုက်ခဲ့မယ်။ ခင်ဗျားတို့နဲ့ ထပ်တူထပ်မျှ နာကျင်ခဲ့ကြောင်း ပြည်သူတစ်ယောက်
အနေနဲ့ ပါဝင် ဆန္ဒပြမယ်။ ဒါပေမယ့် မဆိုင်တဲ့ စစ်သားတွေကို သိမ်းကျုံးဆဲ နေတာတော့ လက်မခံဘူး။
မကြိုက်ဘူး။ အထူးအားဖြင့် ဦးသိန်းစိန်လို ဆိုးဝါးတဲ့ နိုင်ငံရေး လှိုင်းဒဏ်ကိုခံပြီး
ဒီမိုကရေစီ စနစ်ကို အသက်သွင်း ပေးခဲ့တဲ့ လူမျိုးကို စစ်ခွေးလို့ ပြောတာ လုံးဝ ရှုံ့ချတယ်။
နဲနဲတော့ နားဝင်ဆိုးမယ်။
ရိုင်းမယ်ဗျ။ စော်ကားလိုစိတ် မရှိပေမယ့် သဘော သေချာပေါက်အောင် ပြောပြတာပါ။ ဦးသိန်းစိန်ကျတော့
စစ်ခွေးလို့ ပြောနေတဲ့ လူတွေဟာ စစ်ခွေးကြီးရဲ့ သမီးကိုကျ ဘုရားလို ကိုးကွယ်တယ်။ ဒါဟာ
ဖြစ်သင့်ပါရဲ့လား
(၃)
ပြောလက်စနဲ့ မထူးပါဘူး။
လော်ဘီပါ လုပ်ပေးလိုက်ဦးမယ်။ ( အခု အစိုးရကိုလဲ အကုန် မကြိုက်ဘူးနော်။ ဒါလေးတော့ သိထားပေး။
) အလုပ်ရဲ့ သဘောက အရွေ့ပေါ်မှာ တည်တယ်လို့ သိဖူး မှတ်သား ဖူးပါတယ်။ ကျောက်တုံးတစ်တုံးကို
ရွှေ့မယ်ဆိုရင် တစ်နေကုန်တွန်း တစ်လလုံးတွန်း မရွေ့ရင် အလုပ် မပြီးမြောက် ပါဘူး။ ခုလေးတင်
ဆင်းရွှေ့လို့ ရွေ့သွားလဲ အလုပ် ပြီးမြောက်ပါတယ်။
ဒါဆိုရင် ဒီမိုကရေစီ
အရေးကို ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ မရခဲ့ရင် ဒါဟာ အလုပ် မမည်ပါဘူး။ ဦးသိန်းစိန် တက်တဲ့အချိန်
ဒီမိုကရေစီ ရခဲ့တော့ ပေးခဲ့တော့ကာ အလုပ်ပြီးမြောက်ပါတယ်။ ဒါဆိုရင် ဒီမိုကရေစီရဲ့ အိုင်ကွန်ဟာ…
(၄)
ဝေဖန်တယ်။ ဆဲတယ်ဆိုတာ
လူတိုင်း လုပ်လို့ ရတယ်လေ။ ဥပမာလေး ပြောပြမယ်။ ဟိုးအရင် ကမ္ဘာ့ဖလား တုန်းက ဘက်ခမ်းလို
လျှမ်းလျှမ်းတောက် ဘောသမား ပင်နတီ ချော်သွားတော့ ဒီနိုင်ငံ TVရှေ့ကနေ ခြေတုနဲ့ ဘောပွဲထိုင်
ကြည့်နေတဲ့လူက 'စောက်သုံး မကျလိုက်တာကွာ'တဲ့။ ဆိုလိုတာက ဝေဖန်တာ လူတိုင်းလုပ်လို့ ရတယ်ဆိုတာ
သိစေချင်တာပါ။ ခင်ဗျားတို့ လုပ်လို့ရသလို ကျွန်တော်လဲ လုပ်လို့ရတယ်။ ဒါပေမယ့် အရေးကြီးတာက
မျှတမှု ရှိကြပါ။ ဘာလို့ ဒါတွေ ပြောနေရသလဲဆို ခင်ဗျားတို့ မမျှတ တာလေးတွေ ထောက်ပြမလို့…
ဒေါ်စုက ရခိုင်အရေးကို
အပေးအယူနဲ့ ရှင်းမယ်'လို့ ဖြေကြားခဲ့ချိန်နဲ့ ဦးအုန်းမြင့်က နယ်လှည့် ပါးရိုက်မယ်'လို့
ပြောတဲ့ အချိန်ဟာ တစ်ထပ်တည်း နီးပါးပါပဲ။ ဒါပေမယ့် ဦးအုန်းမြင့်ကို အွန်လိုင်းမှာ
ဆဲကြဆိုကြ၊ အပြင်မှာ 'ပါးရိုက်ခံဖို့ စောင့်နေပါတယ်' ဆိုပြီး ဆန္ဒတွေ ပြကြနဲ့ ညံပွက်သွားတယ်။
ဒေါ်စုရဲ့ ပြောစကားကျ မသိယောင် ပြုနေကြတယ်။ ယထာဘူတ ကျကျပြောရရင် ပါးရိုက်တာက ခံရလှ နှစ်ရက်ပေါ့ဗျာ။
အပေးအယူက မြေမပျောက်မချင်း 'အာရကန် နစ္စတန်'ပါ ဖြစ်သွားနိုင်တာဗျ။ ခင်ဗျားတို့ ဝေဖန်တာတွေ
မှန်ရဲ့လား ပြန်တွေးကြည့်ဦး။
အခုလဲ ဒေါ်စုက
မွဲတေနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ဆန်ရှင်ပိတ်ဖို့ ဖိအားပေးဖို့ နိုင်ငံခြားမှာ
ပြောနေတယ်။ ဒီမိုကရေစီ မရသေးဘူး ပြောနေတယ်။ ဦးသိန်းစိန်ကလဲ ဟစ်တလာနဲ့ မွေးနေ့ တိုက်နေတယ်။
သူရွေးချယ်ခွင့် မရခဲ့တဲ့ မွေးနေ့တိုက်တဲ့ ကိစ္စကိုကျ ဖွလိုက်ကြ ဆော်လိုက်ကြတာ။ မပြောလဲ
ဖြစ်တာကို ကဲပြီး ပြောတာကျ တုံဏှိဘာဝေ။ ကဲ… ခင်ဗျားတို့က ဘယ်လိုတုန်းဗျ။
(၅)
မှာချင်တာက တစ်ခုတည်းပါ။
လျှာကို ကိုယ်တွင်း အင်္ဂါမှန်း သိတဲ့ ခွေးလေးလောက် တွေးကြစမ်းပါဗျာ…
*************************
ယနေ့ ကျရောက်သော
မွေးနေ့မှသည် သက်ဆုံးတိုင်ထိ သမ္မတကြီး ကျန်းမာ ပျော်ရွှင်ပါစေလို့ ဆန္ဒပြု ဆုတောင်း လိုက်ပါတယ်
ခင်ဗျားးးးး
0 comments:
Post a Comment