Thursday, August 13, 2015

" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "

" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ်
မျက်နှာဖုံး ဆောင်းပါး
(ဤဆောင်းပါးသည် အမေရိကန် တပ်မတော်မှ စစ်သည်တစ်ဦး အငြိမ်းစားယူပြီးနောက် ရရှိနိုင်သော ခံစားခွင့်များအား
လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။)
အမေရိကန် ပြည်ထောင်စုတွင်
တပ်မတော်သားတစ်ဦး အငြိမ်းစားယူပြီးနောက်
အဓိက တာဝန်ရှိသော ဌာနမှာ
စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာန
(Department of Veteran Affairs) ဖြစ်ပါသည်။
ဝန်ကြီးဌာနသည်
စစ်ပြန် စစ်မှုထမ်းဟောင်းများအတွက် အကျိုးခံစားခွင့်၊
စစ်မှုထမ်းဟောင်းများ၏ မိသားစုများနှင့်
အသက်ရှင်ကျန်ရစ်သူများအတွက်
ထောက်ပံ့ခြင်း အစီအစဉ်များကို
စီမံခန့်ခွဲရန်တာဝန်ရှိပါသည်။
ထို့အပြင် စစ်မှုထမ်းဟောင်းများ
ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်
အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့်
အမျိုးသား စစ်မှုထမ်းဟောင်း အထိမ်းအမှတ်များနှင့်
စစ်သင်္ချိုင်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်လည်း
တာဝန်ရှိပါသည်။
ထို့အပြင် စစ်ပြန် စစ်မှုထမ်းဟောင်းများ
အိုးမဲ့အိမ်မဲ့ ဖြစ်နေမှုများအား တားဆီးရန်နှင့်
အဆုံးသတ်ပေးရန် အစီအစဉ်များအားလည်း
အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးအား
ကွန်ဂရက်လွှတ်တော်၏ သဘောတူညီမှုဖြင့်
သမ္မတက ခန့်အပ်ပါသည်။
ဝန်ကြီးအားလုံးမှာလည်း
စစ်မှုထမ်းဟောင်းများသာ
ဖြစ်လေ့ရှိပါသည်။
လက်ရှိ ဝန်ကြီးမှာ
Robert A. McDonald ဖြစ်ပြီး
၂၀၁၄ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဝန်ကြီးဌာနအား အဓိကဌာနကြီး (၃)ခုဖြင့်
ဖွဲ့စည်းထားရှိကာ
ဒုတိယဝန်ကြီး (၃)ဦးမှ
တာဝန်ခံဆောင်ရွက်နေပါသည်။
အဆိုပါ ဌာနများမှာ
(က) စစ်မှုထမ်းဟောင်း ကျန်းမာရေးစောင့်ရှောက်မှု အုပ်ချုပ်ရေးဌာန
(Veterans Health Administration)
(ခ) စစ်မှုထမ်းဟောင်းများ ခံစားခွင့် ဆိုင်ရာ အုပ်ချုပ်မှုဌာန
(Veterans Benefits Administration)
(ဂ) အမျိုးသား သင်္ချိုင်းအုပ်ချုပ်ရေးဌာန
(National Cemetery Administration) တို့ ဖြစ်ကြပါသည် ။
(က) စစ်မှုထမ်းဟောင်း ကျန်းမာရေးစောင့်ရှောက်မှု အုပ်ချုပ်ရေးဌာန
(Veterans Health Administration)
အဆိုပါ ဌာနသည် စစ်မှုထမ်းဟောင်းများအား
ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ရှိသည့်အပြင်
ဇီဝဆေးပညာ သုသေသန (Biomedical Research)၊
လူထုအခြေပြု ပြင်ပလူနာ ကုသမှု ဆေးခန်းများ
(Community Based Outpatient Clinics)နှင့်
ဒေသဆိုင်ရာ ဆေးရုံများ (Regional Medical Centers)များနှင့်
ဆက်စပ်ဆောင်ရွက်ရန်လည်း တာဝန်ရှိပါသည်။
(ခ) စစ်မှုထမ်းဟောင်းများ ခံစားခွင့် ဆိုင်ရာ အုပ်ချုပ်မှုဌာန
