Monday, April 21, 2014

ခင်ဗျားတို့ ဒေါ်စု ဘေးမဖြစ်ဖို့



(December 14, 2012)

သက်ဆိုင်သူတွေ ပြင်ချင်ရင် ပြင်လို့ရအောင် ကျွန်တော် မြင်သလောက်လေးတွေ အကြံပေးချင်ပါတယ်။ ဒေါ်စုဘာမှ မဖြစ်ဖို့ဆိုတာ NLDအတွက်တင်သာမက လက်ရှိအစိုးရအတွက်ရော တိုင်းပြည်အတွက်ပါ အရေးကြီးတယ် ထင်လို့ပါ။ သူတစ်ခုခုဖြစ်သွားရင် စနစ်တံကို မီးရှို့လိုက်သလို ဖြစ်သွားမှာစိုးလို့ ပါ။ လူထုခေါင်းဆောင်တော်တော်များများဟာ ပြည်သူတွေအားလုံးက သူတို့ကို ချစ်တယ်လို့ ယုံကြည်တာရော ၊ image ကို ထိခိုက်မှာ စိုးတာရော . . . အပါအ၀င် အချက်တစ်ချို့ကြောင့် သူတို့ရဲ့ လုံခြုံရေးအစီအစဉ်တွေကို တင်းကြပ်တာကို လက်ခံလေ့မရှိပါ။ ဒါကြောင့်လည်း လူထုခေါင်းဆောင် တော်တော်များများကို ပြည်သူတွေက လက်လွတ်ဆုံးရှုံးရလေ့ရှိပါသည်။ ဗိုလ်ချုပ်တို့ဖြစ်စဉ်ကိုပဲ ကြည့်ရင် ဘရင်းဂန်း (၂၀၀)ကျော် ပျောက်ကတည်းက တစ်မြို့လုံး မြေလှန်ရှာရမယ့်ကိစ္စ ဖြစ်ပါသည်။ တစ်ခါ ၀န်ကြီးတစ်ဖွဲ့လုံး ထိုင်နေသည့် ကတ်ဘိနက် အစည်းအဝေးကို လူသတ်သမားများက ကြက်ကလေး ငှက်ကလေးလို သေနတ်နဲ့ အေးအေးဆေးဆေး လွယ်လွယ်ကူကူ ၀င်ပစ်သွားနိုင်တာ လုံခြုံရေးအစီအစဉ်များ ဘယ်လောက် ညံ့ဖျင်းမှန်း မှန်းကြည့်လို့ရပါသည်။ဒီလိုအမှားများ ထပ်ကာထပ်ကာမဖြစ်စေရန် လူထုခေါင်းဆောင်နှင့် နီးစပ်သောသူများ လုံခြုံရေးအဖွဲ့ခေါင်းဆောင်များက ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ့်အလုပ်ကိုယ်ကို တိတိကျကျ လုပ်သင့်ပါသည်။ လူအများကတော့ အမြင်ကတ်ပါလိမ့်မည်။ ကိစ္စမရှိပါ ။ လုပ်ငန်းသဘာဝကိုက လူမုန်းများသော အလုပ်ဖြစ်၍ လူမချစ်နိုင်ပါ။ လက်ရှိမြင်သလောက်ကိုပဲပြောရလျင် (၁) လုံခြုံရေးအဖွဲ့ကို အနည်းဆုံး (၄)ဖွဲ့လောက် စနစ်တကျဖွဲ့စည်းပါ။ (၂)လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ နောက်ကြောင်း စနစ်တကျ စစ်ဆေးကင်းရှင်းပြီး ဖြစ်ပါစေ။ (၃)လုံခြုံရေးအဖွဲ့တွေကို အဆိုင်းလိုက် စနစ်တကျ တာဝန်ချိန်းပါ။ လုံခြုံရေးအဖွဲ့ဟာ အမြဲတမ်း လန်းဆန်းနေဖို့ လိုပါတယ်။ (၄)လုံခြုံရေးစနစ်အားလုံးမှာ (က) လူ (ခ) မြေအနေအထား (ဂ)စွမ်းအားအတားအဆီး စုစုပေါင်းအချက်(၃)ချက် ပေါင်းစပ်ကျင့်သုံးရပါတယ်။ လူတွေဟာ စနစ်တကျ ဇာတ်တိုက် လေ့ကျင့်ထားရပါမယ်။ အတွင်းစည်း အပြင်စည်း အနီးကပ် ယာဉ်မောင်း စသဖြင့် ကိုယ့်တာဝန်အလိုက် ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြီး အထပ်ထပ် လေ့ကျင့်ထားရပါမယ်။ မြေအနေအထားကတော့ လူအုပ်တွင်းလား ၊ ခန်းမလား ၊ ကွင်းပြင်လား ၊စင်မြင့်လား ၊ ယာဉ်တန်းလား အဲဒီအခြေအနေက လုံခြုံရေးကို ခြိမ်းခြောက်နေလား အကာအကွယ်ပေးနေလား အားနည်းချက် အားသာချက်တွေကို အမြဲတမ်း သုံးသပ်နေရပါမယ်။စွမ်းအားအတားအဆီးကတော့ အထောက်အကူပြု ပစ္စည်းတွေ သုံးရပါမယ်။ ပေါပေါများများ သုံးနိုင်တာကတော့ ကင်မရာပါ။ ခန်းမတို့ စင်မြင့်တို့မှာဆို အချက်အချာကျတဲ့ ၀င်လမ်း ထွက်လမ်းတွေမှာ ကင်မရာတွေ တပ်ဆင်ထားရပါမယ်။ လူအုပ်တွင်းမှာတော့ အနားကပ်လာသမျှ လူတွေကို တောက်လျှောက် ကင်မရာနဲ့ မှတ်တမ်းတင်ထားသင့်ပါတယ်။ ယာဉ်တွေရဲ့ ကြံ့ခိုင်ရေးကိုလည်း အမြဲတမ်း စစ်ဆေးနေရပါမယ်။ စစ်အင်ဂျင်နီယာတပ်တွေမှာ (၂၀၀၃)ခုနှစ်လောက်ကတည်းက ရေဒီယိုလှိုင်းကို jamming လုပ်တဲ့ စက်တွေကို ပြည်တွင်းမှာ ထုတ်လုပ် နေနိုင်ပါပြီ။ ဖြစ်နိုင်ရင် တာဝန်ရှိတဲ့ အဖွဲ့အစည်းကို ဆက်သွယ်ပြီး လုံခြုံရေးအတွက် အဲဒီစက်မျိုး အကူအညီတောင်းသင့်ပါတယ်။ ဦးသိန်းစိန်လောက်ကို တိုက်ရိုက်ဆက်သွယ်ရင် ငြင်းဆန်မယ်လို့မထင်ပါ။ အဲဒီစက်က Remote control နှင့် ခွဲတဲ့ဗုံးတွေကို ကောင်းကောင်း တားဆီးနိုင်ပါတယ်။ jammingစက်ဖွင့်ရင် ဖုန်းလိုင်းတွေကို အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ကြိုတင်ပြီး အချက်ပြစနစ်တွေကို ညှိနှိုင်းထားသင့်ပါတယ်။ ဥပမာ ရှေ့ကားက အလံအစိမ်းပြရင်ဘာ ၊ အလံအနီပြရင်ဘာ ၊ မီးနှစ်ခါတောက်ရင်ဘာ၊ သုံးခါတောက်ရင်ဘာ . . . စသဖြင့်ပေါ့ . . ။ခရီးစဉ်ရဲ့ အသေးစိတ် အစီအစဉ်တွေကို လျှို့ဝှက်ထားရပါမယ်။ အတွင်းစည်းကို ၀င်ခွင့်ရှိတဲ့သူတွေကို classခွဲထားပြီး စိစစ်ရေးကတ်များ လုံခြုံရေးတံဆိပ်များ ထုတ်ပေးရပါမယ်။ ၀င် ထွက်တဲ့သူစာရင်းကိုလည်း အချိန်လိုက် မှတ်တမ်းတင်ထားရပါမယ်။ ညအိပ်ရပ်နားတဲ့အခါတွေမှာ ဧရိယာလုံခြုံရေးလုပ်ရပါတယ်။ အဓိကပုဂ္ဂိုလ်ရှိတဲ့ နေရာနဲ့ကိုက်(၁၀၀)လောက်အတွင်းကို ခွင့်ပြုချက်ရထားတဲ့ သူကလွဲလို့ ဘယ်သူ့ကိုမှ ပေးမ၀င်ရပါဘူး ။ မော်တော်ယာဉ်တွေထားတဲ့ နေရာမှာလည်း အလားတူ အစောင့်ချထားရပါမယ်။ မီဒီယာသမားများကိုလည်း လိုက်ပါမယ့်သူစာရင်းကို ကြိုတင်တောင်းခံပြီး ဂျာနယ်တိုက်ကို လုံခြုံရေး စိစစ်ပြီးဖြစ်ကြောင်း တာဝန်ခံခိုင်းရပါမယ်။ရေ၊အစားအသောက်တွေကိုလည်း ကြိုတင်စစ်ဆေးရပါမယ်။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး စစ်ဆေးနည်းကတော့ (ဟဲ ဟဲ . . .)တစ်ယောက်ယောက်က ကြိုတင်ပြီးတော့ နဲနဲစီစားကြည့်ထားဖို့ပါ။ လုံခြုံရေး တကယ်လုပ်ရင်တော့ ပြီးတယ်လို့ကို မရှိပါဘူး။ ကျွန်တော်က မြင်သလောက်လေး နဲနဲပြောကြည့်တာပါ။ နောက်ပိုင်းမှ လုံခြုံရေးစနစ်နဲ့ ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်လောက် ရေးပါဦးမယ်။ အစိုးရကတော့ ဒေါ်စုအနီးအနားတွင် လုံခြုံရေးထားမည်မထင်ပါ။ ၎င်းလုံခြုံရေးကို တစ်ခုခု ချွှတ်ချော်ပြီး ဘေးနားကလူများက တွေ့သွားရင် အထင်လွဲပြီး အကြီးအကျယ် ဖြေရှင်းရခက်မည့် အန္တရာယ်ကို ပိုကြောက်ပါလိမ့်မည်။

0 comments:

Post a Comment