ကိုရဲမိုး

ကိုရဲကျော်သူရ

Zay Moe

Ko Thet

ကိုရုပ်ဆိုး

Monday, August 31, 2015

ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့ မြင်းခွာသံများ (၂)

ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့ မြင်းခွာသံများ (၂)


အစိုးရနဲ့တပ်မတော်ဘက်အနေနဲ့ခေတ်အဆက်ဆက်ခံစားလာရတဲ့တိုင်းရင်းသားတွေကိုစာနာပြီးဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း(Decentralization)အတွက်စီမံချက်မျာစနစ်တကျရေးဆွဲထားသင့်ပါပြီ။နှစ်ဘက်ညှိနှိုင်းဆွေးနွေးပြီးရင် တိုင်းရင်းသားတွေယုံကြည်လက်ခံနိုင်လောက်တဲ့ အာမခံချက်တွေပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ဆွေးနွေးပွဲတွေဟာ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ တွေဖြစ်လာမှာပါ။ ဒါမှလည်း တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုတည်ဆောက်လို့ရမှာပါ။ အစိုးရအဆက်ဆက်ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့တဲ့တိုင်းရင်းသားအရေးကိုဖြေရှင်းနိုင်တယ်ဆိုရင်လက်ရှိအစိုးရနဲ့တပ်မတော်ရဲ့ပုံရိပ်ဟာလည်းထိုးတက်လာမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်ကမ္ဘာကအထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကမယုံကြည်ပေမဲ့ပထဝီနိုင်ငံ ရေးအကျိုးကြောင့် လျှော့ဈေးနဲ့လက်ခံပြီး ဆက်ဆံနေတာလို့မြင်ပါတယ်။ တကယ်လို့နိုင်ငံရေးဆွေးနွေးမှု(Political Dialogue)တွေအောင်မြင်ပြီး ဖက်ဒရယ်စနစ်တစ်ခု တည်ထောင်နိုင်တယ်ဆို ရင်တော့မြန်မာနဲ့ကမ္ဘာ့ဆက်ဆံရေးဟာတရှိန်ထိုးတိုးတက်လာနိုင်မယ်လို့မြင်ပါတယ်။လက်နက်ကိုင်တိုင်းရင်းသားနဲ့အတိုက်အခံအုပ်စုတွေဘက်ကလည်း၈ပြည်နယ်မူဝါတို့၊အလှည့်ကျစစ်သေနာပတိချုပ်တို့၊အချိုးကျဖက်ဒရယ်တပ်မတော်တို့ဆိုတာတွေအစား ဒီ့ထက်လက်တွေ့ကျမယ့် အပြောင်းအလဲတစ်ခုခုကို စဉ်းစားထားစေချင်ပါ တယ်။ ဒါမှသာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA (Nationwide Ceasefire Agreement) ပြီးလို့ နိုင်ငံရေးဆွေးနွေးမှု (Political Dialogue)တွေစတင်တဲ့အခါမှာရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုမဖြစ်မှာပါ။ကိုယ့်မှာ အနာရှိသလို ဗမာတွေမှာလည်းအနာရှိတာကိုကိုယ်ချင်းစာစေချင်ပါတယ်။ကိုယ်ကအာမခံချက်တွေလိုချင်သလိုဗမာအများစုဘက်ကလည်းအာမခံချက်တွေလိုချင်မယ်ဆိုတာတွေးကြည့်စေချင်ပါတယ်။ကိုယ်ကအာမခံချက်တောင်းရင်ကိုယ့်ဘက်ကလည်း အာမခံ ချက်ပြန်ပေးနိုင်အောင် အစီအစဉ်တွေ ရေးဆွဲထားသင့်ပါတယ်။ဒီနေရာမှာထပ်ပြောချင်တာက ပြည်နယ်တွေကို ဖက်ဒရယ်ပေးတယ်ဆိုတာ လက်ရှိလက်နက်ကိုင်တိုင်းရင်းသားတွေလက်ထဲကို ပြည်နယ်တွေ ထည့်ပေးလိုက်တာ မဟုတ်ဘူးဆိုတာပါပဲ။ နှစ်ဘက် ညှိနှိုင်းပြီး ပြေလည်မှု တစ်ခုခုရတဲ့အချိန်၊ အဖြေထွက်တဲ့အချိန်၊ အာမခံချက်ရှိပြီဆိုတဲ့အချိန်ကျရင်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေလက်နက်စွန့်ဖို့လိုပါတယ်။သူတို့လက်နက်စွန့်ချင်လာအောင်လည်းအစိုးရအနေနဲ့နိုင်ငံတကာကလက်ခံယုံကြည်လာတဲ့အထိ ဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့ သဘောတူညီမှုရလဒ်တွေကိုအာမခံချက်ပေးဖို့နဲ့ကတိကဝတ်အတိုင်းဆောင်ရွက်ပေးဖို့လိုပါတယ်။လက်နက်ကိုင်တိုင်းရင်းသားတွေဘက်ကလည်းကိုယ်လိုချင်တာချက်ခြင်းမရရုံလောက်နဲ့အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်ဖို့ဆိုတဲ့စိတ်ကူးကိုဖျောက်ပြီးလိုချင်တဲ့အရာကိုလက်မခံနိုင်ရင်ကိုယ်လက်ခံနိုင်တဲ့အခြေအနေတစ်ခုအထိဘယ်လိုညှိနှိုင်းဆွေးနွေးမယ်ဆိုတဲ့အစီအစဉ်တွေစဉ်းစားထားဖို့လိုပါလိမ့်မယ်။ဒီလိုပဲအစိုးရနဲ့တပ်မတော်ဘက်ကလည်းဒီလက်နက်ကိုင်တိုင်းရင်းသားဆိုသူတွေဟာငါတို့တိုင်းရင်းသားတွေပဲညီအစ်ကိုမောင်နှစ်မတွေပဲဆိုတဲ့စိတ်ဓာတ်မွေးရပါမယ်။မြစ်ကြီး နားဆွေးနွေးပွဲတစ်ခု မစခင်မှာ တပ်ဘက်က တာဝန်ရှိသူတစ် ဦးက “ဟာသူပုန်ဆိုတော့ သူပုန်လိုပဲ စဉ်းစားမှာပေါ့ လို့ပြောလိုက်တာကိုKIAအဖွဲ့ဝင်တချို့ကြားပြီးသူတို့အကြီးအကဲတွေကိုသွားပြောလို့စိတ်ဆိုးပြီးလှည့်ပြန်သွားခဲ့ဖူးတာရှိကြောင်း ကြားဖူးပါတယ်။ ကျွန်တော် အခုတင်ပြသလောက်ကလေးမျှကို တောင် မလိုက်လျောနိုင်ကြဘူးဆိုရင်တော့ လာမည့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း အနှစ်သာရရှိပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲ တွေဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။နှစ်ဘက်စလုံးအနေနဲ့ မိမိတို့အတ္တ၊ ခံစားချက်များထက် ပကတိအခြေအနေနဲ့ကိုက်ညီတဲ့ လက်တွေ့ကျတဲ့ အဖြေမျိုးကို တွက် ချက်စဉ်း စားစေချင်ပါတယ်။ နှစ်ဘက်စလုံးက မိမိတို့လူမျိုးဆိုတဲ့အတ္တအတွက် တင်းခံနေကြတဲ့အချိန်မှာ မိမိတို့လူမျိုးတွေ အမှန် တကယ်ရော ကောင်း စားကြရဲ့လား ပြန်စဉ်းစားကြည့်ကြပါ။ အဲဒီလို တင်းခံနေကြလို့ လွတ်လပ် ပွင့်လင်းတဲ့ခေတ်တစ်ခေတ်ကို အရောက်မလှမ်းနိုင်သေးတဲ့အချိန်မှာစစ်အုပ်ချုပ်ရေးနဲ့ သွယ်ဝိုက်ပြီး တစ်နည်းတစ်ဖုံပတ်သက်နေတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု အောက်မှာနေနေကြရပါတယ်။ ရလဒ်က ပြည်သူအများစုဆင်းရဲဒုက္ခကနေမလွတ်မြောက်နိုင်သေးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မှု နှောင့်နှေးကြန့်ကြာနေပါတယ်။ စစ်အုပ်ချုပ်ရေးလည်း မဟုတ်၊ တကယ့် ဒီမိုကရေစီလည်း မဟုတ်သေးတဲ့ ဗုံမဟုတ်ပတ်မဟုတ် ကာလမှာ ပွင့်လင်းမြင်သာမှုမရှိတာကို အခွင့်ကောင်းယူပြီး မသမာသူ တချို့လုပ်ချင်ရာလုပ်ခွင့်ရနေပါသေးတယ်။ကမ္ဘာကြီးက အရှိန်အဟန်ပြင်းပြင်းနဲ့ ပြေးနေပါတယ်။ ကမ္ဘာပေါ်ကနိုင်ငံတွေကလည်း လေယာဉ်တွေ၊ ဂြိုဟ်တုတွေ၊ ဒုံးပျံတွေနဲ့ အမီလိုက်နေပါတယ်။ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ကရွှေဘိုမြင်းရယ်လေ၊ခွာသံပြင်းသလေလုပ်နေလို့မရတော့ပါဘူး။ ကျွန်တော်တို့ အမီလိုက်ရပါမယ်။ ပထမဦးဆုံးလုပ်ရမယ့်အလုပ်ကတော့မြင်းပေါ်က ဆင်းလိုက်ကြဖို့ပါပဲ။ ပြည်သူ သန်း ၅၀ ကျော်ကိုငဲ့ညှာပြီး ကျွန်တော်တို့ မြင်းပေါ်ကဆင်းသင့်ပါပြီ။ မြင်းပေါ်ကဆင်းပြီ ခေတ်ကြီးကို အမီလိုက်ကြရအောင်လား။ အချိန်မီ ပါသေးတယ်။
ရဲကျော်သူရ
ညွှန်း - နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးတို့အရ ဗဟိုချုပ်ကိုင်မှုဖယ်ရှားခြင်းနှင့် ဒေသဖွံ့ဖြိုးရေး၊ ပညာရှင် ၁၁ ဦ