(Veterans Benefits Administration)
အဆိုပါ ဌာနသည် စစ်မှုထမ်းဟောင်းများအား
ကနဦး မှတ်ပုံတင် စာရင်းသွင်းခြင်း၊
ခံစားခွင့်ဆိုင်ရာ အရည်အချင်း
ပြည့်မှီခြင်းရှိမရှိ သတ်မှတ်ခြင်း၊
အကျိုးခံစားခွင့်နှင့် ရပိုင်ခွင့်ဆိုင်ရာ
အဓိက သောချက် (၅)ခု ဖြစ်သည့် …
(၁) အိမ်ဝယ်ယူခြင်း ချေးငွေ အာမခံ (Home Loan Guarantee)
(၂) အာမခံ (Insurance)
(၃)အသက်မွေးဝမ်းကျောင်းခြင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်းနှင့်
အလုပ်အကိုင်ရှာဖွေခြင်း (Vocational Rehabilitation and Employment)
(၄) ပညာရေး (Education (GI Bill))
(၅) နစ်နာကြေးနှင့် ပင်စင်
(Compensation & Pension)
စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
(ဂ) အမျိုးသား သင်္ချိုင်းအုပ်ချုပ်ရေးဌာန
(National Cemetery Administration)
စစ်မှုထမ်းဟောင်းများ ကွယ်လွန်ပါက မြှုပ်နှံခြင်းနှင့်
အောက်မေ့ဖွယ်အခမ်းအနား
ကျင်းပခြင်းဆိုင်ရာခံစားခွင့်များအား
ဆောင်ရွက်ပေးခြင်းအပြင်
စစ်သင်္ချိင်းများအား ထိမ်းသိမ်းစောင့်ရှောက်ရန်လည်း
တာဝန်ရှိပါသည်။
အထက်ပါ ဌာနကြီး (၃)ခုအား
ကွန်ဂရက်နှင့် ဥပဒေရေးရာ လက်ထောက်ဝန်ကြီး ၊
မူဝါဒနှင့် စီမံကိန်းဆိုင်ရာ လက်ထောက်ဝန်ကြီး၊
လူ့စွမ်းအားအရင်းအမြစ်နှင့်
အုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး၊
အကောင်အထည်ဖော်ရေး၊လုံခြုံရေးနှင့်
အသင့်ပြင်ဆင်မှုဆိုင်ရာလက်ထောက်ဝန်ကြီးများက
အထောက်အကူပေးလျက်ရှိပါသည်။
အဓိက ခံစားခွင့်သော့ချက် (၅) ခု
====================
(၁) အိမ်ဝယ်ယူုခြင်း ချေးငွေ အာမခံ (Home Loan Guarantee)
စစ်မှုထမ်းဟောင်း တစ်ဦးအနေဖြင့်
စစ်မှုထမ်းဟောင်း အာမခံချေးငွေ ဖြင့်
တည်ဆောက်ပြီး သို့မဟုတ်တည်ဆောက်ဆဲ နေအိမ်အား
နေထိုင်ရန် ဝယ်ယူနိုင်ခြင်းနှင့်
အဆိုပါချေးငွေဖြင့် ယခင်က ပေးဆပ်ရန်ကျန်ရှိနေသော
အိမ်ဝယ်ယူထားမှု ချေးငွေအား
ပြန်လည် ပေးဆပ်နိုင်သည့်
အကျိုးကျေဇူးများ ရရှိနိုင်ပါသည်။
အဆိုပါချေးငွေအား အရည်အချင်း ပြည့်မီသော
စစ်မှုထမ်းဟောင်း အားလုံး
တပြေးညီ ရရှိခံစားနိုင်ပါသည်။
ခံစားခွင့်ရှိသူများမှာ
သတ်မှတ်ထားသော စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာ
လိုအပ်ချက်များနှင့် ပြည့်စုံသူများ၊
တန်းပြည့် စစ်မှုထမ်းချိန်
အနည်းဆုံးလိုအပ်သောကာလ အား ပြည့်ပြီးသူများ၊
အချို့သော အရန်တပ်ဖွဲ့ဝင်များနှင့်
အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ၊
ကျဆုံးစစ်သည်များ၏
အသက်ရှင်လျက်ရှိနေဆဲ
အိမ်ထောင်ဖက်များတို့ဖြစ်ပါသည်။
(၂) ပင်စင် (Pension)
ပင်စင် စနစ်သည်
စစ်မှုထမ်းဟောင်းအား
သတ်မှတ် အသက်ပြည့်ပြီးချိန်နှင့်
စစ်မှုထမ်းခြင်းနှင့် သက်ဆိုင်ခြင်းမရှိသော
ကိုယ်အင်္ဂါ ချို့တဲ့မှုများပေါ်မူတည်ပြီး
တွက်ချက်သော စနစ်ဖြစ်ပါသည်။
ခံစားခွင့်ရှိသူများမှာ ...
