(23.4.2014)
တိုင်းပြည်တစ်ပြည်ကို
ကျောက်စိုင်၊ ကျောက်ခဲတွေနဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ အဲဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူ
တွေရဲ့ စာရိတ္တနဲ့တည်ဆောက်ထားတာတဲ့…၊ အရစ္စတိုတယ်လ်လား ပလေတိုလားတော့မမှတ်မိဘူး။
သူတို့ ဆရာ တပည့်နှစ်ယောက်ထဲက တစ်ယောက်ယောက်ပြောခဲ့တာတော့ သေချာတယ်။
ကျွန်တော်နယ်စပ်မှာနေတုန်းက
ထိုင်းတွေကိုကြည့်ပြီး ကိုယ့်လူမျိုးကိုယ် အားမရလိုက်တာ…။ ဂျပန်မှာ ကိုဘေးငလျင်
လှုပ်တော့ အဲဒီအချိန်ကထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောတဲ့စကားကိုဖတ်ရတော့ ကိုယ့်ကိုယ်ကိုယ်မြန်မာဖြစ်ရတာ
ဝမ်းနည်းရမလိုလို ဘာလိုလိုဖြစ်သွားတယ်။
သူပြောတာက…"တရားဝင်ရောက်ရှိနေတာပဲ
ဖြစ်ဖြစ်၊ တရားမဝင်ရောက်နေတာပဲဖြစ်ဖြစ် ဂျပန်မှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားအားလုံးကို
ထိုင်းသံရုံးက လိုအပ်တဲ့အကူအညီအကုန်ပေးရမယ်…" တဲ့။
အဲဒီအချိန်မှာ
ထိုင်းမှာရှိတဲ့အနိုင်ကျင့်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို ကျွန်တော်တို့ စစ်အစိုးရက
လျစ်လျူရှုထား တဲ့အချိန်ပေါ့။ အစိုးရကိုပုန်ကန်လို့ အရေးယူတာ၊ နိုင်ငံခြားမှာ ဘာမှဆောင်ရွက်ပေးခြင်းမရှိတာ
ကျွန်တော်ဘာမှ မပြော လိုပါဘူး။ ဒါပေမဲ့ ဆင်းရဲလွန်းလို့ မသွားချင်ဘဲ ကိုယ့်လူမျိုးကိုအငြိုးအတေးရှိတဲ့တိုင်းပြည်မှာ
အလုပ်သွားလုပ်ရတဲ့ မိမိ နိုင်ငံသားတွေကိုတော့ စောင့်ရှောက်သင့်ပါတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့
လုပ်ကိုလုပ်ရမယ့်တာဝန်လည်း ဖြစ်တယ်။
အဲ….အစိုးရတစ်ရပ်ဆိုလို့
ကျွန်တော်တို့အဘများကလည်း လည်သဗျ၊ တပ်မတော်အစိုးရ၊ စစ်အစိုးရ စသဖြင့်ခေါ်ကြ ပေမဲ့ သူတို့ဟာ
အစိုးရတစ်ရပ်မဟုတ်ပါဘူး၊ တိုင်းပြည်ကိုခဏထိန်းထားပေးတာပါလို့ပဲပြောတယ်ဗျ။ ခဏပဲ ထိန်းထိန်း
အကြာကြီးပဲ ထိန်းထိန်းပေါ့ဗျာ။ ကိုယ့်နိုင်ငံသားတွေကိုတော့ စောင့်ရှောက်ရမှာပေါ့။
ဝါးစရာရှိတာကျတော့
တစ်ဖြဲနှစ်ဖြဲဝါးပြီး တာဝန်ယူစရာရှိတာကျတော့ အစိုးရမဟုတ်ပါဘူးဆိုတာကတော့ တစ်မျိုးကြီး
ပေါ့ဗျာ။ ပြည်သူမုန်းတဲ့အထဲ ဒါလည်းပါသဗျို့….။ ကျွန်တော့်အသိတစ်ယောက်က ပြောဖူးတယ်…" အစိုးရကို
တစ်ခါမှ မမုန်းဖူးဘူးဆိုတဲ့သူကို နိုင်ငံခြားကိုလွှတ်လိုက်၊ တစ်ခါတည်း မုန်းသွားစေရမယ်…" တဲ့။
ဘာ့ကြောင့်လဲလို့မေးကြည့်တော့
နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးဆိုတာ ကိုယ့်နိုင်ငံသားတွေကို ကူညီဖို့ထက် အခွန်ကောက်ဖို့ကိုပဲ