Sunday, August 23, 2015

ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့ မြင်းခွာသံများ အပိုင်း (၁)

ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမဖြစ်တော့တဲ့ မြင်းခွာသံများ အပိုင်း (၁)



ငါတို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အောင်မြင်သလားဆိုတော့ မအောင်မြင်ဘူး။
အေး … မအောင်မြင်တာတောင်မှ တိုင်းပြည် ဘယ်လောက်ပြောင်းလဲလာသလဲ။ ဘယ်လောက်တိုးတက်လာသလဲ မင်းအမြင်ပဲ။ တကယ်လို့ ၈၈ အရေးအခင်းကြီးသာ ဖြစ်မလာခဲ့ ဘူးဆိုရင် ဒီတိုးတက်မှုတွေပေါ်လာလိမ့်မယ်လို့ မင်းထင်လို့လား။ ဝေးသေးတယ်။
ကျွန်တော့်ကဗျာတစ်ပုဒ်ကိုဖတ်ရင်းသိန်းထွန်းခေါ်ခေတ်ကြီးကစကားလုံးတစ်လုံးစီကိုဖြည်းဖြည်းချင်းအရှိန်ယူပြီးပြောပါ တယ်။ သူ့မျက်လုံးတွေက အရေးအခင်းအကြောင်းပြောရင် မှုန်သီညို့မှိုင်းနေတယ်။သူကအစိုးရ (တပ်မတော်) အကြောင်းမကောင်းပြောရင်ကျွန်တော်ကလည်းကျွန်တော်တွေ့မြင်သိရှိသလောက်ကာကွယ်ပြောဆိုတယ်။တစ်ချိန်တုန်းကနှစ်ထပ်သင်္ဘောနဲ့ရေလမ်းခရီကလွဲလို့ဘာမှသွားစရာလမ်းကြောင်းမရှိတဲ့မြစ်ဝကျွန်းပေါ်တစ်ခွင်ကိုတပ်မတော်အုပ်ချုပ်နေတဲ့ကာလအတွင်းမှာကားလမ်းကွန်ရက်တွေဖေါက်ခဲ့တဲ့အတွက်အခုနောက်ပိုင်းဧရာဝတီတိုင်းကိုကားနဲ့အချိန်မရွေးသွားလာလို့ရတဲ့အကြောင်း၊အဲဒီလို ကားလမ်းတွေဖေါက်တာ ဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးလားလို့ ကျွန်တော် ကသူ့ကိုပြန်ပြီးမေးခွန်းထုတ်ခဲ့တာပါ။တစ်ခုတော့ရှိတယ်။ခေတ်ကြီးဟာအစိုးရကိုမကြိုက်လို့အစိုးရမကောင်းကြောင်းပြောနေပေမဲ့အဲဒီအချိန်ကဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို “ကားလမ်း၊ ရထား လမ်းဖေါက်တာ၊ တံတားဆောက်တာ တက်လာတဲ့အစိုးရတိုင်း လုပ်ရတဲ့အလုပ်ပဲ။ ထူးပြီး ချီးကျူးနေစရာ မလိုပါဘူး ဆိုတဲ့ အငေါ်တူးစကားမျိုးတော့ မပြောဘူး။အထိုက်အလျောက်တိုးတက်လာတာကိုသူလက်ခံတယ်။သူကဝါးခယ်မမြို့နယ်ထဲကပေကုန်းဆိုတဲ့ရွာကလေးကပါ။ဗုဒ္ဓဘာသဝင်ကရင်အမျိုးသားတစ်ယောက်။လေတပ်ထွက်စစ်သည်ဟောင်းတစ်ယောက်။၈၈အရေအခင်းကြီးမှာပါလို့ သူတို့တတွေ တပ်ကထွက်လာကြရတယ်။အဲဒီအချိန်က ကော့သောင်းမှာ အရေးအခင်းနဲ့ငြိထားတဲ့ တပ်ထွက်၊ သူပုန်ထွက်၊ ကျောင်းသားပြည်တော်ပြန် တရားမဝင်နေတဲ့သူတွေ အများအပြား ရှိပေမဲ့ အလုပ်ရှုပ်လို့လားမသိဘူး၊ ထောက်လှမ်းရေးကသိပေမဲ့ဒီအတိုင်းပဲထားတယ်။ထပ်ပြီး ဘာမှမလှုပ်ရှားတော့ဘူးဆိုရင် မဖမ်းတော့ဘူး။ခေတ်ကြီးတို့ လေတပ်အုပ်စုက အရေးအခင်းတုန်းက ကုန်သွယ်ရေးရုံးပေါ်က ဗိုလ်ကြီးခင်မောင်ချို (ယခုဗိုလ်မှူးကြီး) တပ်စုကို လက်နက်တက်သိမ်းတဲ့အုပ်စုမှာပါတယ်။စစ်သားကိုလက်နက်သိမ်းဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်တော့သူတို့ဘယ်လိုလုပ်ခဲ့သ လဲလို့ ကျွန်တော်မေးကြည့်ပါတယ်။ဘယ်လွယ်လိမ့်မလဲကွ။ အဲဒီကိစ္စက ဘုန်းကြီးတွေနဲ့ ငါတို့အဖွဲ့က ကိုကျော်မင်း(အမည်မမှတ်မိ၍အစားထိုးအမည်)တော်လို့ပါ။သူတို့တက်ညှိကြတာ။အောက်ကလူအုပ်ကစာအုပ်တွေထဲမှာမင်းမြင်တဲ့အတိုင်းပဲ။ သူတို့က တပ်စုတစ်စု။ သူတို့ပစ်ရင် ပြည်သူအများအပြားသေမယ်။ ကျည်ကုန်ရင် သူတို့လည်း သေမှာပဲ။ လမ်းတွေမှာ လူတွေကပြည့်နေတာ။ အဲဒီအခြေအနေကနေ အကောင်းဆုံးထွက်ပေါက် တစ်ခုရအောင် တက်ညှိကြရတာ။လို့သူကပြောပါတယ်။တကယ်တော့ခတ်ကြီးပြောတာမှန်ပါတယ်။၁၉၈၈ခုနှစ်အရေးအခင်းကြီးသာ မဖြစ်ခဲ့ရင် ဒီကနေ့မြင်နေရတဲ့တိုးတက်မှုတွေဆိုတာမြင်ရဦးမှာမဟုတ်သေးပါဘူး။ အပြောင်းအလဲ အရွေ့တစ်ခုကြောင့် ပေါ်လာတဲ့ ရလဒ်တွေပါ။ ၈၈ အရေးအခင်းဆိုတာ လည်း စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အရပ်သားတွေ ရန်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ် ကျောင်းသား ဖုန်းမော်သေခဲ့လို့ဖြစ်ရတာဆိုပေမဲ့ တကယ့်အကြောင်းရင်းကတော့ မဆလစနစ်ကြောင့် တိုင်းပြည်ဆင်းရဲမွဲတေပြီး ပြည်သူတွေ မခံစားနိုင်တော့လို့ အုံကြွပေါက်ကွဲခဲ့ကြတာပါ။ ဆိုရရင် ဖုန်းမော်ကိစ္စဆိုတာ ပထမကမ္ဘာစစ်မဖြစ်ခင် သြစတီးယား အိမ်ရှေ့မင်းသား ဖါဒီနန်နဲ့ကြင်ယာတော် ဆာရာယေဗိုမှာ အသတ်ခံရသလို မီးထတောက်စေတဲ့ လတ်တလော အကြောင်းရင်း တစ်ခုပါပဲ။ပထမကမ္ဘာစစ်ဖြစ်ဖို့နောက်ခံအကြောင်းရင်းတွေကနဂိုကတည်းကရှိနေပြီးသားပါ။အမှန်အမှားတွေငြင်းခုန်ပြောဆိုနေကြရင်တော့မဆုံးနိုင်တဲ့အငြင်းအခုန်တွေဖြစ်မှာအမှန်ပဲ။ဘာပဲဖြစ်ဖြစ်၁၉၈၈အရေးအခင်းကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတပ်မတော်နဲ့ပြည်သူတစ်နည်းပြောရရင်စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးပြောင်းလဲလာခဲ့တယ်။ ဒီမိုကရေစီအရေးအတွက်တောထဲရောက်သွားတဲ့ကျောင်းသားလူငယ်တွေ၊ထောင်ထဲရောက်သွားတဲ့ကျောင်းသားလူငယ်တွေ၊နိုင်ငံခြားရောက်ကုန်ကြတဲ့သူတွေအများကြီးပါပဲ။တပ်မတော်ဘက်ကလည်းအရေးအခင်းကိုအခွင့်ကောင်းယူပြီးတိုင်းပြည်ကိုအပိုင်သိမ်းဖို့ကြံချင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အန္တရာယ်ကိုကျားကုတ်ကျားခဲကာကွယ်ခဲ့ရတယ်။ထောက်လှမ်းရေးကဖမ်းဆီးနှိပ်စက်လို့ အသက်သေ၊ ဘဝပျက်သွားကြသူတွေ လည်းရှိတယ်။ လူစဉ်မမီဘဲ ထောင်ထဲကပြန်ထွက် လာကြရတဲ့သူတွေလည်းရှိတယ်။ မြို့နယ်တရားသူကြီးတစ်ယောက်က ထောက်လှမ်းရေးက တပ်ကြပ်လောက်ကို ပြန်ကြောက် နေရတဲ့ခေတ်။ ထောက်လှမ်းရေးတန်ခိုးထွားတဲ့အချိန်မှာ ထင်တိုင်းလုပ်ခွင့်မရတဲ့ စစ်တိုင်းမှူးတချို့ဟာလည်းထောက်လှမ်းရေးအဖွဲ့ကြီးကိုဖျက်သိမ်းလိုက်တဲ့အချိန်မှာဖိုးကြိုင်းတုတ်ဖြစ်ပြီးထင်တိုင်းကျဲတော့တာပါပဲ။သာမန်ပြည်သူကတော့ ရပ်ကွက်ထဲမှာ အရံမီးသတ်ကိုတောင် ခပ်မာမာပြန် မပြောရဲတဲ့ဘဝ။ သူ့ ခပ်မာမာပြန်ပြောလိုက်ရင်ညကျတော့ကိုယ့်အိမ်လာပြီးပေါ်တာဖမ်းတော့တာကိုး။အဲဒီခေတ်ကစကားလေးတစ်ခုရှိတယ်။“ဥပဒေဘောင်တွင်းနေထိုင်ခြင်းဘေးကင်းရန်ကွာပေါ်တာပါတဲ့။ထုတ်ပြန်ထားတဲ့ဥပဒေနဲ့အညီဧည့်စာရင်းတိုင်ရင်အဲဒီဧည့်စာရင်းစာရွက်ကြည့်ပြီးပေါ်တာဖမ်းတော့တာကိုး။ဒီတော့ ပြည်သူ အများစုက စစ်တပ်/ စစ်သားဆိုမုန်းတယ်။ ဒီကြားထဲ“ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့ပါးရိုက်ပစ်လိုက်မယ်ဆိုတဲ့စစ်သားမျိုးကအရပ်ထဲကအများပြည်သူပွဲလန်းသဘင်တွေမျိုးမှာ သောင်းကျန်းတဲ့အခါမျိုးဆို ပိုဆိုးပေါ့။စစ်အုပ်ချုပ်ရေးဆိုတာ တိုင်းပြည်ပျက်နေတဲ့အချိန်ကလွဲလို့ ဘယ်အချိန်မှ မကောင်းပါဘူး။အရေးအခင်းမှာတပ်မတော်ကအာဏာသိမ်းတာ ပြည်သူ အများစုက ထောက်ခံပါတယ်။ တိုင်းပြည်ပျက်နေတာကိုး။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့ သက်တမ်း ရှည်ကြာလွန်းတာရယ် စစ်ဗိုလ်ချုပ်ကြီးတချို့ အကျင့်ပျက်ခြစား အာဏာအလွဲသုံးစားလုပ်ပြီး ထင်တိုင်းကျဲလာတာ ရယ်ကြောင့် ပြည်သူကစိတ်ပျက်လာတယ်။ ဒါတွေဟာကျွန်တော်တပ်ကထွက်ပြီးအပြင်မှာကိုယ်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကိုအခြေခံပြီးပြောတာပါ။စစ်တပ်ကလည်း စစ်အင်အားကို တောင့်တင်းသထက်တောင့်တင်းအောင် တည်ဆောက်ပါတယ်။ တချို့ကတော့ အနောက်နိုင်ငံ တွေရဲ့ဖိအားပေးမှုကြောင့် အခုလို ရွေးကောက်ပွဲတွေလုပ်ပေးလာတာလို့မြင်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ စစ်တပ်ရဲ့သဘောသဘာဝကိုက ဘာပဲလုပ်လုပ် စနစ်တကျ စီမံပြီး လုပ်လေ့ရှိတယ်။ ဒါ့ကြောင့် ဒီအချိန်ကာလမှာဒါလုပ်မယ်ဆိုပြီးလုပ်တာသာဖြစ်တယ်လို့မြင်ပါတယ်။လွှတ်တော်တွေဘာတွေဖြစ်လာတဲ့အချိန်ကျရင် တပ်မတော်အသုံးစရိတ်ကဖြတ်တော့မှာကိုး။ဒီတော့တပ်ကupgradeလုပ်ဖို့ကဒီကြားကာလမှာတတ်နိုင်သလောက်လုပ်ထားဖို့လိုတယ်လို့ တွေးနိုင်တယ်။ လက်ရှိ အချိန်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က လက်နက်မျိုးတွေနဲ့ပဲဆိုရင် တပ်မတော်အနေနဲ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တို့ ထိုင်းတို့ကို ရင်ဆိုင်ဖို့ မလွယ်ဘူး။ဒီတော့ စစ်တပ်အုပ်ချုပ်စဉ်ကာလမှာ တပ်ကမှားခဲ့တာတွေရှိပါတယ်။ ဝန်ခံတာ၊ ဝန်မခံတာ၊ တောင်းပန်တာ၊ မတောင်းပန်တာက တော့ တပ်ရဲ့အပိုင်းပေါ့။ ဘာပဲဖြစ်ဖြစ်ဒီကနေ့ဒီမိုကရေစီနိုင်ငံအဖြစ်သွားပါ့မယ်လို့ကမ္ဘာသိကြေညာထားပြီးဖြစ်တဲ့အတွက်ပြုပြင်ပြောင်းလဲမှုတွေက လုပ်ကိုလုပ်ရတော့မှာဖြစ်ပါတယ်။ ဘယ်လိုပြောင်းမလဲ ဆိုတာသာ ပြဿ နာပါ။ မြန်မာ့နိုင်ငံရေးဟာ လက်ရှိ အချိန်မှာ လိပ်ခဲတည်းလည်းအခြေ အနေဖြစ်နေတယ်လို့ ဆိုရမှာပါ။ အတိုက်အခံတွေက ပုဒ်မ ၄၃၆ ကို ပြောင်းချင်တယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက မထောက်ခံဘူး။ ပုဒ်မ ၄၃၆ အရေးတကြီးပြောင်းဖို့ လိုအပ်/ မလိုအပ် မဝေဖန်လိုပေမဲ့ ဒီ မိုကရေစီနိုင်ငံအဖြစ်သွားမယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေဟာ ပြင် ကိုပြင်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေအတွက် Separation of Power andResourcesနည်းလွန်းအားကြီးတယ်။ဆိုတော့မမျှတဘူးလို့ပြောရမှာဖြစ်တယ်။ကိုယ်တိုင်တိုင်းရင်းသားတွေနေရာက ဝင်ပြီးခံစားကြည့်ပါ။ ၈ ပြည်နယ်မူဝါဒတွေ၊ အလှည့်ကျ တပ်ချုပ် တွေ၊ အချိုးကျဖက်ဒရယ်တပ်မတော်တွေကို ကျွန်တော်မထောက်ခံပါဘူး။အန္တရာယ်ကြီးလွန်းလို့ပါ။ဒါပေမဲ့၂၀၀၈အခြေခံဥပဒေကိုမပြင်ဘဲဒီအတိုင်းသွားမယ်ဆိုရင်လည်း ကျွန်တော်မထောက်ခံပါဘူး။ ဒီတော့ ဆရာမောင်သာရဝတ္ထုတစ်ပုဒ်နာမည်လို “သူ့ဘက်က နည်းနည်းလျှော့၊ ကိုယ့်ဘက်က နည်းနည်းလျှော့ လုပ်ရပါလိမ့် မယ်။ Negotiating and Compromising လုပ်ရပါ လိမ့်မယ်။ ဒီအတိုင်းသွားရင်တိုင်းပြည်ကဇာတ်မျောကြီးဖြစ်ပြီးသူများနောက်မှာပဲကျန်နေရစ်ခဲ့မှာပါ။ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့သွားမယ်ဆိုရင် ပြည်နယ်တစ်ခုမှာ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တာကအစ အဲဒီပြည်နယ်က လူထုကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိပါတယ်။ ထွက်လာတဲ့ အကျိုးအမြတ်ကတော့ ဗဟိုအစိုး ရနဲ့ ပြည်နယ်အစိုးရတို့ ခွဲဝေယူကြရတာ ပေါ့။ ကချင်ပြည်နယ်က သယံဇာတကို ဘယ်လိုသုံးမယ်ဆိုတာ ကျွန်တော်တို့ ဗဟိုအစိုးရကသော်လည်းကောင်း၊ ကချင်ပြည်နယ်သားမဟုတ်တဲ့တခြားအဖွဲ့အစည်း တစ်ခုခု ကသော်လည်းကောင်း သွားရောက်ဆုံးဖြတ်ဖို့ မသင့်ပါဘူး။
ဒါဟာအခုလက်ရှိလက်နက်ကိုင်ထားတဲ့သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေလက်ထဲကိုပြည်နယ်ကိုထည့်လိုက်တာ မဟုတ်ဘူး။ ပြည်နယ် လုံခြုံရေးအတွက် လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းတွေကိုထားရမယ်ဆိုတာလည်း ကျွန်တော့်အနေနဲ့မထောက်ခံပါဘူး။တကယ်တော့ စစ်အစိုးရလိုပဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေဆိုတာ သူ့လူမျိုးကဘယ်လောက်ထောက်ခံပါတယ်ပြောပြောတရားဝင်Mandateပေးထားတာမဟုတ်ဘူး။ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုရင်လက်နက်စွန့်ကိုစွန့်ရပါမယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊အတိုက်အခံတွေဘက်ကတော့ပြောတယ်။ဘာအာမခံချက်မမရှိဘဲသူတို့လက်နက်မစွန့်ရဲပါဘူးတဲ့။ခေါင်းအေးအေးထားစဉ်းစားကြည့်တော့ါလည်းမှန်တာပါပဲ။ ဒါ့ကြောင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာသူတို့ဘက်ကနိုင်ငံတကာအသိုင်းအဝိုင်းကိုသက်သေအဖြစ်ခေါ်ချင်နေတာဖြစ်မယ်လို့ တွေးမိတယ်။ သူတို့ဘက်က မယုံတာလည်း အရမ်းကာရော အပြစ်တင်လို့တော့ မရပါဘူး။ သူတို့မှာလည်း သူတို့အတွေ့အကြုံနဲ့သူတို့လေ။ ကော့သောင်းကို ကိုငှက် (ထူးအိမ်သင်) လာစဉ်က ပြောဖူးတယ်။ ဆရာစောဘွဲ့မှူးအဖေဟာတပ်မတော်ကအငြိမ်းစားဗိုလ်မှူးတစ်ယောက်ပါ။တစ်ခါကအစိုးရကငြိမ်းချမ်းရေးကိစ္စဆွေးနွေးချင်လို့ဆိုပြီးတောထဲကကရင်လက်နက်ကိုင်တွေတချို့ကိုစောဘွဲ့မှူးအဖေကိုဖိတ်ခိုင်းသတဲ့။ဟိုကလည်းဖိတ်ပေးလိုက်တာပေါ့။အဲပြန်ခါနီးမှာအဲဒီတောထဲကအဖွဲ့ဝင်တချို့ကိုဖမ်းထား လိုက်သတဲ့။ စောဘွဲ့မှူးအဖေ ခမျာ တောထဲကလူတွေ လာသတ်မှာစိုးလို့ အဲဒီကာလက ပုန်းရှောင်ပြီးနေနေရပါတယ်တဲ့။ ကျွန်တော်တို့ အမျိုးတွေကလည်း အဲဒီလို။ ဒီတော့ ဗမာကိုမယုံဘူးဆိုတာလည်းသူတို့ကိုချည်းအပြစ်တင်လို့မရပါဘူး။ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းကိုသတိရမိပါတယ်။ တော်လှန်ရေးကာလမှာ ကရင်တိုင်းရင်းသားတွေကို လက်နက်တပ်ဆင် ပေးမယ်ဆိုတော့ ဗိုလ်ချုပ် အနားမှာရှိတဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ပါသတဲ့။ ကရင်ဟာ စိတ်မချရဘူး။ သူတို့ကို လက်နက် တပ်ဆင်ပေးလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်သွားမယ်။ သူတို့ကိုလက်နက်တပ်ပေးလိုက်ရင်မှားသွားလိမ့်ယ်လို့ ပြော ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ပြန်ပြောလိုက်တဲ့စကားက အလွန်ကို လေးစားစရာကောင်းတဲ့စကားပါ။ “ပုန်ကန်တော့လည်း ပြန်ချတာပေါ့ဗျာ။လက်နက်တော့မတပ်ပေးလို့မရဘူး။ကျုပ်ကတိပေးခဲ့ပြီ။ခေါင်းဆောင်ဆိုတာဆိုခဲစေမြဲစေကတိပေးပြီးရင်တည်ရတယ်လို့ဗိုလ်ချုပ်ကသူ့အနားကဗမာ့နိုင်ငံရေးသမားတွေကိုပြောခဲ့ပါသတဲ့။လက်ရှိအချိန်မှာမြင်နေတွေ့နေရတာက တပ်မတော်ဘက်ကရော လက်နက်ကိုင်တိုင်းရင်းသားနဲ့အတိုက်အခံတွေဘက်ကရော တင်းလွန်းတယ်။ လက်နက်ကိုင်တွေဘက်ကဗမာဗဟိုပြုမုန်းတီးရေးများလွန်းအားကြီးသလိုအစိုးရနဲ့တပ်မတော်ဘက်ကလည်းအလျှော့ပေးလိုတဲ့ အရိပ် လက္ခဏာ နည်းလွန်းအားကြီးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်မဟုတ်တဲ့အပြင် ဘယ်သူ့ကိုမှကိုယ်စားမပြုတဲ့ တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက် ဒဲ့ပြောပါ့မယ်။ နားဝင်ဆိုးချင်လည်းဆိုးမယ်။ ဒါပေမဲ့ ကျွန်တော့်စကား မှာ တိုင်းပြည်အပေါ်ထားတဲ့စေတနာ အပြည့်ရှိကြောင်း ရဲရဲ ကြီးပြောရဲပါတယ်။
ပထမဦးဆုံးလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အတိုက်အခံတွေဘက်ကိုပြောချင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတုန်းက ချင်းမိုင်မှာ ဆွဲထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က လုံးဝလက်ခံမှာမဟုတ်သလို ဗမာလူမျိုး အများစုက လည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ဒီတော့ အဲဒီအထဲမှာပါတဲ့ ၈ ပြည်နယ်မူဝါတို့၊ အလှည့်ကျ စစ်သေနာပတိချုပ်တို့၊အချိုးကျတပ်မတော်တို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ပဲပြောပါရစေ။ဒီစကားကိုခဏခဏထပ်ပြောနေရတာ အပ်ကြောင်း ထပ်နေပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့အတွက် ပြောနေရမှာပါပဲ။ ဗမာတပ်ရင်းဆယ်ရင်းကို တိုင်းရင်းသားတပ်ရင်း၇၀က ဝိုင်းထားမယ့် တပ်မတော် ဖွဲ့စည်းပုံမျိုးကို သွက်သွက်ခါရူးနေတဲ့ ဗမာစစ်ဗိုလ်ချုပ်ကလွဲလို့ ဘယ်ဗမာဗိုလ်ချုပ်ကမှ လက်ခံမှာမဟုတ်ပါဘူး။ တိုင်းရင်းသား တွေမှာ ဗမာတွေနဲ့ပတ်သက်တဲ့ Trauma ရှိသလို ဗမာတွေ မှာလည်း ဖြူးလူသတ်ပွဲတို့၊ ပျဉ်းမနားကနေ ညောင်လေးပင်အထိ တချို့ရွာတွေမှာ ကွန်မြူနစ်လို့စွပ်စွဲပြီး အသတ်ခံခဲ့ရတဲ့ လူသတ်ပွဲတို့၊ မြစ်ဝကျွန်းပေါ်ဒေသက လူသတ်ပွဲတို့ကို မမေ့နိုင်သေးတဲ့ Trauma ရှိပါတယ်။ ကျွန်တော့်အမေကရွှေကျင်သူပါ။ကျွန်တော့်အဒေါ်တစ်ယောက်ကကရင်-ဗမာအရေးကြောင့်ရွှေကျင်က နေပဲခူးဘက်ကိုပြေးရင်း လမ်းမှာမွေးတာပါ။ ဒါ့ကြောင့် တပ်မတော်ဖွဲ့စည်းပုံကို အခုပြောတဲ့ပုံစံမျိုးတောင်းဆိုမယ့်အစား တခြား နည်းလမ်းတစ်ခုခုကို ရွေးချယ်စဉ်းစားသင့်ပါတယ်။အစိုးရနဲ့တပ်မတော်အနေနဲ့လည်း နှစ်ရှည်လများ ပြည်သူတွေနဲ့အတူ ဆိုးရွားတဲ့ ဘဝအောက်မှာနေခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို စာနာသင့်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့သွားမယ်ဆိုရင် အခြေခံအကျဆုံး ဗဟိုချုပ် ကိုင်မှုလျှော့ချခြင်း (Decentralization) ကိုမဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ပတ်သက်ပြီး တစ်နေရာတည်းတွင် စုရုံးထားမှုကို ပယ်ဖျက်ခြင်း (Deconcentration) ၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေအပ်နှင်းခြင်း (Delegation)၊ ဗဟိုမှအာဏာကို လက်အောက်ခံအဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း (Devolution) တို့ကို ဆောင်ရွက်ရမယ်လို့ နိုင်ငံတကာကပညာရှင် ၁၁ ဦးရေး ထားတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးတို့အရ ဗဟိုချုပ်ကိုင်မှုဖယ် ရှားခြင်းနှင့် ဒေသဖွံ့ဖြိုးရေးစာအုပ်မှာဖေါ်ပြထားပါတယ်။
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization) နဲ့ ပွင့်လင်းမြင်သာမှု
(Transparency) ဆိုတာ ဆက်စပ်နေပါတယ်။ ဒီလိုပဲ ပွင့်လင်းမြင်သာမှု
(Transparency) နဲ့ တာဝန်ခံမှု (Accountability) ဟာလည်း ဆက်စပ်နေပါတယ်။အဖွဲ့အစည်းအလိုက်လုပ် ရည်ကိုင်ရည်ကိုအကဲဖြတ်တဲ့အခါပွင့်လင်းမြင်သာမှုကြောင့်အဆင်ပြေချောမွေ့ပြီးအစိုးရရဲ့စီစဉ်ဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီး အများပြည်သူရဲ့ယုံကြည်မှုနဲ့ တရားဝင်လက်ခံနိုင်မှု ပေါ်ထွန်းလာအောင် ပံ့ပိုးပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီအတွက် သတင်းအချက်အလက်ရရှိနိုင်မှုကလည်း အရေးကြီးပါတယ်။ သဘောကတော့ အစိုးရကဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုခုနဲ့ပတ်သက် ပြီး အဲဒီဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုကို ခံစား/ စံစားရ မယ့် ပြည်သူတွေဆီကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့ဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအခုပြောတဲ့ပြုပြင်ပြောင်းလဲရေးကိုအထောက်အကူဖြစ်စေမယ့်ပြဌာန်းချက်တွေမပါပါဘူး။ဒါ့ကြောင့ဒီအခြေခံဥပဒေကိုပြင်ဖို့လိုပါတယ်။ဒေသ/ပြည်နယ်တစ်ခုခုမှာဆောင်ရွက်မယ့်စီမံကိန်းတွေနဲ့ပတ်သက်လို့ အဲဒီ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာပြည်နယ်က လူထုကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဗဟိုအစိုးရက အချိုးကျရရှိမယ့်ခွဲတမ်းကို ယူ ရုံပါပဲ။ ရခိုင်အမျိုးသားတစ်ယောက်ကပြောပါတယ်။ “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တူးတယ်။ တူးပေါ့ဗျာ။ တူးပြီးရင် ရခိုင်ပြည် နယ်အတွက်လည်း လုပ်ပေးပေါ့။ ရတဲ့အကျိုးအမြတ်ကို ဗဟိုက ၆၀% ယူပြီး ပြည်နယ်ကို ၄၀% လောက်ပေး တယ်ဆိုရင်ကိုပဲ ကျွန်တော်တို့က ကျေနပ်ပါတယ်။ လို့ သူကပြောပါတယ်။တစ်ဆက်တည်းမှာပဲသူပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်သဘောကျမိ တာရှိပါသေးတယ်။ “ဖြစ်နိုင်ရင် ကမ္ဘာပေါ်က လူမျိုးတိုင်း အားလုံးဟာ ကိုယ့်လူမျိုး တစ်မျိုးတည်း သီးသန့်နိုင်ငံနဲ့ နေချင်တာပေါ့ဗျာ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သိတယ်။ ဖြစ်နိုင်သလားဆိုတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့လူမျိုးတစ်မျိုး တည်း နိုင်ငံအဖြစ် သီးသန့်ရပ်တည်နိုင်ဖို့ မလွယ်ဘူး။ ဒါ့ကြောင့် မဖြစ် နိုင်ဘူး။ ဒါပေမဲ့ တရားမျှတမှုကိုတော့ လူတိုင်းလိုချင်ကြတာပေါ့။ လို့ သူကပြောပါတယ်။ သူဟာ အခုလက်နက်ကိုင်တိုင်းရင်း သားတွေရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း မဖြစ်နိုင်တဲ့အခြေခံဥပဒေမို့လို့ဆိုပြီးလက်မခံပါဘူး။သူတို့အဓိကလိုချင်တာဖက်ဒရယ်ပါ။တရားမျှတမှုပါ။ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ပါ။
ဒါကိုဗမာအများစုလွှမ်းမိုးထားတဲ့အစိုးရအဖွဲ့နဲ့တပ်မတော်ကထည့်သွင်းစဉ်းစားဖို့လိုပါတယ်။လက်နက်ကိုင်တိုင်းရင်းသားအားလုံးစုပေါင်းပြီးလက်ရှိတပ်မတော်ကိုတိုက်ဖို့ဆိုတာမလွယ်ပါဘူး။သူတို့သိပါတယ်။မလွယ်ပေမဲ့လည်းမတရားမှုတွေများလာတဲ့အခါ ဗဟိုချုပ်ကိုင်မှုကိုပဲ နည်းအမျိုးမျိုးနဲ့ အသက်သွင်းဖို့ ကြိုးစားတဲ့ အခါ ပြည်တွင်းစစ်မီးဟာ ငြိမ်းနိုင်မှာ မဟုတ်ပါ။ စစ်ဖြစ်နေတဲ့ တိုင်းပြည်ကိုလည်း ဘယ်လို နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု (Foreign Direct Investment – FDI)
တွေကမှ ယုံယုံကြည်ကြည်ဝင်လာမှာမဟုတ်ပါ။

