Discussion make perfect
မည်သူမဆိုလွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်
Home
ဆက်သွယ်လိုက်ပါ
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
Pages
Home
ကျွန်တော်ပြောမယ့်ကျွန်တော့်အကြောင်း
ဆက်သွယ်လိုက်ပါ
Tuesday, May 13, 2014
တွေးမိတွေးရာ မြန်မာစာ (၂)
10:04 AM
ရဲကျော်သူရ
No comments
ချစ်စရာ့ သမိုင်းအမွေအနှစ် အသံများ ဘာသာစကားတိုင်း အသံပြောင်းလဲမှုရှိသည်ကို စာပေ၊ ဘာသာစကားစိတ်ဝင်စားသူတို့ သိထားပြီးသား ဖြစ်ပါသည်။ ထိုအသံပြောင်းလဲမှုတို့သည် စိတ်ဝင်စားစရာကောင်းသလို ချစ်စရာလည်းကောင်းပါသည်။ အသံပြောင်းလဲပုံများကို သဒ္ဒ ဗေဒ ပညာရှင်များက ပညာရပ်ရှုထောင့်က ချဉ်းကပ် တင်ပြလေ့ ရှိသော်လည်း လက်တွေ့ပြောဆိုနေကြသည့် ဘာသာစကားနယ်ပယ်ရှိ အသံပြောင်းလဲမှုအချို့မှာ ပညာရပ်နယ်ပယ်တွင် အက္ခရာတင်၍ မှတ်သားရန် မလွယ်ကူ ကြောင်း တွေ့ရပါလိမ့်မည်။ Pronunciation ကို မြန်မာလို အသံထွက်ဟုခေါ်ကြောင်း အများအသိဖြစ်သည်။ ဥပမာ play, eat, children, community စသည့် အင်္ဂလိပ်စာလုံးပေါင်းများအား မည်ကဲ့သို့ အသံထွက်ရမည်ကို အဘိဓာန်များတွင် phonetic symbol များ ဖြင့်ပြ ထားပါသည်။ မြန်မာစာလုံးပေါင်းများအတွက်လည်း မြန်မာအဘိဓာန်တွင် အသံထွက်နည်းကို ယှဉ်တွဲဖေါ်ပြ ထားပါသည်။ Accent ကိုလေသံ ဟုပြောရမည်ထင်သည်။ ဥပမာ ရန်ကုန်လေသံ၊ မန္တလေးလေသံ၊ မော်လမြိုင်လေသံ စသည်ဖြင့် ဒေသကိုလိုက်၍ ကွဲပြားခြားနားသော လေသံကိုဆိုလိုပါသည်။ Intonation မှာ လေယူလေသိမ်း အသံအတက်အကျဖြစ်သည်။ “ချစ်၊ ချစ်၊ ကိုဘနှစ်ရေ။ အချန်တန်တော့ သူ့အမေရင်ခွင်ထဲ ပက်ခနဲ ပြေးဝင်သွားမှာ။ အဲဒီအခါကျတော့ တစ်ခင်းလုံးကုန်တာတောင် တစ်စေ့ချိုတယ် ပြောမှာမဟုတ်ဘူး” ဆိုသည့် ၀ါကျကို ရွတ်ဆိုကြည့်ပါက Intonation အသံအတက်အကျ သဘောကိုရိပ်စားမိပါလိမ့်မည်။ မြန်မာစာပေချစ်မြတ်နိုးသူတစ်ယောက်အနေဖြင့် မြန်မာစကားသံပြောင်းလဲမှုအကြောင်းကို အနည်းငယ် ဆွေးနွေး လိုပါသည်။ International Phonetic Symbol များကိုစနစ်တကျလေ့လာခဲ့ဖူးခြင်းမရှိသဖြင့် စကားလုံးတစ်လုံး၏ အသံထွက်ကို