စိတ်ဝင်စားနေတာကြောင့်လို့ ဆိုသဗျ။ နိုင်ငံတကာပတ်သွားနေတဲ့သူတွေ သိပါတယ်။ အခုတော့ အခွန်မကောက်တော့ဘူးကြားတာပဲ။
ဟုတ်မဟုတ်တော့မသိဘူး။
တိုင်းပြည်မှာရှိတဲ့
ပြည်သူတွေရဲ့ စာရိတ္တဆိုတာ အားလုံးနဲ့သက်ဆိုင်ပါတယ်။ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ အစိုးရ
ယန္တရားထဲက အရာထမ်း၊ အမှုထမ်းတွေအားလုံးလည်း ပြည်သူတွေပါပဲ။
နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်လည်း ပြည်သူတစ်ယောက်ဖြစ်သလို သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
ပြည်ထောင်စုဝန်ကြီးတွေ အားလုံး လည်း ပြည်သူတွေပါပဲ။ အစိုးရနဲ့ပြည်သူကြည်ဖြူဖို့ဆိုတာ
အစိုးရကလည်းပြည်သူ ကိုစောင့်ရှောက်ဖို့လိုပါတယ်။
စက်တင်ဘာ ၁၁ တုန်းက
ဖြစ်စဉ်လေးသတိရမိတယ်။ ဒီတုန်းက ကျွန်တော်နေ့တိုင်း သတင်းကြည့်ဖြစ်ပါတယ်။ Twin
Tower ကြီးကို အကြမ်းဖက်သမားတွေ ခရီးသည် တင်လေယာဉ်နှစ်စီးနဲ့ဝင်တိုက်ပြီး Pentagon
စစ်ဌာနချုပ်ကို တစ်စီး ဝင်တိုက်ပါတယ်။ White House အိမ်ဖြူတော်ကိုဝင်တိုက်ဖို့ဦးတည်သွားနေတဲ့
လေယာဉ်ကိုတော့ ခရီး သည်တွေက ရိပ်မိသွားပြီး အကြမ်းဖက်သမားတွေကိုဝင်လုံးတာကြောင့် လေယာဉ်ဟာ
အကြမ်းဖက်သမားတွေလိုချင်တဲ့ ပစ်မှတ်ကို မရောက်ဘဲပျက်ကျခဲ့ တယ်။ လေယာဉ်ပေါ် က ဝင်လုံးတဲ့သူတွေအပါအဝင်
ခရီးသည်အားလုံးလည်းသေဆုံးခဲ့ကြရတာ ပေါ့။ ဒါ အားလုံးသိပြီးသား အဖြစ်အပျက်ပါ။
အဲဒီအချိန်မှာ
အကြမ်းဖက်သမားတွေဟာ သမ္မတအိမ်ဖြူတော်ကိုတောင် ခရီးသည်တင်လေယာဉ်အသုံးပြုပြီး တိုက်ခိုက်
ဖို့ ကြိုးစားလာကြတယ်ဆိုတဲ့ သတင်းလည်းပျံ့သွားရော ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်ပြည်သူတွေဟာ
သူတို့အိမ်မှာ လိုင်စင်နဲ့ကိုင်တဲ့သေနတ်ကို ကိုယ်စီဆွဲပြီး အိမ်ဖြူတော်ရှေ့ ကိုစုဝေးရောက်ရှိလာကြတာ
အိမ်ဖြူတော်ရှေ့ကရင်ပြင်မှာ လူတွေအပြည့်ပဲ။
အိမ်ဖြူတော်ရှေ့ရင်ပြင်မှာရောက်နေတဲ့
ခက်ထန်မာကျောနေတဲ့ပြည်သူတွေရဲ့ မျက်နှာဟာ တို့သမ္မတကိုမထိနဲ့ အသက်နဲ့လဲပစ်မယ်၊ မီးပွင့်
သွားမယ်ဆိုတဲ့ မျက်နှာမျိုးပါ။ ကျွန်တော်ကြည့်ရင်း ကြက်သီးတွေ တဖြန်းဖြန်းထမိပါတယ်။
သြော်…ကျွန်တော်တို့တိုင်းပြည်မှာလည်း
အစိုးရနဲ့ပြည်သူအဲဒီလိုကြည်ဖြူရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိ တယ်။
ကျွန်တော် တစ်ဖက်တည်းကို
မပြောချင်ပါဘူး။ နှစ်ဖက်စလုံးပြင်ဖို့လိုပါတယ်။ အစိုးရကတော့ ပိုတာဝန်ရှိတာ ပေါ့လေ။
အမုန်းတွေ၊ အာဃာတတွေဖျောက်
နှစ်ဖက်စလုံး တိုင်းပြည်ကို မှန်မှန်ကန်ကန်ချစ်နိုင်အောင် ကြိုးစားကြပါစို့လားဗျာ။
0 comments:
Post a Comment