(27.4.2014)
(၁) နိုင်ငံဖွဲ့စည်းမှု၏
သဘာဝ (The Nature or Form of the State)
(၂) အခြေခံဥပဒေ၏
သဘာဝ (The Nature of the Constitution)
(က) တစ်စုတစ်စည်းတည်း
ရေးသားထားမှု ရှိ/မရှိ (Written or Unwritten)
(ခ) ပြင်ဆင်ရန်
လွယ်ကူခြင်း သို့မဟုတ် ခက်ခဲခြင်း (Flexible or Rigid)
(၃) ဥပဒေပြုရေး၏
သဘာဝ (The Nature of the Legislation)
(၄) စီမံခန့်ခွဲရေး၏
သဘာဝ (The Nature of the Executive)
(၅) တရားစီရင်ရေး၏
သဘာဝ (The Nature of the Judiciary)
ဆိုတဲ့ အခြေခံငါးမျိုးအရ
ခွဲခြားလေ့လာကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို လေ့လာတဲ့အခါမှာ
နိုင်ငံအနေအထားသဘာဝကို ကြည့်မယ်ဆိုရင် တစ်ပေါင်းတည်းသော တစ်ပြည်ထောင်စနစ် (Unitary
State) သို့မဟုတ် ပြည်ထောင်စုစနစ် (Union) ရယ်လို့ ဖွဲ့စည်းမှု သဘာဝ ကွဲပြားတတ်ပါတယ်။
တစ်ပြည်ထောင်စနစ်မှာဆိုရင် ဗဟိုအစိုးရတစ်ခုသာရှိပြီး အဲဒီအစိုးရက အုပ်ချုပ်ရေးအာဏာတွေကို
လက်ဝယ်ထားရှိပါတယ်။
* ပြည်ထောင်စုစနစ်မှာ
တူညီတဲ့ ရည်ရွယ်ချက်နဲ့ ပြည်နယ်တွေ ပေါင်းစည်းထားတဲ့ ဗဟို၊ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေဟာ
အာဏာကို ခွဲဝေကျင့်သုံးကြပါတယ်။ အဲဒီနိုင်ငံတွေမှာ အမျိုးသားညီညွတ်ရေးနဲ့ အာဏာကို အပေးအယူလုပ်ပြီး
နိုင်ငံရေးအရ ပြည်နယ်အချင်းချင်း ညီညွတ်မှု ရယူထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဗဟိုအစိုးရရဲ့
အာဏာတွေကို ပြည်နယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိတိကျကျ ကန့်သတ်ထားကြတာကို တွေ့ရပါတယ်ခင်ဗျာ။
ဥပမာပြရရင် လက်ရှိအမေရိကန်ပြည်ထောင်စုနဲ့ ပြိုကွဲသွားတဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကို
တွေ့ရပါလိမ့်မယ်။
* နောက်တစ်ခါ
အခြေခံဥပဒေကို သဘာဝအားဖြင့် လေ့လာတဲ့အခါမှာ နှစ်ပိုင်းတွေ့ရပါတယ်။ အချို့နိုင်ငံတွေရဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ တစ်စုတည်း စုစည်းရေးသားထားခြင်း မဟုတ်ပဲ ခေတ်အဆက်ဆက် ထွက်ပေါ်လာတဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေသဘောသက်ရောက်တဲ့ ဥပဒေတွေ တစ်ခုချင်းကို စုစည်းပြီး အနက်အဓိပ္ပာယ်
ကောက်ယူခြင်းမျိုး ရှိတတ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသားထားမှုမရှိ
(Unwritten) လို့ ခေါ်နိုင်ပါတယ်။ ဥပမာ ယူနိုက်တက် ကင်းဒမ်း (UK) ဖြစ်ပါတယ်။ နောက်ပိုင်းခေတ်မှာ
ဖွဲ့စည်းပုံ အခြေခံဥပဒေများမှာ တစ်ခုတည်းမှာ ရေးသားပြဌာန်းထားပါတယ်။ ဒီလို ရေးသားမှုကို
(Written Constitutions) လို့ ခေါ်နိုင်ပါတယ်။