(က) ပြစ်တင်ရှုံချထုတ်ပယ်ခံရခြင်းမှ လွ္ပဲ၍
အခြားနည်းဖြင့် နှုတ်ထွက်ပြီးသူဖြစ်ခြင်း။
(ခ) တပ်မတော်တွင်တန်းပြည့်စစ်မှုထမ်းချိန်
ရက်ပေါင်း (၉၀)နှင့်အထက်
တာဝန်ထမ်းဆောင် ပြီးသူဖြစ်ခြင်းနှင့်
အနည်းဆုံး စစ်ပွဲဖြစ်ပွားချိန် (Wartime) တွင်
(၁)ရက် တာဝန်ထမ်းခဲ့သူဖြစ်ခြင်း၊
(ဂ) အနည်းဆုံး အခြေခံ သတ်မှတ်ချက်များနှင့် ပြည့်စုံခြင်း။
(ဃ) အသက် (၆၅)နှင့် အထက်ဖြစ်ခြင်း
(သို့မဟုတ်) အမြဲတန်း ကိုယ်လက်အင်္ဂါ ချို့တဲ့သူဖြစ်ခြင်း
(သို့မဟုတ်) သက်ကြီး ဂေဟာတွင် အစောင့်အရှောက်ခံ ဖြစ်ခြင်း၊
(သို့မဟုတ်) လူမှုဖူလုံရေး ခံစားခွင့် ရယူနေသူဖြစ်ခြင်း၊
ပင်စင်တွက်ချက်ပုံမှာ
သတ်မှတ်ထားသော ပမာဏမှ လက်ရှိဝင်ငွေအား နှုတ်ကာ
ကျန်သောငွေအား ပေးသောစနစ်ဖြစ်ပါသည်။
ဥပမာ စစ်မှုထမ်းဟောင်းသည် မှီခိုသူမရှိသူ ဖြစ်ပါက
အများဆုံး နှစ်စဉ် ပင်စင်နှုန်းထား
(MAXIMUM ANNUAL PENSION RATE) (MAPR)ဖြစ်သော
အမေရိကန် ဒေါ်လာ ၁၂၈၆၈ မှ
နှစ်စဉ် ဝင်ငွေအား နှုတ်ကာ
ကျန်သော ပမာဏအားပေးသောစနစ်ဖြစ်ပါသည်။
စစ်မှုထမ်းဟောင်းသည် အိမ်ထောင်ရှိပါက
MAPR မှာ အမေရိကန် ဒေါ်လာ ၁၆၈၅၁ ဖြစ်ပါသည်။
စစ်မှုထမ်းဟောင်းသည် မှီခိုသူမရှိသည့်အပြင်
ကျန်းမာရေးအရသော်လည်းကောင်း၊
အသက်အရွယ်အရသော်လည်းကောင်း
အလုပ်မလုပ်နိုင်တော့ဘဲ
အိမ်တွင်သာ နေထိုင်ရသူဖြစ်ပါက
MAPR မှာ အမေရိကန် ဒေါ်လာ ၁၅၇၂၅ ဖြစ်ပါသည်။
စစ်မှုထမ်းဟောင်းတွင် မှီခိုသူတစ်ဦးရှိသည့်အပြင်
ကျန်းမာရေးအရသော်လည်းကောင်း၊
အသက်အရွယ်အရသော်လည်းကောင်း
အလုပ်မလုပ်နိုင်တော့ဘဲ
အိမ်တွင်သာ နေထိုင်ရသူဖြစ်ပါက
MAPR မှာ အမေရိကန် ဒေါ်လာ ၁၉၇၂၀ ဖြစ်ပါသည်။
စစ်မှုထမ်းဟောင်းသည် မှီခိုသူမရှိဘဲ
ကျန်းမာရေးအရ သူနာပြုစုမှု
အကူအညီ လိုအပ်သူဖြစ်ပါက
MAPR မှာ အမေရိကန် ဒေါ်လာ ၂၁၄၆၆ ဖြစ်ပါသည်။
စစ်မှုထမ်းဟောင်းသည် မှီခိုသူတစ်ဦးရှိသည့်အပြင်
ကျန်းမာရေးအရ သူနာပြုစုမှု အကူအညီ လိုအပ်သူဖြစ်ပါက
MAPR မှာ အမေရိကန် ဒေါ်လာ ၂၅၄၄၈ ဖြစ်ပါသည်။
အဆိုပါ နှုန်းထားများသည်
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှ
စတင် အကျုံးဝင်ပါသည်။
(၃) မသန်စွမ်းမှု နစ်နာကြေး (Disability Compensation)
မသန်စွမ်းမှု နစ်နာကြေးဆိုသည်မှာ
တန်းပြည့် စစ်မှုထမ်းဆောင်နေချိန်တွင် ဒဏ်ရာရခြင်း
(သို့မဟုတ်) ရောဂါဖြစ်ပွားခြင်းနှင့်
ယခင်က ဖြစ်ပွားခဲ့သော ရောဂါ
(သို့မဟုတ်) ဒဏ်ရာများမှာ
တန်းပြည့် စစ်မှုထမ်းချိန်တွင် ပိုမိုဆိုးရွာလာခြင်းတို့အတွက်
