(22.42014)
စိတ္တသတ္တိမှာ ကျွန်တော်တို့ယောက်ျားလေးတွေထက်
မိန်းကလေးတွေက ပိုအားကြီးတယ်လို့ထင်ပါတယ်။
သာမန်ရဲဘော်လေးတစ်ယောက်ကို လက်ထပ်ရဲတဲ့
ဆရာဝန်မ၊ ကာယနဲ့ လုပ်ကိုင် စားသောက်နေရတဲ့ သာမန် လူတစ်ဦး ကို လက်ထပ်ရဲတဲ့ ဆရာဝန်မ၊
သာမန်အလုပ် သမားလေးတစ်ယောက်ကို လက်ထပ်ရဲတဲ့ အင်ဂျင်နီယာမလေးတွေ တွေ့ခဲ့၊ ကြားခဲ့ဖူးပေမဲ့
ပဲပြုတ်သည်မိန်းကလေးတစ်ယောက်ကို လက်ထပ်ရဲတဲ့ ဆရာဝန်တို့၊ ဟင်းသီးဟင်းရွက်လည် ရောင်းတဲ့
မိန်းကလေးကို လက်ထပ်ရဲတဲ့ အင်ဂျင်နီယာတို့၊ ပန်းရံသမလေးကို လက်ထပ်ရဲတဲ့ စစ်ဗိုလ်တို့ကိုတော့
ကျွန်တော်မတွေ့ဖူး၊ မကြားဖူးသေးဘူး။အချစ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ မဟာပုရိသကြီးတွေဟာ
အမျိုးသမီးတွေလောက် သတ္တိရှိရဲ့လားလို့ ကျွန်တော်တွေး နေမိတယ်။
ကိုယ်ချစ်တဲ့သူဆီက ချစ်ပါတယ်၊ လက်ထပ်ပါ့မယ်ဆိုတဲ့အဖြေရရင်
လူတိုင်းပျော်ရွှင်ကြ မှာပါ။
ကျွန်တော်လည်း အစက ပျော်ခဲ့ပါတယ်။ ဒါပေမဲ့
အခုကျွန်တော့်ရင်ထဲက အပျော်တွေဟာ မလန်းဆန်းတော့ဘူး…။ ချစ်သူကို သနားလို့ပါ။
ကျွန်တော့်အသက် ၄၈ နှစ်ရှိပြီး ကျွန်တော့်ချစ်သူက
၃၃ နှစ်ထဲမှာပါ။
သူ့ကို Propose လုပ်နေတဲ့သူ ၃ ယောက်ရှိပါတယ်။
တစ်ယောက်က သူနဲ့တစ်မြို့ထဲသား ရေတပ်က အရာရှိတစ်ယောက်ပါ။
နောက်တစ်ယောက်က သူတို့ကျောင်းက လုပ်ဖေါ်ကိုင်ဖက်ဆရာမရဲ့မောင် ကြည်းတပ်က အရာရှိ၊ နောက်တစ်ယောက်က
သူ့ကိုအရမ်းချစ်ပြီး ဖွင့်မပြောရဲတဲ့ သူ့ကျောင်းနေဘက်သူငယ်ချင်း ဒုရဲအုပ် တစ် ယောက်ပါ။
(သူက ဒုရဲအုပ်သူငယ်ချင်းကို နင်ငါ့ကို မရိုးမသားပြောဆိုဆက်ဆံမယ်ဆိုရင် တစ်သက်လုံး သူငယ်ချင်း
စာရင်းက ဖျက်ပစ်လိုက်မယ်လို့ ပြောထားလို့ အဲဒီဒုရဲအုပ်လေးက မျက်လုံးတွေနဲ့ပဲ
Propose လုပ်နေရတဲ့သူပါ။)
ရေတပ်က အရာရှိဆိုရင် ကျွန်တော့်ကိုရွေးချယ်ထားပါတယ်ဆိုတာတောင်
လက်မလျှော့သေးပါဘူး။ ဖုန်းကို Black list သွင်းထားလိုက်ပေမဲ့ တစ်လုံးမရရင် နောက်တစ်လုံးနဲ့ဆက်တာကြောင့်
ကျွန်တော့်ချစ်သူလည်း သူ့ဖုန်းနံပတ်ကို မဖျက် နိုင်တော့ပါဘူး။
ဘာဖြစ်လို့ သူတို့ကိုမရွေးတာလဲလို့မေးလိုက်တော့
"ကိုကြီးကိုပဲ ချစ်တယ်" တဲ့။
အားလုံးဟာ သူနဲ့ သက်တူရွယ်တူ မတိမ်းမယိမ်းတွေပါပဲ။