ရဲကျော်သူရ - ဒုတိယပိုင်း ဆက်ဖတ်ပါ။

Saturday, August 22, 2015

ထိုင်နေအကောင်းသား ထသွားမှ ဆိုသလို .......

ထိုင်နေအကောင်းသား ထသွားမှ ဆိုသလို .......
ဘက်မလိုက် သတင်းဂျာနယ်
ဦးတိုးနိုင်မန်း ငြင်းလို့မရတဲ့ အချက်များ
16-8-2015
လက်ရှိ မြန်မာနိုင်ငံ မီဒီယာစာမျက်နှာတွေပေါ်မှာ ထူးထူးခြားခြား
ရေပန်းစားလာသူက ဦးတိုးနိုင်မန်းဖြစ်ပါတယ်။ သတင်း ဆာလောင်နေ တဲ့ ပြည်သူတွေဆီကို ဦးတိုးနိုင်မန်းက အင်တာဗျူးတစ်ခု ခွင့်ပြုပြီး
မေးမြန်းဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။ အရင်တုန်းက ဒါမျိုး ရှည်ရှည် လျားလျား ဖြေကြားတာမျိုး မရှိခဲ့ဖူးပါဘူး။
ဖြေကြားမှုတွေကလည်းအဆီအငေါ် မတည့်ပါဘူး။
ဦးရွှေမန်းကလည်း ထောင်ကျခံပြီးထွက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း
ခင်ညွန့်ထက်တောင် ဇာတ်နာပြနေပါသေးတယ်။ အသက် ၆၃ နှစ်အထိ
မပြောခဲ့တဲ့ “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးကို ပါးစပ်ကမချဘဲ
တွင်တွင်ကျယ်ကျယ် သုံးနေပြန်ပါတယ်။ ဦးတိုးနိုင်မန်းကလည်း တရားနည်းလမ်းအတိုင်းလုပ်မယ်၊ လုပ်ဆောင်မှုတွေက (Procedure)
အတိုင်းမသွားဘူး၊ မျက်ကွယ်ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတဲ့ စကားလုံးတွေ နဲ့ လေလုံးထွားနေပါတယ်။
ဒါဆိုရင် ဦးတိုးနိုင်မန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ လက်ရှိလွှတ်တော်မှာ ကော်မတီ
ဝင်ဖြစ်နေမှုတွေ အပေါ်မှာလည်း တရားနည်းလမ်းအတိုင်း ချမ်းသာခဲ့တာ
ဟုတ်/မဟုတ်၊ Procedure အတိုင်းရခဲ့တာ ဟုတ်/မဟုတ်၊ မျက်ကွယ် ဆုံးဖြတ်ချက်များကြောင့် ဟုတ်/မဟုတ် ဆိုတာ မေးခွန်းထုတ်ရ ပါလိမ့်မယ်။
ပထမဆုံး ချယ်ရီ FM ကို ဘယ်လိုပိုင်ဆိုင်သွားတယ်ဆိုတာ
ဦတိုးနိုင်မန်း ရှင်းမပြနိုင်ပါဘူး။ ဒီအကြောင်းကို စာနယ်ဇင်း ကောင်စီက ဦးကျော်မင်းဆွေကလည်း ဘယ်လိုလုပ်ပိုင်ခွင့်ရထားတာလဲ မေးခွန်း
ထုတ်စရာဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက
သတင်းစာတောင် ထုတ်ဝေခွင့်ပေးထားတာ မကြာသေးပါဘူး။ ကိုယ်ပိုင်ရေဒီယိုလိုင်းလုပ်ခွင့်ကို လူတိုင်းမရရှိပါဘူး။ ဦးတိုးနိုင်မန်း
ဘယ်လိုရရှိခဲ့လဲဆိုတာ ရှင်းပြဖို့လိုပါလိမ့်မယ်။
ဒုတိယ ကတော့ RedLink အင်တာနက်ကိစ္စပါ။ ဒါလည်း ချယ်ရီ
FM လိုပါဘဲ။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင် အင်တာနက် ကုမ္ပဏီတစ်ခု
ဘယ်ပြည်သူမှ မထူထောင်နိုင်ခင်မှာ ဦးတိုးနိုင်မန်းက ဘယ်လို
မျက်ကွယ်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရခဲ့လဲဆိုတာ ရှင်းရပါလိမ့်မယ်။
ဒါ့အပြင့် မြန်မာနိုင်ငံမှာ အကောင်းဆုံး Express ကားလိုင်းပိုင်ရှင် သူဌေးဘယ်လိုဖြစ်လာသလဲ၊ ဧရာရွှေဝါကုမ္ပဏီ ဘယ်လိုပေါ်ပေါက်
လာလဲ ဆိုတာတွေကို ပြန်ပြီးအစဆွဲထုတ်လိုက်ရင် ဦးတိုးနိုင်မန်း ရှင်းလို့တောင်နိုင်မှာမဟုတ်ပါဘူး။
ဒါတွေက ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်းတို့နဲ့ တိုက်ရိုက်သက်ဆိုင်
တာတွေပဲ ရှိပါသေးတယ်။ ဇေကမ္ဘာနဲ့ ပတ်သက်တဲ့ လယ်သိမ်းမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ အကြောင်းပါဆက်ပြီး မေးခွန်းထုတ်လိုက်ရင်
ဦးတိုးနိုင်မန်း ထိုင်ငိုသွားရပါ လိမ့်မယ်။ ဒါတောင် မျက်မြင်တွေပဲရှိ
ပါသေးတယ်။
အင်တာနက်ပေါ်မှာပျံ့နေတဲ့ ဦးတိုးနိုင်မန်း ဗိုလ်လောင်းဘဝက လူသတ်မှုကျူးလွန်ခဲ့တာတွေ၊ ဗိုလ်ကြီးဘဝက အခွင့်အရေးယူခဲ့
တာတွေကိုပါ ထပ်ထည့်ပြီး မျက်ကွယ်ဆုံးဖြတ်ချက် ခြင်းဆိုတဲ့
အဓိပ္ပါယ်၊ တရားနည်းလမ်းအတိုင်းလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့
(Procedure) အတိုင်းသွားတယ်ဆိုတဲ့ အဓိပ္ပါယ်တွေကို မေးခွန်း
ထုတ်လိုပါတယ်။ ဒီကိစ္စအားလုံးကို ဦးတိုးနိုင်မန်း ငြင်းလို့မရပါဘူး။
နောက်ဆုံးအချက်ကတော့
လက်ရှိပြည်သူ့လွှတ်တော်မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ ကော်မတီဝင်
ဒေါက်တာတိုးနိုင်မန်းဆိုပြီး ပါနေတဲ့ အချက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
ဥပဒေ ကျွမ်းကျင်တဲ့ ပညာရှင်ပေါင်းများစွာရှိနေပါလျှက် ပထဝီနဲ့
ကျောင်းပြီးထားပြီး လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်၊ ပြည်သူ့
အရေး လုပ်ဆောင်ပေးခဲ့တာလည်းမရှိတဲ့ ဦးတိုးနိုင်မန်းက
ဘယ်ကနေဘယ်လို ပါနေတာလဲဆိုတာ မေးခွန်းထုတ် ရပါလိမ့်မယ်။
ဘယ်ပြည်သူကိုမှ အသိမပေး၊ ပြည်သူ့ဆန္ဒမပါဘဲ ဦးရွှေမန်းရဲ့
ကိုယ်ပိုင် Procedure နဲ့ မျက်ကွယ် ဆုံးဖြတ်ချက်ကြောင့်လား ဆိုတာ နောက်အင်တာဗျူးတွေမှာ ဖြေကြားပေးပါ။
‪#‎ရန်လိုမင်းခေါင်‬