ပေးသော နစ်နာကြေးဖြစ်ပါသည်။
ထိုနစ်နာကြေးအတွက် စစ်မှုထမ်းဟောင်းအနေဖြင့်
အခွန်ပေးဆောင်ရန် မလိုအပ်ပါ။
ခံစားခွင့်ရှိသူများမှာ
ပြစ်တင်ရှုံချထုတ်ပယ်ခံရခြင်းမှ လွဲ၍
စစ်မှုထမ်းဆောင်ခြင်းကြောင့်
မသန်စွမ်းဖြစ်ခဲ့ရသူအားလုံး အကျုံးဝင်ပါသည်။
တွက်ချက်ပုံမှာ
မသန်မစွမ်း ဖြစ်ခြင်းပေါ်မူတည်ပြီး
တွက်ချက်ခြင်းဖြစ်ပါသည်။
ထို့အပြင် ကိုယ်လက်အင်္ဂါ ဆိုးဝါးစွာ
မသန်မစွမ်းဖြစ်ခြင်းနှင့် ခြေလက်များ ဆုံးရှုံးခြင်း၊
မှီခိုသူ ဇနီး၊ ကလေးနှင့် မိဘများရှိခြင်း၊
အိမ်ထောင်ဖက်သည်လည်း မသန်စွမ်းဖြစ်နေခြင်းတို့အတွက်
နစ်နာကြေးကို ပိုမိုထည့်သွင်းတွက်ချက်ပေးပါသည်။
(၄) တန်းပြည့် စစ်မှုထမ်းဆောင်ချိန် ကျဆုံးခြင်းအတွက် ခံစားခွင့်
(Deaths on Active Duty - Survivor Benefits)
ဝန်ကြီးဌာနအနေဖြင့် စစ်သည်တစ်ဦး
တန်းပြည့်တာဝန်ထမ်းဆောင်ချိန်တွင် ကျဆုံးသွားပါက
ကျန်ရစ်သူမိသားစုအား ထောက်ပံ့မှုပေးနိုင်ရန်
အစီအစဉ်များစွာ ဆောင်ရွက်ပေးပါသည်။
စစ်သည်တစ်ဦး တန်းပြည့်တာဝန်ထမ်းဆောင်ချိန်တွင်
တိုက်ပွဲကျဆုံးခြင်း၊
ရောဂါကြောင့်သော်လည်းကောင်း၊
မတော်တဆဖြစ်ခြင်းကြောင့်သော်လည်းကောင်း
သေဆုံးသောအခါ
ဝန်ကြီးဌာနအောက်ရှိ စစ်သင်္ချိုင်းများတွင်
အခမဲ့ မြှုပ်နှံခွင့်ရှိခြင်း ၊
အခမဲ့ မှတ်တိုင်စိုက်ထူပေးခြင်းနှင့်
အုတ်ဂူအား အခမဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊
သမ္မတ လက်မှတ်ရေးထိုးထားသော
လက်မှတ်အား ချီးမြှင့်ခြင်းနှင့်
ရုပ်အလောင်းအား ဖုံးလွှမ်းသော နိုင်ငံတော်အလံ အား
ကျန်ရစ်သူ မိသားစုအား ပေးအပ်ခြင်းတို့ကို
ဆောင်ရွက်ပေးပါသည်။
တစ်နိုင်ငံလုံးတွင် အမျိုးသား စစ်သင်္ချိုင်း ၁၂၅ခု ရှိပြီး
၈၆ခုတွင် မြှုပ်နှံရန် နေရာများ ကျန်ရှိနေပါသည်။
ထို့အပြင် ကျန်ရစ်သူ အိမ်ထောင်ဖက်အား
လစဉ် အမေရိကန် ဒေါ်လာ ၁၁၅၄ အားထောက်ပံ့ပေးပြီး
ကလေးရှိပါက ခံစားခွင့်များ ထပ်မံရရှိနိုင်ပါသည်။
အမေရိကန် စစ်သည်တစ်ဦးအနေဖြင့်
အသက်အာမခံကြေးအား
အများဆုံး အမေရိကန် ဒေါ်လာ ၄၀၀၀၀၀ အထိ
ထည့်သွင်းထားနိုင်ပါသည်။
(၅) ပညာရေး (POST-9/11 GI BILL)
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း
အနည်းဆုံး ရက်ပေါင်း (၉၀) ကြာ
တန်းပြည့် စစ်မှုထမ်းဆောင်ပြီးသူ
စစ်သည်အားလုံး အကျုံးဝင်ပါသည်။
ရာနှုန်းပြည့် ခံစားခွင့်ရရှိရန်အတွက်
စစ်သည်သည် တန်းပြည့်စစ်မှုထမ်းကာလ
(၃၆)လပြည့်ပြီးသူဖြစ်ခြင်း
(သို့မဟုတ်) ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ နောက်ပိုင်း