မည်မျှ တိကျမှန်ကန်အောင် ညွှန်ပြနိုင်ခြင်း ရှိသည်ကို အကဲမဖြတ်နိုင်သော်လည်း မြန်မာအဘိဓာန်တွင် စကားလုံးများနှင့် အတူ ယှဉ်တွဲ ဖေါ်ပြထားသည့် အသံထွက်နည်းအချို့မှာ ပြင်ပတွင် မြန်မာလူမျိုးတို့ အမှန်တကယ်ထွက်သည့်အသံနှင့် ကွဲပြားခြားနား နေပါသည်။ ဤသို့ဆိုရခြင်းမှာ အပင်ပန်းခံပြီး အဘိဓာန်ပြုစုခဲ့သော ပညာရှင်များ၊ ဆရာကြီးများ ၏ စေတနာနှင့် ကြိုးစားအားထုတ်မှုများကို စော်ကားလိုသည့် အဂါရ၀စိတ်ဖြင့် ပြော ဆိုခြင်းမဟုတ်ကြောင်း ဦးစွာ မေတ္တာရပ်ခံလိုပါသည်။ အသံကို သင်္ကေတ တစ်ခုခုဖြင့် တစ်ထပ်တည်းတူအောင်ပြဆိုရေးသားရန် မလွယ်ဟု ထင်ပါသည်။ မိတ်ဆွေထားဝယ်သား များက ထားဝယ်စကားကို စာရေးပြရန် မလွယ် ကူကြောင်းပြောကြသည်။ ထားဝယ်စကား မှမဟုတ် မြန်မာစကားသံကိုလည်း စာဖြင့်အတိအကျရေးပြရန်မလွယ်ကူပါ။ အနီးစပ်ဆုံး မှန်းဆ၍ရအောင် သာ ရေးပြနေကြရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ အသံကို အသံ (နားအကြား) ဖြင့် သင်ယူခြင်းကသာ အနီးစပ်ဆုံး မှန်ကန်သောအသံကို ရနိုင်လိမ့်မည်ဟုထင်ပါသည်။ ဥပမာ၊ ပြည်ထောင်စု ကို မြန်မာအဘိဓာန်တွင် ပြည်ထောင်စု/ ပျီဒေါင်ဇု/န ဟုပြပါသည်။ သို့သော် မြန်မာစာကားသံ ပီပီသသရွတ်ဆိုတတ်သူတစ်ယောက်အနေနှင့် “ပျီဒေါင်ဇု” ဟုလည်းကောင်း စာရေးသားသည့် အတိုင်း “ပြည်ထောင်စု” ဟုလည်းကောင်း ထွက်လိမ့်မည်မဟုတ်ပါ။ မြန်မာလူမျိုးတစ်ယောက် အမှန်တကယ် ပီပီသသ ရွတ်ဆို သည့်အသံမှာ စာရေးပြရန် ခက်ပါသည်။ အဘိဓာန်တွင် ပြဆိုသည့်အတိုင်း အလယ် စာလုံးကို ဒေါင် ဟုမထွက်ပါ။ ရကောက် နှင့် ဒဒွေး ရောမွှေထားသည့် အသံဖြစ်ပြီး ရကောက်ဘက်ကို အသံပိုယိုင်သည်ဟု ထင်ပါသည်။ ထို့အတူ အိမ်တွင်းရေး၊ အိမ်ထောင်၊ တို့တွင်လည်း အဘိဓာန် က ပြသည့် အတိုင်း အိန်ဒွင်းယေး၊ အိန်ဒေါင် ဟုမထွက်ဘဲ အလယ်စာလုံးများဖြစ်သော ဒွင်း နှင့် ဒေါင်တို့ကို နငယ်နှင့် ဒဒွေး ရောထားသည့် အသံမျိုးဖြင့်သာထွက်ပါသည်။ ယင်းကဲ့သို့ပင် မသိဘူးဆိုသည့်မြန်မာစကားသံကို စကားပီသစွာပြော တတ် သည့် မြန်မာစစ်စစ်တစ်ယောက်က မသိဘူး ဟုမပြာ ဘဲ နောက်ဆုံးစကားလုံး “ဘူး” ကို “၀” သံ ပီပီသသမဟုတ်သည့် “၀ူး” နှင့်ခပ်ဆင်ဆင် အသံမျိုးဖြင့်သာ ပြောလေ့ရှိပါသည်။ တစ်ခါတစ်ရံ ရွဲ့ပြီးပြောသည့် အခါမျိုးတွင်ကျမှ မ…သိ…ဘူး…ဟု တစ်လုံးချင်း ပီပီသသပြောဆိုတတ်ပါသည်။ အစ်ကိုကြီး၊ အစ်မကြီး တို့ကိုလည်း အကိုဂျီး၊ အမဂျီး ဟု မထွက်ပါ။ အကိုရီး၊ အမရီး ဟုသာ အသံထွက်ပြောဆိုလေ့ရှိပါသည်။ ပြဿနာမရှိ ပြဿနာရှာနေခြင်းမဟုတ်ပါ၊ အသံကိုအသံဖြင့်သာ သင်ယူခြင်းက ပိုမို နီးစပ်ဖွယ်ရှိကြောင်း ပြောလိုခြင်းဖြစ်ပါသည်။ မိတ်ဆွေ ကရင်အမျိုးသမီးတစ်ယောက်က အစ်ကိုတို့ အညာသားတွေ စကားပြော လိုက်ရင် “မကျန်း၊ မာကျန်းနဲ့” အမြဲပါတာပဲ ဟုပြောပါသည်။ ကျွန်တော်က မရှင်း ၍မေးကြည့်ရာ သူက “အကိုတို့ အညာသားတွေ စကားပြောခါနီးကျရင် ဒီမှာကြည့်စမ်း ဆိုတဲ့စကားကို အမြန်ပြောတဲ့အခါ ကျွန်မတို့နားထဲမှာ မာကျန်း၊ မာကျန်း လို့ပဲကြား တယ်” ဟု ပြောပြပါသည်။ မှန်ပါသည် သူပြောမှ သတိထားကြည့်မိသောအခါ ဒီမှာကြည့်စမ်း ဆိုသည့်စကားကို အမြန်ပြောသောအခါ မာကျန်း ဟု အသံထွက် သွားသည်ကို သတိထားမိလိုက်သည်။ အင်္ဂလိပ်စကား အမြန်ပြောဆိုရာတွင် ပထမအတွဲရှိနောက်ဆုံးစာလုံးသည် consonant (ဗျည်း) ဖြစ်ပြီး ဒုတိယ အတွဲ၏ ရှေ့စာလုံးသည် vowel (သရ) ဖြစ်နေပါက ပထမ အတွဲ ရှိ အဆုံးဗျည်းသံသည် ဒုတိယတွဲရှေ့စာလုံးဖြစ်သော သရသံကို ဖုံးသွားသကဲ့ သို့ပင်ဖြစ်ပါသည်။ Look at, put up, shut up, Middle East, British Airways, all of us, I’m afraid of something အစရှိသည့် စကားလုံးများတွင် ထိုကဲ့သို့ အသံပြောင်းသွားသည့် နမူနာမျိုးကို တွေ့ရမည်ဖြစ်သည်။ မြန်မာဘာသာစကားတွင်လည်း ထိုကဲ့သို့ အသံပြောင်းလဲမှုများရှိပါသည်။ ဘာသာဗေဒ ပညာရှင် ဆရာ မောင်သာနိုးကတော့ စကားသံတစ်ခုနှင့်တစ်ခု ဆက်တိုက်ရွတ်ဆိုသည့် အခါ ပြောင်းလဲမှုဖြစ်ပေါ်သည့် သဘောကို သက္ကတသဒ္ဒါတွင် သန္ဓိ ဟု ခေါ် ကြောင်း၊ အသံတစ်သံကို ရွတ်ဆိုလိုက်ပြီးနောက် စဉ်းငယ် ရပ်တန့်နေပြီး မှ နောက်တစ်သံဆက် ရွတ်ခြင်းကို အပွင့်စပ် ဟုခေါ်ကြောင်း၊ အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်ရွတ် ဆိုသကဲ့သို့ ရွတ်ဆိုခြင်းကို အပိတ်စပ် ဟုခေါ်ကြောင်း၊ အသံ တစ်သံနှင့်တစ်သံကြား အပွင့်စပ် ရှိနေပါက အသံပြောင်းလှဲမှုမဖြစ်ဘဲ အပိတ်စပ်ရှိနေမှသာလျှင် အသံပြောင်း လဲမှုဖြစ် ပေါ်ကြောင်း “မြန်မာ့စကားနှင့်စာပေ” စာအုပ်တွင်ရှင်းပြထားပါသည်။ စကားသံအပြောင်းအလဲနှင့် ပတ်သက်၍ ကရင်တိုင်းသားမိတ်ဆွေတစ်ဦးက “မြန်မာ စကားသံ အပြောင်း အလဲကို ကြည့်ရတာ မြန်မာတွေဟာ အသံထွက်ကိုထွက်ရ လွယ်ကူအောင် ပြောင်းပြီးထွက်ကြပုံ ရတယ်” ဟုပြောပါသည်။ ကျွန်တော်ကတော့ သူ့အဆိုကိုထောက်ခံပါသည်။ ကျွန်တော်တို့၏ ဘိုး၊ဘေး၊ဘီ၊ ဘင် ရှေးမြန်မာကြီးများသည် အသံထွက်တော်တော်များများကို စာရေးသည့် အတိုင်း မထွက်ပဲ အလွန်ထွက်ရလွယ်ကူပြီး နားဝင်ချိုအောင် အပတ်တကုတ်ကြိုးစား တီထွင်ပြီး ဖေါ်ထုတ်ပေး ခဲ့ကြသည်။ ဗမာ မဟုတ်သည့် အခြားတိုင်းရင်းသားများ စကားဝဲကြသည်မှာ နားထောင်ကောင်းသော်လည်း ဗမာစစ်စစ်က မြန်မာစကားကို ပီသအောင် မပြောတတ်၊ မပြောနိုင်ခြင်းမှာ ဂုဏ်ယူစရာမဟုတ်ပါ။ ဤနေရာတွင်(Dialect) ခေါ် အသွင်ကွဲပြား မြန်မာစကားဖြစ်သည့် ထားဝယ်၊ မြိတ်၊ ယော၊ ဓနု အစရှိ သည့် ဒေသိယ စကားကိုပြောဆိုနေကြသည့် မြန်မာတိုင်းရင်းသားများ၏ စကားသံဝဲခြင်းကို မဆိုလိုပါ။ တိုင်းရင်းသူ အဆိုတော်လေး အယ်(လ်)ဆိုင်းဇီ က “မိုးရေထဲမှာ အချစ်ရယ် ခဏလေး တွေ့လိုက်မိတိုင်း” ဆိုသည့် သီချင်း စာသားကို စကားသံ ၀ဲဝဲဖြင့် သီဆိုထား သည်မှာ အလွန်နားထောင်၍ ကောင်းသော်လည်း ရုပ်သံအဆိုပြိုင်ပွဲတစ်ခုတွင် အညာ သူမ မြန်မာစစ်စစ် တစ်ယောက်က အယ်(လ်)ဆိုင်းဇီကိုတုပပြီး မတူတူအောင် အတင်း လိုက်ဝဲနေသည်မှာ အကြည့်ရ ဆိုးလှသည်။ အမေရှိသည့် အညာကို ခေတ္တပြန်ရင်း စားနေကျကွမ်းယာဆိုင်က ဆိုင်ရှင်ကို နာမည် ဘယ်လိုခေါ်သလဲဟု မေးကြည့်ရာ “ကိုသိန်းတန်” ဟု စာရေးသည့်အသံ အတိုင်းဖြေ သည်။ သူ့အသံထွက်က ကျွန်တော့်နားထဲ ထော်လော်ကန့်လန့်ကြီး ၀င်လာ သည်။ ပဲခူးတိုင်းရွှေတောင်မြို့ကိုရောက်စဉ်က မြို့ခံတွေက သူတို့မြို့ကို စာရေးသည့်အတိုင်း အသံထွက်ပြီး ပြောနေကြတာ ကြားရသည်။ တစ်ခါက စိန်သွေးပါသည့် လူငယ်တစ်ယောက် ဇာတိမာန် သီချင်းကို စပ်ဖြဲဖြဲမျက်နှာဖြင့် မပီ့တပီ သီဆိုနေပုံကို မြန်မာ့အသံက