ကျွန်တော်နဲ့သူက ၁၅ နှစ်ကွာပါတယ်။ သူ့ကို Propose လုပ်နေတဲ့သူအားလုံး ရုပ်ရည်၊ ရာထူးအဆင့်အတန်း၊
ဘဝတည်ငြိမ်မှု အားလုံး ကျွန်တော့်ထက်အများကြီးသာပါတယ်။
ကျွန်တော်ကြွားနေတာမဟုတ်ပါဘူး၊ သူ့အတွက်စိတ်မကောင်းဖြစ်နေတာပါ။
သူ့မိဘရော သူ့အသိုင်းအဝိုင်းကပါ အလွယ်တကူ
လက်ခံနိုင်တဲ့ အဲဒီလူတွေကို မရွေးဘဲ ဘာဖြစ်လို့ သူ့ထက် ၁၅ နှစ်ကြီးတဲ့ ရုပ်ဆိုးဆိုးကျွန်တော့်ကို
ရွေးရတာလဲ။
တကယ်တော့ ကျွန်တော့်မှာ မိန်းကလေးတစ်ယောက်မက်လောက်စရာ
ဘာမှမရှိဘူးလို့ပြောမယ်ဆိုရင်တောင်ပြောနိုင် ပါတယ်။
ကျွန်တော်တို့က မိန်းကလေးတွေကို ဂုဏ်မက်တယ်၊
ငွေမက်တယ်၊ ရာထူးမက်တယ်နဲ့ ပြောလေ့ရှိကြတယ်။ ဟုတ်ကော ဟုတ်ရဲ့လားဗျာ..။ တချို့နေရာတွေမှာ
ပြောင်းပြန်များ ဖြစ်နေသလားလို့ပါ…။
ဒါ့ကြောင့်ပြောတာပေါ့၊ သစ္စာလေးပါး မြတ်တရားကလွဲလို့
ကျန်တဲ့အရာအားလုံးမှာ အမြဲတမ်းချွင်းချက်တွေရှိပါတယ်လို့။
ပြင်သစ်အမျိုးသမီးလေး အီရာမာ လှသွေးကြွယ်စဉ်က
သူ့ကိုအင်မတန်မက်မောပြီး ရန်သူပရပ်ရှားစစ်သားတွေ လက်ချက်နဲ့ ဆစ်ဖလစ် ရောဂါရခဲ့ပြီးတဲ့နောက်
သူ့ကို စွန့်ခွာဖို့ကြိုးစားခဲ့တဲ့ ပြင်သစ်စစ်ဗိုလ်လေး ကပ္ပတိန် အေပီဗွန်ကို သတိရမိတယ်။
အီမာရာက " ရှင်က ပရပ်ရှားစစ်သားတွေကို ဘယ်လောက်များချေမှုန်းနိုင်လို့ လဲ၊ ပြောစမ်းပါဦး။
ရှင်တို့ ကသာ ပရပ်ရှားတွေကို မြို့ထဲမဝင်နိုင်အောင် ဟန့်တားနိုင်ခဲ့ ရင် ကျွန်မလည်းဒီဘဝရောက်မှာ
မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား၊ ရှင်ဘာပြောနိုင်သေးလဲ။ တကယ်တော့ ကျွန်မကသာ ရန်သူတွေကို
ချေမှုန်းနိုင်ခဲ့တာ၊ ရှင့်ထက်တောင် ပိုပြီး ချေမှုန်းနိုင်သေးတယ်။" လို့ သူ့ချစ်သူ
စစ်ဗိုလ်လေး ကိုပြောခဲ့ပါတယ်။
ပြင်သစ်ပြည်ကြီးကို ဂျာမန်တွေသိမ်းပိုက်ထားတဲ့အချိန်မှာ
ဂျာမန်စစ်ဗိုလ်တွေ ကို ဖျော်ဖြေရတဲ့ပြည့်တန်ဆာမလေးတွေ ကို ဂျာမန်စစ်ဗိုလ်တစ်ယောက်က
"ကဲ…ဘယ်မှာလဲ ပြင်သစ်တော်လှန်ရေးသမားတွေ၊
နောက်ဆုံးတော့ မင်းတို့ပြင်သစ် မိန်းမပျိုလေးတွေ ငါတို့ရင်ခွင်ထဲကိုပဲရောက်ရတာ မဟုတ်ဘူးလားအချစ်ကလေးရယ်…" လို့
ပြောလိုက်တဲ့အခါ " မဟုတ်ဘူး၊ အခုရှင်တို့ရင်ခွင်ထဲရောက်နေတဲ့ ကျွန်မတို့က ဖါတွေရှင့်၊