ရက် (၃၀)ကြာ စစ်မှုထမ်းပြီးနောက်
စစ်မှုထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော
မသန်စွမ်းဖြစ်ခြင်းတို့ပါဝင်ပါသည်။
အဆိုပါ သတ်မှတ်ချက်များ ပြည့်မီခြင်း မရှိသော်
ရာခိုင်နှုန်းအလိုက် ခံစားခွင့်များအားလည်း
ပေးအပ်ထားပါသည်။
ခံစားခွင့်များမှာ
(က) အစိုးရ ကျောင်းများနှင့်
ပြည်နယ် အထက်တန်းကျောင်းများတွင် တက်ရောက်ပါက
အခမဲ့ကျောင်းဝင်ခွင့် အခမဲ့ ကျောင်းလခနှင့်
အခမဲ့ ကျူရှင်လခရရှိနိုင်မည် ဖြစ်သည်။
(ခ) ပုဂလိကကျောင်းများ သို့မဟုတ်
နိုင်ငံခြားတွင် ကျောင်းတက်ပါက
နိုင်ငံအတွက် အမြင့်ဆုံးသတ်မှတ်ထားသည့်
ပမာဏတစ်ခုကို ရရှိခံစားနိုင်ပါသည်။
(ဂ) ပုဂ္ဂလိက တက္ကသိုလ်တခုခုအား တက်ရောက်ပါက
ကျူရှင်လခအား အမြင့်ဆုံး ပမာဏတစ်ခုဖြင့်
ပြန်လည် အမ်းပေးပါသည်။
(ဃ) လစဉ် အိမ်ဌားခအားလည်း
စစ်မှုထမ်းဆောင်စဉ်က ပေးအပ်သော ပမာဏအတိုင်း
ဆက်လက်ပေးထားမည် ဖြစ်ပါသည်။
(င) စာအုပ်စာတမ်းများနှင့် စာရေးကိရိယာများ ဝယ်ယူရန်အတွက်
နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀၀၀ ထိ ပေးထားပါသည်။
(စ) ကျေးလက်ဒေသနေထိုင်သူများအတွက်
အမေရိကန် ဒေါ်လာ ၅၀၀ ပေးအပ်ခြင်း၊
ကျောင်းနှင့်နီးသော နေရာများသို့ပြောင်းရွေ့ပေးခြင်း၊
လေယာဉ်စရိတ် ကျခံပေးခြင်းတို့ဖြင့် ထောက်ပံ့ပေးပါသည်။
POST-9/11 GI BILL အရ ပါဝင်သော သင်တန်းများမှာ
(က) ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများ
(ခ) အသက်မှုမွေးဝမ်းကျောင်းနှင့် စက်မှုသင်တန်းများ
(ဂ) လုပ်ငန်းခွင် လက်တွေ့ သင်တန်းများ
(ဃ) လေယာဉ်မောင်း သင်တန်းများ
(င) သတင်းထောက်ပညာ သင်တန်းများ
(စ) လိုင်စင်လျှောက်ထားမှု အစီအစဉ်များနှင့်
(ဆ) စွန့်ဦးတီထွင် လုပ်ငန်း အစီအစဉ်များလည်း ပါဝင်ပါသည်။
(၆) ကျန်းမာရေး စောင့်ရှောက်မှု (Medical Care)
ဝန်ကြီးဌာန လက်အောက်တွင်
ဆေးရုံများ (VA Medical Centers (VAMC)),
ပြင်ပလုနာ ဌာနများ (Outpatient Clinics (OPC)),
လူထုအခြေပြု ပြင်ပလူနာဌာနများ (Community Based Outpatient Clinics (CBOC)),
လူမှု စောင့်ရှောက်ရေး ဌာနများ
VA Community Living Centers (VA Nursing Home)
ဖြင့် ဖွဲ့စည်းထားရှိပါသည်။
အဆိုပါ ဌာနများ ဖြင့် စစ်ပြန် စစ်မှုထမ်းဟောင်းများအား
သတ်မှတ်ချက်များ ခွဲခြားထားရှိကာ
ကျန်းမာရေးစောင့်ရှောက်မှုများ
ပေးအပ်လျက်ရှိပါသည်။
(၇) အသက်အာမခံ (VETERAN’S GROUP LIFE INSURANCE)