* နောက်တစ်ခါ
အခြေခံဥပဒေများရဲ့ သဘာဝမှာ ပြင်ဆင်ရန် လွယ်ကူမှုနဲ့ ခက်ခဲမှု သဘာဝကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အချို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ အခြားဥပဒေနဲ့မခြား သာမန်အများစုမဲဆန္ဒ (ဆန္ဒမဲ ၅၁
ရာခိုင်နှုန်း) နဲ့ ပြင်ဆင်နိုင်ပါတယ်။ ဒီဥပဒေမျိုးကိုတော့ ပြင်ဆင်ရန် လွယ်ကူသော
(Flexible) ဥပဒေလို့ ခေါ်ပါတယ်။ အချို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကျတော့ ပြင်ဆင်ဖို့
ခက်ခဲတဲ့ သဘာဝ ရှိကြပါတယ်။ ဒီလို အခြေခံဥပဒေတွေမှာ “အခြေခံဥပဒေကို ပြင်ဆင်ခြင်း” ဆိုတဲ့ ကဏ္ဍတစ်ခု
ထည့်သွင်းထားလေ့
ရှိပါတယ်။ ဥပမာအားဖြင့်
အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်နယ်တွေရဲ့ သုံးပုံ နှစ်ပုံက
စတင်အဆိုပြုတဲ့အခါ ကွန်ဂရက်က အမေရိကန်ပြည်နယ်တွေအားလုံးကို အကြောင်းကြားရပြီး ပြည်နယ်တွေမှာ
ရှိတဲ့ ဥပဒေပြုအဖွဲ့တွေရဲ့ လေးပုံ သုံးပုံက သဘောတူမှသာ ပြင်ဆင်နိုင်တာကို တွေ့ရမှာ
ဖြစ်ပါတယ်။ ဒီဥပဒေမျိုးကို ပြင်ဆင်ရန် ခက်ခဲသည့် (Rigid) ဥပဒေလို့ ခေါ်ပါတယ်။
* ကျွန်တော်တို့
မြန်မာနိုင်ငံရဲ့ (၁၉၇၄) ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဟာလည်း ပြင်ဆင်ဖို့ ခက်ခဲတဲ့ အခြေခံဥပဒေတစ်ရပ် ဖြစ်ပါတယ်။ အဲဒီ ဖွဲ့စည်းပုံ
အခြေခံဥပဒေရဲ့ ပုဒ်မ ၁၉၄ (က) အရ အချို့ပုဒ်မတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့
(၇၅) ရာခိုင်နှုန်း (လေးပုံသုံးပုံ) က ပြင်ဆင်ဖို့ လက်ခံပြီးတဲ့နောက် ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က သဘောတူမှသာ ပြင်ဆင်နိုင်ပြီး
ပုဒ်မ ၁၉၄(ခ) အရ အချို့ပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ်ရဲ့ (၇၅) ရာခိုင်နှုန်း ဆန္ဒမဲနဲ့သာ
ပြင်ဆင်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ စကားစပ်မိတုန်း
ဥပဒေပြုရေးဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်သမျှ၊ လေ့လာမိသမျှနဲ့ နည်းနည်းလောက်ရှင်းပြချင်ပါတယ်။
ဒါကလည်း တစ်ခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ ဒီကနေ့ အနောက်မျှော်သမားတွေအများစုက
နိုင်ငံကြီးတစ်ခုရဲ့ ကွန်ဂရက်ဟာ တစ်ကမ္ဘာလုံးရဲ့ ဖိအားပေးမှုကိုသာ မျှော်လင့်နေကြတဲ့အတွက်
ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြရတာပါခင်ဗျာ။
* ဥပဒေပြုရေးဆိုတာကို
မပြောခင် ဥပဒေဆိုတာကို ခပ်လွယ်လွယ်ဖြစ်အောင် ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ဟုတ်ကဲ့၊
ဥပဒေဆိုတာ သက်ဆိုင်ရာပြည်သူတွေ၊ အဲဒီဥပဒေနဲ့ အကျုံးဝင်သူတွေ လိုက်နာရတဲ့ စည်းကမ်းတစ်ခုပါ။
နိုင်ငံတော်တစ်ခုက ဥပဒေတစ်ခုကို ပြဌာန်းလိုက်တယ်ဆိုရင် အဲဒီနိုင်ငံသားတွေဟာ လိုက်နာကြရစမြဲ
ဖြစ်ပါတယ်။ ဒါကို ပြည်တွင်းပြဌာန်းဥပဒေလို့ သတ်မှတ်ကြပါတယ်။
* နိုင်ငံတကာ
အစည်းအဝေး ညီလာခံတွေ ကျင်းပပြီး အားလုံး သဘောတူ ဆုံးဖြတ်ကြ၊ လက်မှတ်ရေးထိုးကြတဲ့ သဘောတူညီချက်တွေ၊
စာချုပ်တွေ၊ ပဋိဉာဉ်တွေပါ စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက်တွေကိုတော့ အပြည်ပြည်ဆိုင်ရာ
ဥပဒေလို့ သတ်မှတ်ကြပါတယ်။ ဒါကို အဲဒီသဘောတူညီချက်မှာ ပါဝင်တဲ့ နိုင်ငံတွေက လိုက်နာနိုင်ဖို့အတွက်
ပြည်တွင်းဥပဒေအဖြစ် တင်ပြီး ပြဌာန်းရတဲ့အတွက် ပြည်တွင်းဥပဒေတစ်ခုရဲ့ အရေးပါမှုကို တွက်ဆလို့
ရနိုင်မယ်ထင်ပါတယ်။
* ဒီလို ဥပဒေပြဌာန်းခြင်း
(ဥပဒေပြုခြင်း) ဆိုတာကို ဥပဒေပြုခွင့်အာဏာ ကိုင်စွဲကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကပဲ
လုပ်လို့ရပါတယ်။ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့-
(၁)ဥပဒေပြုရေး
အာဏာ၊
(၂) အုပ်ချုပ်ရေး
အာဏာ၊
(၃) တရားစီရင်ရေးအာဏာ
ဆိုတာတွေကလည်း
လွတ်လပ်တဲ့ နိုင်ငံတွေမှ ပိုင်ဆိုင်တယ်ဆိုတာ သတိပြုရပါလိမ့်မယ်။
* ပဒေသရာဇ်ခေတ်တုန်းကတော့
သက်ဦးဆံပိုင် ဘုရင်တွေရဲ့ တစ်ချက်လွှတ်အမိန့်တော်ဟာ ဥပဒေဖြစ်ခဲ့ရတယ်။ (စည်းမျဉ်းခံ
ဘုရင်စနစ်ကျပြန်တော့ ဥပဒေပြုလွှတ်တော် (ပါလီမန်)က ဥပဒေပြုပြီး ရှင်ဘုရင်က လက်မှတ်ရေးထိုး
ထုတ်လာတာမျိုး ဖြစ်လာခဲ့တယ်)။ နောက်တစ်ခါ ရောမတိုင်းမှာ ရောမသားတွေ စုဝေးကြပြီး အုပ်ချုပ်ရေးကိစ္စတွေ၊
ဥပဒေရေးရာကိစ္စတွေ၊ တရားစီရင်ရေးကိစ္စတွေကို လူထုကိုယ်တိုင် တိုက်ရိုက် ညှိနှိုင်းဆုံးဖြတ်
အတည်ပြုဆောင်ရွက်ကြတယ်။ တိုက်ရိုက်ဒီမိုကရေစီဆိုတာ အဲဒါပါပဲ ခင်ဗျာ။
* နောက်ပိုင်းရောက်လာတော့
လူဦးရေက တစ်ဖြည်းဖြည်းများလာတဲ့အတွက် လူထုကြီးတစ်ရပ်လုံးကိုယ်စား လူထုကိုယ်စားလှယ်
ရွေးချယ်သတ်မှတ်တဲ့စနစ်ကို ကျင့်သုံးလာခဲ့တယ်။ အဲဒီ ကိုယ်စားလှယ်တွေကနေတစ်ဆင့် အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဆောင်ရွက်လာခဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ဒီကနေ့မှာ ပါလီမန်လွှတ်တော်တွေက
ဥပဒေပြုရေးကို အဓိကလုပ်ဆောင်တဲ့ အစဉ်အလာ ဖြစ်လာရခြင်းပါ။ စည်းမျဉ်းခံဘုရင်ကျပြန်တော့
ဥပဒေပြုလွှတ်တော် (ပါလီမန်)က ဥပဒေပြုပြီး ရှင်ဘုရင်က လက်မှတ်ရေးထိုးတာမျိုး ဖြစ်လာခဲ့တယ်။
* ပါလီမန်ဒီမိုကရေစီစနစ်မှာတော့
ရွေးကောက်ပွဲမှာ အမတ်ဦးရေ အများဆုံးရတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်လက်ထဲကို နိုင်ငံတော်ရဲ့