ဖါတွေ။ ကျွန်မတို့လိုဖါတွေကိုပဲ ရှင်တို့သိမ်းပိုက်လို့ ရမှာပေါ့။ ဒီအထဲမှာ ပြင်သစ်အမျိုးကောင်းသမီးလေးတွေ
ဘယ်နှယောက်များပါလို့လဲ…" လို့ ပြန်ပြောရင်း အဲဒီစစ်ဗိုလ်ရဲ့ ခါးကြားက ဓားကို
ဆတ်ခနဲဆွဲထုတ်၊ ဂျာမန်စစ်ဗိုလ်ရဲ့လည်ပင်းကို လှီးပြီး ထွက်ပြေးသွားတဲ့ ပြည့်တန်ဆာမလေးကို
သတိရမိတယ်။
ဒီဇာတ်ကွက်လေးနှစ်ခုစလုံးဟာ ပြင်သစ်စာရေးဆရာကြီး
ဂီးဒီမိုပါဆွန်းရဲ့ ဝတ္ထုတိုတွေထဲကပါ။ ဝတ္ထုနာမည်တွေတော့ မေ့နေပါပြီ။
ဒုက္ခရောက်ခါမှ ရောက်ရော ပဋာစာရီဟာ ချစ်သူနောက်ကို
ကောက်ကောက်ပါအောင် လိုက်ခဲ့တယ်။ ဘာနိုင်ငံရေးခံ ယူချက်၊ ယုံကြည်ချက်မှမရှိဘဲ အလံနီကွန်မြူနစ်ပါတီတော
ခိုတော့ သူတို့ချစ်တဲ့လင်ယောက်ကျားတွေနောက်ကို ဆင်းရဲ ဒုက္ခခံပြီး လိုက်ခဲ့တဲ့ အမျိုးသမီးတွေရှိတယ်။
ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတွေထက်
အရာအားလုံးသာတယ်လို့ထင်နေလား။ ကျွန်တော်တော့ မထင်ဘူးဗျ။ ဥပမာ- ပညာရေးစံနစ်ပြောင်းလိုက်လို့
ခင်ဗျား IQ လည်းမြင့်၊ စာကိုလည်း ဖင်ဘူးတောင်းထောင်ကုန်းကျက်လို့ မခံချင် စိတ်နဲ့ ဆရာဝန်
တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ခင်ဗျား ဘယ်လောက်တော်တော် လေသူရဲတစ်ယောက်ဖြစ်ဖို့
ဆေးအောင်၊ မအောင်တော့ မသေချာဘူးဗျ။ အမေရိကားမှာ F 16 တွေ Apache တွေမောင်းနေတဲ့
Fighter Pilots တွေထဲမှာ အမျိုးသမီးတွေအများကြီးပဲနော်။
ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဘုန်းရှိတယ်လေး
ဘာလေးနဲ့ မာန်တက်ချင်ကြတယ်။ တကယ်တော့ ဘုန်း ဆိုတာ ပုန်း - ပုည ကနေလာတာလေ။ ပုညဆိုတာ
ကုသိုလ်ကောင်းမှုကိုပြောတာပါ။
ခင်ဗျားဘာသာ ခင်ဗျား အတောင်နှစ်ဆယ်ပဲဝတ်ဝတ်၊
ဂျင်းဘောင်းဘီပဲဝတ်ဝတ် ယုတ်မာဆိုးသွမ်းနေရင်တော့ ယောက် ကျားတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့
အကြောင်းရင်းတစ်ခုတည်းနဲ့တော့ ခင်ဗျားဆီကို ဘာဘုန်းမှ ရောက်လာမှာ မဟုတ် ပါဘူး။
စစ်ဆင်ရေးနယ်မြေတစ်ခုမှာ မနက် ၂ နာရီလောက်ရှမ်းရွာလေးတစ်ရွာရောက်တော့
ကြုံသလိုထိုးအိပ်ကြရတယ်။ အဲဒီ မှာ အိမ်ရှင်ရှမ်းအမျိုးသမီးထောင့်မှာ ပုံထားတဲ့ ထမီလေးငါးကွင်းလောက်ကို
ကျွန်တော်ခေါင်းအုံးပြီး အိပ်ခဲ့ဖူးပါတယ်။ ပဲပုတ်နံ့လေးတသင်းသင်းနဲ့ပေါ့။