ထုတ်လွှင့်စဉ် ကြည့်လိုက်ရရာ အတော်စိတ်ပျက်မိ သည်။ ဃောသသံ၊ အဃောသသံ မမှန်ဘဲ အဆင်ပြေသလိုဆိုနေသည့် ဇာတိမာန် သီချင်းမှာ စိတ်ဓာတ်တက်ကြွပြီး ဇာတိမာန်တွေထက်သန်လာဖို့ဝေးစွ သီချင်းဆုံးအောင် အတော့်ကို သည်းခံ နားထောင်လိုက်ရသည်။ ကျွန်တော် ယခုပြောဆိုနေသည့် စကားသံမပီခြင်းဆိုသည်မှာ ဥပမာ တောင်တွင်းကြီး နယ်ဘက် ရွာအချို့မှ အညာသားများ တ နှင့် သ မကွဲခြင်းမျိုး ( ဘူးတီးနဲ့ ၀က်တား ချက်တာ တိုးလို့ တံမံတလင်းပေါ် တွန်ပစ်လိုက်ရတယ်။)၊ ပျဉ်းမနား၊ ကျည်တောင်ကန် ဘက်မှ စ/ဆ အသံကို သသံနှင့် ပြောဆိုခြင်းမျိုး ( အမြဲသပ်သု တဲ့ကောင် အခု သသုံး လုံးက ခေါ်သစ်နေတယ်။)၊ ရမည်းသင်း နယ်အချို့က ခသံကို ယ/ရ သံဖြင့်ပြောခြင်းမျိုး (ရှုံပုတ်တွေ ရှုပ်နေတော့ ရှင်တွေအရမ်းပေါတယ်။)၊ ကျွန်တော့်ဖခင်ဇာ တိ မြင်းခြံ၊ တောင်သာနယ်အချို့က အညာသူ အညာသားများ တ သံကို သ သံနှင့် ပြောခြင်းမျိုး ( ဟုတ်သယ် ဆရာမရဲ့၊ သူ့အစ်ကိုက အရမ်းအလုပ်များ သာ)၊ မော်လမြိုင်နယ်ဘက်နှင့် မြိတ်နယ်ဘက်က လူအချို့ ယ/ရ သံကို စ/ဆ သံဖြင့် ပြောခြင်းမျိုး (ဆင်နော် ဆင် ဆုပ်ဆုပ်စက်ဆက် မလုပ်နဲ့၊ ဆင့်လမ်းဆင်သွား။) စသည့် ဒေသသံဝဲနေခြင်းကို ဆိုလိုသည်မဟုတ်ပါ။ မြန်မာစကားကို ပီပီ သသ ပြောနိုင်ပါလျက် ကနဲ့ ဖြစ်သလို၊ ကြုံသလို ပြောဆိုနေကြသည့် အလေးမထားမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။ မြန်မာစကားမပီတော့ ဘာဖြစ်သလဲဟုငေါ့လာလျှင် ဘာမှမဖြစ်ပါ၊ အလုပ်ဖြစ်ရုံပြော တတ်လျှင်လည်းရပါသည် ဟုသာဖြေလို ပါသည်။ သို့သော် မြန်မာသံသီချင်း သီဆို လျှင်လည်းကောင်း၊ မြန်မာလူထုကို မိန့်ခွန်းပြောလျှင် သော်လည်းကောင်း မြန်မာလို ပီပီ သသ ဆိုနိုင်၊ ပြောနိုင်လျှင် အတိုင်းအတာတစ်ခုအထိ ပို၍အကျိုး သက်ရောက်မှုရှိမည် မှာ မလွဲဟုဆိုချင်ပါသည်။ တစ်ခါကမြန်မာပြည်ဖွား အိန္ဒိယအမျိုးသားလူငယ်တစ်ယောက် ကိုမြကြီး၏ မိုး သီချင်းနှင့် အဆိုပြိုင်ပွဲတစ်ခုမှာ ပထမရသွားတာ ကြည့်ဖူးသည်။ သူ့ပင်ကို သံနှင့် မြန်မာသံသီချင်းကို မြန်မာတွေငေးယူရလောက်အောင် သီဆို သွားခဲ့ သည်မှာ လေးစားအားကျ ဖွယ် ကောင်းလှသည်။ မပီကလာ ပီကလာနှင့် မြန်မာ သံသီချင်း သီဆိုနေသူများ အတုယူဖွယ်ကောင်းလှသည်။ အသံတွေက ချစ်စရာကောင်းပါသည်။ ထိုချစ်စရာကောင်းသော အသံတွေကို ကရော်ကမည် နမော်နမဲ့နှင့် မတော်မတည့်တွေ ပြောဆိုပြီး မဖျက်ဆီးပစ်လိုက်သင့်ပါ။ တက္ကသိုလ်ဝင်တန်းအတွက်ပြဌာန်းထားသည့် ကဗျာ စာအုပ်ထဲမှကဗျာများကို မြန်မာသံ ပီပီ သသနှင့် ရွတ်ဆိုကြည့်ပါက အလွန်နားထောင်ကောင်းသည်ကို တွေ့ရပါလိမ့်မည်။ အကြောင်းကြောင်းကြောင့် စကားမပီသူများကို ပျက်ရယ်ပြုပြောဆိုလို၍မဟုတ်ပါ။ ပီအောင်ပြောနိုင်ပါလျှက် ဖြစ်ကတတ်ဆန်း ပြောဆိုနေကြသည့် အသံများကို နားကလော၍သာ ပြောနေရခြင်းဖြစ်ပါသည်။ တိုင်းပြည်တစ်ပြည်ထူထောင်နိုင်အောင် ကျွန်တော်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ အသက်၊ သွေး၊ ချွေး မြောက်များစွာပေး ခဲ့ရသည်။ ဒီကနေ့ ကျွန်တော်တို့ ပြောဆိုနေသော စကားလုံးများတွင် ပါဝင်သည့် အက္ခရာ တစ်လုံးတိုင်း တစ်လုံးတိုင်းသည် ကျွန်တော်တို့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ထားရစ်ခဲ့သည့် သမိုင်း အမွေအနှစ်များပင်ဖြစ်ပါသည်။
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 comments:
Post a Comment
Subscribe to:
Post Comments (Atom)
Popular
Tags
Blog Archives
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဇူလိုင်လ (၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ ဆရာမက မောင်ဆိုင်းလတ် အောင်ဆိုသည့် ကျောင်းသားကို စာသ...
ဆုတောင်း
ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ဦးခိုက်၍ သမ္မာဒေဝ နတ်မြတ်၊ နတ်ကောင်းများအားတိုင်တည်ပါ၏ ဘုရား....... တိုင်းပြည်ကိုအမှန်တကယ်...
ပုံပြောမယ် ၃၇
ပျင်းလွန်းကာ ဂေါက်ကြောင်တဲ့ ငတိ အိပ်ရာမှာ ကြမ်းပိုးတွေရှိလဲ မရှာပဲ ပေတေအိပ်သတဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် … ။ တစ်နေ့သောအခါ သူအပြ...
(no title)
(22.42014) ကျွန်တော်ရဲကျော်သူရဟာ အဖေဗမာ၊ အမေဗမာက မွေးဖွားတဲ့ ဗမာ စစ်စစ်တစ်ယောက်ပါ။ နှစ်ဖက် ဘိုး၊ဘေး လောက် အထိ မီသရွေ့ပေါ့ဗျာ၊ ဘီ၊ ဘင်...