အာဏာသုံးရပ်စလုံး ပေးအပ်ခဲ့ပါတယ်။အဲဒီ ပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဖြစ်လာပြီး အုပ်ချုပ်ရေးအာဏာကို
သူက ယူလိုက်တယ်။ ဒါ့အပြင် ဥပဒေပြဌာန်းမယ်။ ပါလီမန်မှာလည်း သူ့အမတ်တွေက လူများစု၊ အဲဒီအမတ်တွေကို
သူက ခေါင်းဆောင်ပြီး သူကြိုက်တဲ့ ဥပဒေကို သူကြိုက်သလို ပြုတတ်ပါတယ်။ တရားစီရင်ရေးကို
တရားသူကြီးတွေက လုပ်ကြတယ်ဆိုပေမယ့် ဝန်ကြီးချုပ်က ခန့်ထားတဲ့ တရားရေးဝန်ကြီးကနေတစ်ဆင့်
တရားစီရင်ရေးနယ်ပယ်ကို ချုပ်ကိုင်ပါတယ်။ ဝန်ကြီးချုပ်ကနေတစ်ဆင့် အုပ်ချုပ်ရေးအာဏာတွေကို
ဝန်ကြီးတွေ၊ ဝန်ကလေးတွေ (အတွင်းဝန်တွေ)၊ တိုင်းမင်းကြီးတွေ၊ ခရိုင်ဝန်တွေ၊ မြို့ပိုင်၊
သူကြီး၊ ဆယ်အိမ်ခေါင်းတို့အထိ လွှဲအပ်သုံးစွဲတာကို တွေ့ရပါတယ်။ တရားစီရင်ရေးမှာလည်း
တရားရုံးအဆင့်ဆင့် လွှဲအပ်ပေးထားပါတယ်။ ပြည်ထောင်စုစနစ်မှာဆိုရင် ပြည်ထောင်စုနဲ့ ပြည်နယ်တွေ၊
တိုင်းတွေကို အာဏာတွေ ခွဲဝေအပ်ထားပါတယ်။ ဒါဟာ ခွဲဝေမှု (Division of Power) ဆိုတာပါပဲ
ခင်ဗျား။
* နောက်တစ်မျိုးကတော့
အာဏာကို ပိုင်းခြားကျင့်သုံးတဲ့မူ (Seperation Power) ဖြစ်ပါတယ်။ နိုင်ငံတော် အာဏာသုံးရပ်ကို
တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့လက်ထဲ ဝကွက်မအပ်ဘဲ အပြန်အလှန် ထိန်းကျောင်းတဲ့ပုံစံနဲ့
အုပ်ချုပ်ရေးအာဏာကို လုပ်ကိုင်ခွင့်အပြည့်အဝရှိတဲ့ သမ္မတက ကျင့်သုံးတယ်။ တရားရုံးချုပ်နဲ့
တရားရုံးအဆင့်ဆင့်က အခြေခံဥပဒေနဲ့အညီ တရားစီရင်ရေးအာဏာကို ကျင့်သုံးတယ်။ တရားရုံးချုပ်နဲ့
လွှတ်တော် (ပါလီမန်) ကတော့ တရားဥပဒေပြုရေးကို ကျင့်သုံးတယ်။ အဲဒီအဖွဲ့အစည်းသုံးရပ်ဟာ
တစ်ခုနဲ့ တစ်ခု အပြန်အလှန် ထိန်းကျောင်းတယ်။
* ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုကို
လေ့လာကြည့်မယ်ဆိုရင် (The Federalist Papers) မှာ ဖော်ပြထားတဲ့ “ကန့်သတ်ရှိ အမြင်”(Constrained
Vision) ဟာ အမေရိကန် အခြေခံဥပဒေကို အဓိက လွှမ်းမိုးသက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ “အပြန်အလှန်
ထိန်းချုပ်ခြင်း” (Check and Balances) ကို အသေးစိတ် ဂရုပြု ဖော်ပြထားတဲ့
အမေရိကန် အခြေခံဥပဒေ၊
“မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထာဝရ ယုံကြည်စိတ်ချစွာ အာဏာကို
လုံးလုံးလျားလျား အပ်နှံထားဖို့ဟူသည် မဖြစ်နိုင်”
ဆိုတဲ့အမြင်ကို
ရှင်းလင်းစွာ ထင်ဟပ်စေခဲ့ပါတယ် ခင်ဗျာ။
* အမေရိကန်ပြည်ထောင်စုဟာ
အာဏာသုံးရပ်ကို ပိုင်းခြားပြီး အပြန်အလှန်ထိန်းကျောင်းတဲ့ စနစ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း