နောက်နေ့မနက် အဲဒီရွာကထွက်ပြီး လမ်းမှာ
တိုက်ပွဲဖြစ်တော့ ကျွန်တော်ဘုန်းတွေနိမ့်ပြီး ရန်သူ့ကျည်မမှန်ခဲ့ပါဘူး။
ထမီပုံခေါင်းအုံးအိပ်လိုက်လို့ ကျွန်တော်ဘုန်းတွေနိမ့်မသွားပါဘူး။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ယောက်ကျားလေးတွေက
မိန်းကလေးတွေ ထက်မြတ်တယ်၊ သာတယ်လို့ ကိုယ့်ကိုယ်ကိုယ်သွေးနားထင်ရောက်လေ့ရှိတာတော့ အမှန်ပဲ။
ကြီးကျယ်မြင့်မြတ်မှုတို့ ယုတ်မာဆိုးသွမ်းမှုတို့ဆိုတာ
Gender နဲ့မဆိုင်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော်တို့ ယောက်ကျားလေးတွေ ဘာတွေကို
ချစ်ကြသလဲ။
ကျွန်တော်တို့ တိုင်းပြည်ကိုချစ်ကြတယ်၊
ဒါပေမဲ့ တိုင်းပြည်က တစ်ခုခုမပေးနိုင်တော့တဲ့အခါ ကျွန်တော်တို့ရဲ့အချစ်တွေ သွေးကျဲကုန်ကြတယ်။
ကျွန်တော်တို့ မိဘ၊ ညီအစ်ကို မောင်နှမတွေကို
ချစ်ကြတယ်၊ ဒါပေမဲ့ သူတို့ဆီက တစ်ခုခု မရတော့တဲ့အခါ ကျွန်တော် တို့ရဲ့အချစ်တွေ မှတ်ကျောက်တင်မခံဝံ့
တဲ့ ရွှေရည်စိမ် ရတနာတွေလို အပေါစားဆန်ကုန်ကြတယ်။
ကျွန်တော်တို့ ချစ်သူတွေ၊ ဇနီးမယားတွေကို
ချစ်ကြတယ်၊ ဒါပေမဲ့ သူတို့ဆီက တစ်ခုခုမရနိုင်တော့တဲ့ အခါ ကျွန်တော် တို့ရဲ့ အချစ်တွေ
လေလာနှင်းပျောက်ဖြစ်သွားတတ်ကြတယ်။
ကျွန်တော်တို့ရဲ့အချစ်တွေမှာ အမြဲလိုလို
နှိုင်းယှဉ်စဉ်းစားမှုတွေ ပါနေတတ်တယ်။
တစ်ခါတရံ အမျိုးသမီးအချို့ဆီမှာ ကျွန်တော်တို့
မထင်မှတ်ထားတဲ့၊ ကျွန်တော်တို့မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာ အချစ်တွေကို တွေ့ရတတ်ပါတယ်။
ချစ်သူကနေစလို့ မိသားစုအလယ် တိုင်းပြည်အထိပေါ့ဗျာ…။
အချို့ အချို့သော အမျိုးသမီးတွေရဲ့ ကြီးကျယ်မြင့်မြတ်မှုကို
တလေးတစား အသိအမှတ်ပြုဖို့ ကျွန်တော်တို့ အများကြီး ကြိုးစားရပါဦးမယ်။
ရဲကျော်သူရ
မိတ်ဆွေများခင်ဗျား....ကျွန်တော်တင်ထားတဲ့
"တကယ်ဆို ကျွန်တော်တို့လည်း သုံးတောင်ပဲဝတ်ကြတာပါ" Status လေးဟာ အမျိုးသမီးတချို
့နဲ့ ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်လေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဘုန်းတော်ဘွဲ့ လုံးဝ
(လုံးဝ) မဟုတ်ပါကြောင်း အစီရင်ခံအပ်ပါသည် ခင်ဗျား......။
0 comments:
Post a Comment