စစ်မှုထမ်းဟောင်းများအတွက် စီစဉ်ပေးသော
အသက်အာမခံ စနစ်ဖြစ်ပြီး
၅နှစ် တစ်ကြိမ် သက်တမ်းတိုးနိုင်ပါသည်။
ခံစားခွင့်ရှိသူများမှာ
(က) တန်းပြည့် (သို့မဟုတ်) အရန် စစ်မှုထမ်းပြီးနောက်
ရက်ပေါင်း (၁၂၀) အတွင်း ဖြစ်သူများ၊
(ခ) အရန်စစ်မှုထမ်းများ၊ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ
အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့်
အမေရိကန် ဒေါ်လာ ၄၀၀၀၀၀ အထိ
အာမခံထားရှိနိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့်
မြန်မာတပ်မတော်သည်လည်း
စစ်မှုထမ်းဟောင်းများနှင့်
ကျဆုံးစစ်သည်များထောက်ပံ့ရေးအတွက်
နိုင်သလောက် စွမ်းသလောက်
ဆောင်ရွက်နေကြောင်း တွေ့ရှိနိုင်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အနေဖြင့်
ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေတစ်ရပ်တင်သွင်းကာ
လွှတ်တော်မှ အတည်ပြု ပြဌာန်း ခဲ့ပြီး ဖြစ်ကြောင်းတွေ့ရှိရပါသည်။
သက်ဆိုင်ရာစစ်တိုင်းများအလိုက်
စစ်မှုထမ်းဟောင်း စံပြကျေးရွာများတည်ထောင်ပေးခြင်း၊
စစ်မှုထမ်းဟောင်း တန်ဖိုးနည်းအိမ်ရာများ
အကောင်အထည်ဖော်နေခြင်းတို့အားလည်း
ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
နိုင်ငံတကာ တပ်မတော်များ၏
စစ်မှုထမ်းဟောင်းများ စောင့်ရှောက်ထောက်ပံ့မှု အစီအစဉ်များအား
လေ့လာသုံးသပ်ခြင်းအားဖြင့်
အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်သိရှိကာ
မိမိတပ်မတော် အတွက်
အသုံးချနိုင်ကြပါစေကြောင်း ယုံကြည်မိပါသည်။
ဒေါက်တာ နိုင်ဆွေဦး
=======================
လက်ရှိ မြန်မာ့တပ်မတော်၏ ...
စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားမှု အစီအစဉ်များကို ...
ကာကွယ်ရေး ၀န်ကြီးဌာန နှင့် ကာကွယ်ရေးဘတ်ဂျက် ...
ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ...
မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အစရှိသည့် ...
ကုမ္ပဏီများကသာ ...
မနိုင်မနင်း စီစဉ်ဆောင်ရွက်နေရသည့် ...
သဘောရှိပါသည် ။
အမေရိကန် ပြည်ထောင်စုတွင် ....
ဤ စစ်မှုထမ်းဟောင်း
ပြန်လည်နေရာချထားရေး အစီအစဉ်များအား ..
ကာကွယ်ရေး ဘတ်ဂျက်မှ ကျခံသုံးစွဲခြင်း မဟုတ်ဘဲ ...
အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးပြီး ...
နိုင်ငံတော် ဘတ်ဂျက်မှသာ ကျခံသုံးစွဲသည် ဖြစ်ကြောင်း ...
ထပ်ဆင့် ဖြည့်စွက် ဖော်ပြအပ်ပါသည် ။

( အယ်ဒီတာ )

0 comments:

Post a Comment