၂၀၀ ကျော်လောက်ကတည်းက ကျင့်သုံးခဲ့ပါတယ်။ “လော့ဒ်အက်တန်”က -“အာဏာတို့မည်သည်
ဖောက်ပြန်ပျက်စီးတတ်၏။ အာဏာကုန်ရသူက အာဏာကုန် ဖောက်ပြန်ပျက်စီးတတ်သည်”လို့ ဆိုခဲ့ပါတယ်။
* အဲဒီအတွက် နိုင်ငံတော်ရဲ့
အာဏာသုံးရပ်ကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းရဲ့ လက်ထဲ၊ ရင်ခွင်ထဲကို ပုံမအပ်သင့်ဘူးဆိုတဲ့
အယူအဆကို ကျန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က အမေရိကန်အခြေခံ ဥပဒေကို ရေးဆွဲခဲ့ကြတဲ့ အမျိုးသားညီလာခံကိုယ်စားလှယ်တွေ
သဘောပေါက်လက်ခံခဲ့တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။
* ဥပဒေပြုလုပ်ငန်းကို
အဓိကလုပ်ရတဲ့ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းကို ကွန်ဂရက်လို့ ခေါ်ပါတယ်။ ဂျပန်မှာတော့
ဒိုင်းယက်၊ အင်္ဂလန်မှာတော့ ပါလီမန်၊ ရုရှားမှာက ဒူးမား၊ အစ္စရေးမှာက နက်ဆက်၊ အိန္ဒိယမှာက
လော့စ်ဆာဘား၊ တရုတ်ပြည်က ပြည်သူ့အမျိုးသားကွန်ဂရက် ဆိုပြီး လွှတ်တော်တွေကို နာမည်ပေးထားကြပါတယ်။
အဲဒီလွှတ်တော်တွေက ဥပဒေပြုကြပါတယ် ခင်ဗျာ။
* များသောအားဖြင့်
ပါလီမန် လွှတ်တော်တွေမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ရယ်လို့ နှစ်ခုရှိကြပါတယ်။ အထက်လွှတ်တော်ကို
အမေရိကန်နဲ့ အချို့နိုင်ငံတွေက ဆီးနိတ် လို့ ခေါ်ကြပြန်ပါတယ်။ ဆီးနိတ်ဆိုတာကလည်း ရောမခေတ်က
သုံးခဲ့တဲ့ အမည်တစ်ခုပါ။ အင်္ဂလန်မှာတော့ အထက်လွှတ်တော်ကို မှူးမတ်လွှတ်တော် (House of
Lords) လို့ ခေါ်ပါတယ်။ အင်္ဂလိပ်၊ ဝေလ၊ စကော့နဲ့ အိုင်ယာလန်မြောက်ပိုင်း မှူးမတ်မျိုးနွယ်တွေဟာ
အမွေဆက်ခံပြီး အလိုအလျောက် ပါဝင်ကြပါတယ်။ ဘယ်မဲဆန္ဒရှင်ကမှ မဲပေးရွေးတာ မဟုတ်ပါဘူး။
တရားလွှတ်တော် (ဟိုက်ကုတ်) တရားသူကြီးတွေ၊ ဂိုဏ်းချုပ်ဘုန်းတော်ကြီးနဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ
ပါဝင်တယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှာတော့ အထက်လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ဘုရင်ကပဲ
အမြဲတမ်း ခန့်ထားပါတယ်။
* ကမ္ဘာ့နိုင်ငံ
အများအပြားမှာ မဲဆန္ဒနဲ့ အရွေးခံရတဲ့ အမတ်မဟုတ်ဘဲ အချိုးကျပါဝင်တဲ့ ကိုယ်စားလှယ်၊ ခန့်ထားတဲ့
ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်တွေ ရှိပါတယ်ခင်ဗျာ။ အရှေ့တောင်အာရှမှာဆိုရင် အင်ဒိုနီးရှာနဲ့
ထိုင်းနိုင်ငံမှာဆိုရင် ရွေးကောက်ခံထားရတာမဟုတ်ဘဲ ခန့်ထားတဲ့ အမတ်တွေ အများကြီးရှိနေတာကို
ကျွန်တော် လေ့လာမှတ်သားမိပါတယ်။ ။
{ဆောင်းပါးအချို့အား
မှီငြမ်းထားပါသည်။}
( ဘက်မလိုက်သော
အမျိုးသားရေးဝါဒီ ) —