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်
အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို ဆန်းစစ်ခြင်း --- (ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင်...
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် "
" သင် တပ်မတော်မှ အငြိမ်းစားယူပြီးသော် " The Myanmar Review ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၂.၈.၂၀၁၅ ရက်နေ့ ထုတ် မျက်နှာဖုံး ဆောင်...
ပြောင်းပြန်နိယာမ
ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး) ===================================== (၁) မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေ...
အာဘွားပေးချင်တယ်
အာဘွားပေးချင်တယ် ရေးသူ - ဘစီ ပြောပါရစေဗျာ။ ဟိုရက် ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး...
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ
မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာ...
တွေးမိတွေးရာမြန်မာစာ (၁)
တ၊ နှစ်၊ သုံး၊ လေး ရဲကျော်သူရ လူမျိုးတစ်မျိုး၏ဘာသာစကားဟူသည် အချိန်ရေစီးနှင့်အတူ ပြောင်းလဲနေပါသည်။ ကျွန်တော်တို့ မိခင် ဘာသာ မြန်မာစာမှမဟုတ...
Powered by
Blogger
.
Categories
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
Blog Archive
►
2015
(29)
►
August
(17)
►
March
(6)
►
February
(6)
▼
2014
(82)
▼
May
(24)
တွေးမိတွေးရာမြန်မာစာ (၅)
တွေးမိတွေးရာမြန်မာစာ(၄)
တွေးမိတွေးရာမြန်မာစာ (၃)
တွေးမိတွေးရာ မြန်မာစာ (၂)
တွေးမိတွေးရာမြန်မာစာ (၁)
သာသနာ့ရန်စွယ် ကြောက်စရာ့အန္တရယ်
ကြိမ်လုံးသံ တရွှမ်းရွှမ်း နှလုံးသားမှာ မြားတွေမစူးတမ်း
ဓါးသွားပေါ်ကပျားရည်စက်
အလုပ်လျှောက်ထားတဲ့ Media တွေ Company တွေထဲကေ...
အစ္စရေးကညီမလေးတယောက်ပြောသံ
သံလမ်းပေါ်က သဘောက်မသားများသို့
ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စ...
ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး
တူနေသလားလို့
မနေ့ က ... ပုဒ်မ ၄၃၆ ကို မပြင်ဖို့ စတေးတပ်စ်မ...
ဟစ်တလာမကြိုက်တဲ့ရဲမိုး
ကံကောင်းပါစေ မြန်မာပြည်
စိတ်မဆိုးနဲ့နော်
လယ်တီအရေးသူ့အတွေး
အော်ငလရဲမိုး
DHL ၀န်ထမ်းရဲမိုး
အီကြာကွေးတော်လှန်ရေးသမားရဲမိုး
ဆင်စွယ်ရွာသားရဲမိုး
အလျင်မလိုတဲ့ရဲမိုး
►
April
(58)
Labels
(Redstar ForPatriot)
ko saz
Ko Thet
Sit Naung
ကွန်းဇော်အညာမြေ
ကိုရုပ်ဆိုး
ကိုရဲမိုး
ဂျာနယ်များမှဆောင်းပါးများ
စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတဦး
ဒီရဲဂျာ(မြစ်ကြီးနား)
မြတ်နိုးမောင်
မြန်မာ့ေ၇း
ဘက်မလိုက်သောအမျိုးသားရေးဝါဒီ
ဘာသာရေး
မင်းသုတ
မင်းသုတ
ရဲကျော်သူရ
အွန်လိုင်းစာရေးဆရာများ
အွန်လိုင်းပေါ်ကဆောင်းပါးများ
ဇေမိုး
ထွေရာလေးပါးစုစည်းရာ
အောင်လေး
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ
နိုင်ငံရေးဆောင်းပါးများ
နိုင်ငံရေးလေ့လာသုံးသပ်ချက်များစုစည်းမှု
0 comments:
Post a Comment