Friday, August 21, 2015

မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ

မီးလျှံတွေကြားမှာ ပွင့်တဲ့ပန်းတွေ



စစ်ဆိုတာအနိဋ္ဌာရုံစကားလုံးပါ။စစ်ပွဲမှာပထမဦးဆုံးကျဆုံးသွားတာအမှန်တရားဆိုတဲ့စကားကြားဖူးပါတယ်။စစ်ဟာလောင်မီးနဲ့တူပါတယ်။မြင်မြင်သမျှအရာအားလုံးကိုဝါးမြိုစားသောက်ဖျက်ဆီးပစ်လိုက်တာ စစ်ပါပဲ။ သားဆုံးတဲ့မိခင်တွေ၊ လင်ဆုံးတဲ့မိန်းမတွေ၊ဖခင်မဲ့တဲ့ရင်သွေးတွေကိုထားရစ်ခဲ့တာစစ်ပါ။အဲဒီစစ်ထဲမှာမှညီအစ်ကိုချင်းခင်းရတဲ့စစ်ကပိုကြေကွဲစရာကောင်းပါတယ်။စစ်မှာဆွေမျိုး၊ဘိုးဘွားမောင့်မှာမရှိဘူးဗျာလို့တောင်တောင်တွင်းရှင်ငြိမ်းမယ်ကစပ်ဆိုခဲ့သေးတယ်မဟုတ်လား။
စစ်ပွဲမှာညီအစ်ကိုချင်းတွေ့ကြရတယ်။မယားညီအစ်ကိုချင်းလည်းတွေ့တတ်ကြလိုသူငယ်ချင်းအချင်းချင်းလည်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရတယ်။ဗကပဖြစ်ခဲ့တဲ့ကဗျာဆရာမမအိနဲ့သားဖြစ်သူတပ်မတော်သားတို့ စစ်ဆင်ရေးတစ်နေရာမှာဆုံခဲ့ကြဖူးတယ်။ကံကောင်းထောက်မစွာသားကိုသတ်တဲ့အမေနဲ့အမေကိုပြန်သတ်မိတဲ့သားမဖြစ်ခဲ့ကြတာပါ။ဒီလိုစစ်ခင်းတဲ့နေရာမှာအဆိုးဆုံးဘဝတွေကတော့စစ်နဲ့တိုက်ရိုက်မပတ်သက်တဲ့မြေဇာပင်တွေပဲပေါ့။တလောကဧရာဝတီ(အင်္ဂလိပ်ပိုင်း)အယ်ဒီတာကျော်စွာမိုးရဲ့“ပြည်သူတွေကိုတောင်းပန်ရမယ်ဆိုတဲ့စာအုပ်တစ်အုပ်ဝယ်လာပါတယ်။ကျွန်တော်တို့ရဲ့အသိဥာဏ်တွေရှင်သန်ဖို့အတွက်ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူတွေရဲ့အသံကိုလည်းနားထောင်သင့်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။စာအုပ်ထဲမှာအင်တာဗျူး၁၆ခုပါပါတယ်။ဦးဝင်းတင်တစ်ယောက်တည်း အင်တာဗျူးက နှစ်ခုဆိုတော့ အတိုက်အခံ ၁၅ ယောက်နဲ့အင်တာဗျူးထားတာပါ။အားလုံးဟာ တောခိုခဲ့ဖူးသူ၊ ထောင်ကျခဲ့ဖူးသူတွေ ချည်းပါပဲ။လူတွေရဲ့ အတွေ့အကြုံတွေ ခံစားချက်တွေကို ကျွန်တော်စိတ်ဝင်စားပါတယ်။ ဒီအထဲမှာမှကျွန်တော့်နှလုံးသားကိုရိုက်ခတ်သွားတဲ့အင်တာဗျူးကတော့“ဒီမိုကရေစီငါးပိသည်လို့ ခေါင်းစဉ်တပ်ထားတဲ့ စာရေးဆရာမ/ ကဗျာဆရာမ နှင်းပန်းအိမ်နဲ့တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးပါ။
ဆရာမနှင်းပန်းအိမ်ဟာသူ့အမျိုးသားကိုနေဦးထောင်ထဲမှာရောက်နေစဉ်အတွင်းအမျိုးသားကိုထောင်ဝင်စာသွားတွေ့နိုင်ဖို့အရေးငါးပိရောင်းတဲ့အခါသူ့ငါးပိကိုကောင်းကောင်း/မကောင်းကောင်းလူတွေကကရုဏာသက်ပြီးဝယ်ယူအားပေးခဲ့ကြပါတယ်။နိုင်ငံရေးသမားတစ်ယောက်ရဲ့ပါရမီဖြည့်ဖက်ဇနီးမယားတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ယောက်ကျားတစ်ယောက်ရဲ့ ရာထူးရာခံကို မက်ပြီးယူတဲ့မိန်းမမျိုးဟာ ယောက်ကျားဖြစ်သူ ရာထူးရာခံမရှိတော့တဲ့တစ်ချိန်ချိန်မှာ အဲဒီလင်ယောက် ကျားကို ဝန်မလေးတတ်ပါဘူး။ သူတို့ရင်ထဲက အချစ်ဆိုတာ အခွင့်အရေးတွေပေါ်ကိုမူတည်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ကျွန်တော်ပြောချင်တာကဆရာမနှင်းပန်းအိမ်အကြောင်းမဟုတ်ပါဘူး။အဲဒီအင်တာဗျူးမှာ ဆရာမနှင်းပန်းအိမ်ပြောတဲ့ ဦးစောနီအောင်ဆိုတဲ့ ကရင်အမျိုးသားကြီးတစ်ယောက်အကြောင်းပါ။ဦးစောနီအောင်နဲ့ သူ့ဇနီးဟာ၁၉၉၁ခုနှစ်ဘိုကလေးအရေးအခင်းမှာအဖမ်းခံရတယ်လို့ဆိုပါတယ်။သောင်းကျန်းသူနဲ့ဆက်သွယ်တဲ့အတွက်အဖမ်းခံရပုံရပါတယ်။ဒီနေရာမှာလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြောချင်တာကစစ်တပ်ကိုမကျေနပ်လို့တိုက်ချင်ရင် အပြစ်မဲ့ပြည်သူတွေမရှိတဲ့နေရာမျိုးမှာ လွတ်လွတ်ကင်းကင်း တိုက်သင့်ပါတယ်။ လက်နက်ကိုင်တချို့ရဲ့ ပြည်သူကို အသုံးချခဲ့မှုကြောင့်ကြားထဲကပြည်သူတွေဒုက္ခရောက်ရတဲ့အဖြစ်တွေအများအပြားရှိပါတယ်။လေးအကျဉ်းထောင်မှာ ရောက်နေတဲ့ဦးစောနီအောင်ဟာကိုနေဦးကိုလာတွေ့တဲ့ဆရာမနှင်းပန်းအိမ်နဲ့အတူ့သားလေးအတွက်ထောင်ထဲကနေ ကာဘော်လစ်ဆပ်ပြာလေးကိုအသုံးပြုပြီးခွေးရုပ်လေးတွေ၊မြင်းရုပ်လေးတွေထုပြီးပို့ပေးတယ်လို့ပြောပါတယ်။ထောင်ကျနေတဲ့ ဖခင်တစ်ယောက်က အပြင်ကသားဆီကိုပို့လိုက်တဲ့ အဖေ့မေတ္တာ လက်ဆောင်ပါ။ ဒီအရုပ်ကလေးတွေကလွဲလို့ သားအတွက် သူဘာမှလုပ်မပေးနိုင်ပါဘူး။
သူ့မိန်းမက ထောင်သုံးနှစ်ကျပြီး အပြင်ရောက်တော့ ဆုံးသွားပါတယ်။ ဦးစောနီအောင်ကတော့ ကလေးထောင်ကနေ မိုင်းဆတ် ထောင်ကို ပြောင်းရွှေ့ သွားရပါတယ်။ မိခင်မဲ့နေပြီဖြစ်တဲ့ကလေးကို ICRC အကူအညီယူပြီး သူ့အဖေနဲ့တွေ့ပေးဖို့ဆရာမနှင်းပန်းအိမ်ခက်ခက်ခဲခဲကြိုးစားပြီးခေါ်သွားရပါတယ်။သားဖြစ်သူက၁၄နှစ်လောက်ရှိနေပါပြီ။ မိုင်းဆတ်ရောက်တော့ ထောင်နဲ့မြို့က တော်တော်ဝေးပါတယ်။ထောင်ကိုရောက်တဲ့အခါ ဦးစောနီအောင်ဟာ ပြစ်ဒဏ်နဲ့ပြောင်းလာတာဖြစ် လို့ ထောင်အာဏာပိုင်တွေ က တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။ဆရာမနှင်းပန်းအိမ်က သူတို့နှစ်ယောက် အခက်အခဲအမျိုးမျိုးကြားက စွန့်စားပြီးလာရတာ ဖြစ်လို့တွေ့ခွင့်ပေးပါ။ တကယ်လို့တွေ့ခွင့်မရရင် မပြန်နိုင်ပါဘူးလို့ပြောတော့ထောင်အာဏာပိုင်တွေက“ဒါဆိုခင်ဗျားထောက်လှမ်းရေးကိုသွားဆိုပြီးလမ်းညွှန်လိုက်ပါတယ်။သူက ကလေးကို ထောက်လှမ်းရေးမေးရင် အမှန်အတိုင်းပြောလို့ သင်ပေးထားပါတယ်။ဟိုရောက်လို့ နှစ်ယောက်စလုံးကိုစစ်တဲ့အခါမှာဘာတော်လဲလို့မေးတော့“ဘာမှမတော်ဘူး။သူ့အဒေါ်ရဲ့သူငယ်ချင်း။သားသမီးချင်းကိုယ်ချင်းစာလို့လိုက်ပို့်ပေးတာလို့ပြောပြီးဖြစ်စဉ်လေးကိုထောက်လှမ်းရေးကိုပြောပြလိုက်ပါတယ်။ဦးစောနီအောင်သားလေးကို မေးတဲ့အခါကျတော့ ကလေးကမျက်ရည်တွေကျပြီး “ဦးရယ် … သားအဖေနဲ့သားမတွေ့တာ တစ်သက်ပါပဲ။ သားတို့ငယ်ငယ်တုန်းက ၅ နှစ်သားလေးမှာ ကျောင်းတက်နေတုန်း ကျောင်းပေါ်ကို ဗုံးဆံကျတော့ ကျောင်းကြီး မီးလောင်သွားတယ်။သားကကြောက်လို့ဘုန်းကြီးကျောင်းပေါ်တက်ပြေးတာ။ဘုန်းကြီးကအလှူခံလို့။ဘုန်းကြီးသာအလှူမခံရင်သားကိုဘက်နက်နဲ့ထိုးမှာမှာလို့ဖြစ်ကြောင်းကုန်စင်ရှင်းပြတဲ့အခါထောက်လှမ်းရေးတွေကသနားသွားတယ်လို့ဆိုပါတယ်။
အဲဒါနဲ့ ထောက်လှမ်းရေးတွေက ထောင်ဝင်စာတွေ့ခွင့်ပေးလိုက်တယ်။ တွေ့ခွင့်ရတဲ့အခါကျတော့ အဖေနဲ့သား ဖိုးခွား၊ အပါးဆိုပြီးခေါ်လိုက်တဲ့အသံဟာလူတိုင်းရင်ကိုထိခိုက်စေပါတယ်။ဦးစောနီအောင်ကသူ့သားကမွေးကင်းစကလေးလေးလို တယုတယကိုင်ပြီး “သား၊ ဖိုးခွား မင်းဒီ အရွယ်တောင်ရောက်နေပြီ၊ ကြည့်ပါဦး လူပျိုပေါက်ဖြစ်နေပြီ၊ ဝက်ခြံလေးတွေတောင်ထွက်နေပြီလို့တဖွဖွပြောတဲ့အခါထောက်လှမ်းရေးတွေလည်းစိတ်ထိခိုက်သွားပြီးသူတို့သားအဖနှစ်ယောက်ကို ကြိုက်သလောက်ပြော၊မောမှပြန်လို့ ခွင့်ပေးလိုက်ပါသတဲ့။ ဦးစောနီအောင်က သူ့သားလေး အတွက်သူကိုယ်တိုင်သိုးမွှေးနဲ့ထိုးထားတဲ့ဘောကန်ဖိနပ်လေးတစ်ရံလက်ဆောင်ပေးပါတယ်။သူ့သားကိုလည်း“မင်းဘော်လုံးကန်ကောင်းတယ်ဘော်လုံးကန်တယ်ဆိုတာလည်းအနုပညာတစ်ရပ်ပဲ။ထူးချွန်အောင်လုပ်၊အပါးမင်းကိုပြောနိုင်တာဆိုလို့ ဒါပဲ ရှိတယ်ဆိုပြီးမှာပါတယ်။ (ဒုက္ခသည် စခန်းကနေ ရွှေ့ပြောင်းရင်း အင်္ဂလန်မှာကစားနေတဲ့ ကရင် တိုင်းရင်းသားလေးဆိုတာ ဦးစောနီအောင်သားလေးများလားလို့ တွေးနေမိတယ်။)
ပြီးတော့“မင်းအမိုးရော နေကောင်းလား လို့မေးတဲ့အခါ “အမိုးဆုံးသွားပြီ လို့ဖြေလိုက်တဲ့အချိန်မှာ ဦးစောနီအောင် ချုံးပွဲချငိုပါ တယ်။ ထောင်ဝင်စာတွေ့ပြီး တည်းခိုတဲ့နေရာပြန်ရောက်တော့ ဦးစောနီအောင်ရဲ့သား ဖိုးခွားလေးဟာ မအိပ်ဘဲသူ့အဖေပေးလိုက်တဲ့သိုးမွှေးဘောကန်ဘိနပ်တစ်ညလုံးထိုင်ကြည့်နေပါသတဲ့။အဲဒီမြင်ကွင်းဟာဆရာမနှင်းပန်းအိမ်ကိုထိခိုက်စေသလိုကျွန်တော်တို့နှလုံးသားကိုလည်းဆွဲညှစ်ကိုင်ဆုပ်လိုက်သလိုခံစားရပါတယ်။ဦးစောနီအောင်ဘာအပြစ်နဲ့အဖမ်းခံရတာလဲဆိုတာသေသေချာချာမသိပါ။ဖြစ်နိုင်တာကတော့သောင်းကျန်းသူနဲ့ဆက်သွယ်တာကြောင့်အဖမ်းခံရတာဖြစ်ဖို့များပါတယ်။ သူတို့ရွာက ဘိုကလေး၊ ကပ်သမျှင်ရွာဖြစ်ပြီး တပ်က မီးရှို့လိုက်တယ်လို့ဆိုပါတယ်။ ဒီတုန်းကKNUအဖွဲ့တွေဟာအဲဒီရွာတွေတစ်ဝိုက်မှာကောင်းကောင်းအခြေချထားပြီးပါပြီ။အစိုးရသတင်းထုတ်ပြန်ချက်အရပင်လယ်လမ်းကြောင်းကနေလက်နက်တွေသယ်လာကြောင်းသိရပြီးကော့သောင်းမှာခင်ခဲ့တဲ့ကရင်အမျိုးသားသူငယ်ချင်းတစ်ယောက်ပြောပြတာကတော့ ၁၉၈၈ခုနှစ်အရေးအခင်းကာလကိုအခွင့်ကောင်းယူပြီး မြဝတီလမ်းကြောင်းကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဘိုကလေးဘက်ကို ရေလမ်းနဲ့ ဆက်သယ်တာလို့ KNU သူငယ်ချင်းတစ်ယောက်က သူ့ကိုပြောပြဖူးတယ်လို့ ဆိုပါ တယ်။ ပြဿနာရဲ့အစက အဲဒီရွာမှာ အခြေချမြှုပ်နှံထားတဲ့ KNU တပ်ဖွဲ့ ဝင်တွေနဲ့ KNU လိုလားတဲ့ရွာသားတွေကလုံခြုံရေးကင်း လှည့်လာတဲ့ ရဲတပ်ဖွဲ့ဝင်တပ်စုတစ်စုကို ထမင်းကျွေးအရက်မူးအောင်တိုက်ပြီး အားလုံးဓားနဲ့ဝိုင်းခုတ်သတ်လိုက်ကြတယ်လို့ကြားဖူးပါတယ်။တောထဲတောင်ထဲမဟုတ်ဘဲဘိုကလေးမြို့နယ်အတွင်းက ရွာမှာ ဒီလိုလုပ်လိုက်တာဟာ အစိုးရကို ပြောင်ပြောင် တင်းတင်း အာခံစိမ်ခေါ်လိုက်တာပါပဲ။ ဒီတော့ အစိုးရကလည်းသည်းခံမှာမဟုတ်ပါ။ကျွန်တော်ထင်တာတော့သူတို့KNUအဖွဲ့ဝင်တွေနဲ့ရွာသားတွေအရက်မူးပြီးဖြစ်တာလို့ထင်ပါတယ်။
မဆလခေတ်ကအသံလွှင့်ရုံကိုပစ်တဲ့မန်းငွေအောင်တို့ဖြစ်စဉ်ကလည်းဒီလိုအရက်ကြောင့်ဖြစ်ရတာပါပဲ။မိတ်ဆွေကရင်အမျိုးသားတစ်ယောက်ကပြောပြဖူးပါတယ်။မန်းငွေအောင်တို့အဖွဲ့မထွက်ခင်ရဲဆေးတင်ပါသတဲ့။ရဲဆေးက တင်တာများသွားပါတယ်။ သူတို့ပစ်မှတ်က ရွှေတိဂုံဘုရားခြေတော်ရင်းနားကစစ်ရုံးပါတဲ့။ဒီလိုနဲ့အင်းစိန်ဘက်က ထွက်အလာ မြန်မာ့အသံနားရောက်ခါနီး မှာ လက်ယားနေတဲ့ KNU တစ်ယောက်က အာပီဂျီ ကိုင်ထားတဲ့တစ်ယောက်ကို“ဟေ့မင်းကရင်မဟုတ်ဘူးလား။လို့အာလေးလျှာလေးနဲ့မေးပါလေရော။ဟိုတစ်ယောက်က “ကရင်ပေါ့ကွ လို့ဖြေတဲ့အခါ “ကရင်ဆို မပစ်ရဲဘူးလား လို့ လုပ်ပါလေရော ဟို ကလည်း “ပစ်ရဲတာပေါ့ကွ “ပစ်ရဲရင်ချကွာ ဆိုပြီးလုပ်တာနဲ့ မြန်မာ့အသံကို အစီအစဉ်ထဲမပါဘဲ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ကျွန်တော်တို့တိုင်းရင်းသားများဟာရိုးသားလွန်းတော့တစ်ခါတလေရယ်ရအခက်ငိုရအခက်ပုံစံမျိုးတွေဖြစ်တတ်ပါတယ်။စစ်အစိုးရလက်ထက်ကလည်း ထားဝယ်လေ ဆိပ်မှာ KNU ဖေါက်ခွဲရေးသမားမိခဲ့ဖူးပါ တယ်။ လေယာဉ်လက်မှတ်ကြို ဝယ်ထားပြီးတော့လေဆိပ်ထဲဝင်လာတဲ့အချိန်မှာညှင်းသိုးသိုးပုံစံနဲ့ကိုယ်တော်ချောက သူ့ကိုစစ်မယ်လုပ်တော့ လက်ကို အင်းကျီအိတ်ထဲက မထုတ်ဘဲ ဘာမှ မပါဘူး။ ဘာမှမပါဘူး လို့ လုပ်နေပါသတဲ့။ ရှိတဲ့ထောက်လှမ်းရေးတွေရော ရဲတွေရောဒိုင်ဗင်ထိုးပြီးလုံးထွေးသတ်ပုတ်ဖမ်းဆီးကြရတော့တာပေါ့။ဆရာသမားကလက်ပစ်ဗုံးတစ်ဖက်တစ်လုံးထည့်ပြီးလေယာဉ်ပေါ်တက်မလို့လေဆိပ်ထဲဝင်လာတာပါတဲ့။ထားပါတော့ကျွန်တော့်နားထဲမှာစွဲနေတာကဦးစောနီအောင်သားလေးပြောတဲ့“သားကကြောက်လို့ဘုန်းကြီးကျောင်းပေါ်တက်ပြေးတာ။ဘုန်းကြီးကအလှူခံလို့။ဘုန်းကြီးသာအလှူမခံရင် သားကိုဘက်နက်နဲ့ထိုးမှာ ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဦးစောနီအောင်တစ်ယောက် လက်နက် ကိုင်ထားတဲ့သူပုန်ဖြစ်နေရင်တောင်ကျွန်တော်ကတော့ဦးစောနီအောင်ကိုပဲပစ်မှာပါ။အပြစ်မရှိတဲ့ငါးနှစ်ကျော်ကျော်ကလေးလေးတစ်ယောက်ကိုပစ်ဖို့ ကျွန်တော့မှာ ခွန်အားမရှိပါဘူး။ စစ်ဟာ ရက်စက်ပါ တယ်။ စစ်ဟာ ကြမ်းကြုပ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးရဲ့အဓိကတရားခံကသူ့ဘာသာအေးအေးဆေးဆေးရုန်းကန်လှုပ်ရှားနေကြရတဲ့ဘိုကလေးမြို့နယ်ထဲက ကရင်တိုင်း ရင်းသားတွေကို စစ်ထဲမပါပါအောင်ဆွဲခေါ်ခဲ့တဲ့ အဲဒီအချိန်က KNU ပါပဲ။
ကျွန်တော်တို့တိုင်းရင်းသားများဘယ်လောက်ရိုးသလဲဆိုရင်အဲဒီဖြစ်စဉ်ပြီးတော့ထိုင်းနိုင်ငံထဲမှာ KNU က ကြေညာချက် ထုတ်တယ်လို့ဆိုပါတယ်။ဘိုကလေးအရေးအခင်းကိုသူတို့မသိကြောင်း၊ဘိုကလေးအရေးအခင်းမှာဖြစ်ပျက်သမျှတွေဟာ KNU နဲ့မပတ်သက်ကြောင်းကြေညာချက်ထုတ်ပါသတဲ့။ဒါကိုကျွန်တော့်မိတ်ဆွေကရင်အမျိုးသားတချို့က ယုံပါတယ်။တစ်ခါတုန်းက ပါလက်စတိုင်းက ပစ်မှတ်တစ်ခုကို ပစ်ခတ်ဖို့ငြင်းဆန်ခဲ့တဲ့ အစ္စရေးအမြောက်တပ်က ဗိုလ်မှူးတစ်ဦးရာထူးကထုတ်ပယ်ပြီးအရေးယူခံခဲ့ရဖူးပါတယ်။အထက်ကညွှန်ကြားချက်ပေးတဲ့ပစ်မှတ်ကိုမှန်ပြောင်းနဲ့သေသေချာချာကြည့်လိုက်တဲ့အချိန်မှာဘာရန်သူမှမရှိဘဲကျောင်းထဲမှာကလေးတွေပြေးလွှားဆော့ကစားနေကြတာကိုပဲတွေ့ရပါတယ်။ဒါ့ကြောင့်အထက်ဌာနကိုပစ်မှတ်မှာရန်သူမတွေ့ရဘဲ ကလေးတွေသာ ဆော့က စားနေကြကြောင်းသူက သတင်းပို့ပါတယ်။ အမိန့်က ပစ်ပါ။ သူက မပစ်ပါဘူး။ သူအရေးယူခံလိုက်ပါတယ်။
ကျွန်တော်တို့စစ်တိုက်နေကြတာတစ်ဘက်နဲ့တစ်ဘက်အယူဝါဒမတူလို့ညှိနှိုင်းလို့အဆင်မပြေလို့စစ်တိုက်နေကြတာပါ။ နိုင်ငံရေးကို စစ်ရေးနဲ့ဖြေ ရှင်းနေကြတာပါ။ သွေးဆာနေတဲ့လူသတ်သမားတွေ လူသတ်နေတာ မဟုတ်ပါဘူး။
အကြမ်းဖက်သမားတေမဟုတ်ပါဘူးလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပြည်သူကိုခုတုံးမလုပ်သင့်သလိုတပ်မတော်သားတွေအနေနဲ့လည်းရန်သူနဲ့ရန်သူမဟုတ်သူကိုတတ်နိုင်သလောက်ခွဲခြားခြေမှုန်းနိုင်အောင်ကြိုးစားသင့်ပါတယ်။အမုန်းတွေကြောင့်စစ်ပွဲတွေဖြစ်၊စစ်ပွဲတွေ ကြောင့် အမုန်းတွေ ပိုကြီးထွား။ ဆင်ခြင်တုံတရားဆိုတာ ကြေကွဲမှုနဲ့နောင်တတွေကို ဖြစ်ပေါ်စေတတ်တဲ့မိုက်မဲမှုတွေကိုအဆုံးသတ်နိုင်တဲ့ဇာက်ကြိုးတစ်ချောင်းဆိုရင်မမှားနိုင်ပါဘူး။စစ်အစိုးရလက်ထက်ကထောက်လှမ်းရေးတပ်ဖွဲ့ဆိုတာအင်မတန်ရက်စက်တယ်လို့နာမည်ထွက်ပေမဲ့မိုးဆတ်မြို့ကလေးကထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကတော့ ဦးစောနီအောင်တို့ သားအဖနှစ်ယောက်ကိုကြည့်ပြီး စိတ်နှလုံးထိခိုက်သွားပါတယ်။ ဒါ့ ကြောင့် ဦးစောနီအောင်တို့သားအဖနှစ်ယောက်ကို “ကြိုက်သလောက်ပြော၊ မောမှပြန် လို့ ခွင့်ပေးလိုက်တာပါ။
အင်္ဂလိပ်အနုသုခုမဝေဖန်ရေးဆရာဂျွန်ရပ်စကင်းက“ယုတ်ညံ့တယ်ဆိုတာအတိုချုပ်ပြီးပြောရရင်ခံစားချက်ကင်းမဲ့ခြင်း လို့ဆိုပါတယ်။ဒီအဆိုအတိုင်းဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိုင်းဆတ်မြို့ကလေးမှာရှိတဲ့စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ယုတ်ညံ့တဲ့ သူတွေ မဖြစ်ခဲ့ကြပါဘူး။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကိုယ်တိုင်မထုဆစ်မဖန်တီးနိုင်တဲ့ သမိုင်းရေစီးကြောင်းထဲမှာမျောပါကြရတတ်ပါတယ်။ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှူးချုပ်သန်းထွန်း ထောင်ထဲမှာရှိစဉ် သွေးတိုးတဲ့အခါထောက်လှမ်းရေးကဖမ်းပြီးထောင်ထဲထည့်ထားတဲ့အတိုက်အခံတစ်ယောက်ကသံပုရာရည်ဖျော်တိုက်ရင်း “ကမ္ဘာကြီးလုံးတယ်ဆိုတာခင်ဗျားယုံပြီမဟုတ်လား လို့ ပြောဖူးသတဲ့။ မဆလခေတ်မှာ ဦးဘိုနီကြီးတစ်ယောက် သူပြည်ထဲရေးဘဝကထုတ်ထားတဲ့နှစ်ကြီးအကျဉ်းသားမှန်ရင်သံခြေကျင်းခတ်ရမယ်ဆိုတဲ့အမိန့်ကြောင့်သူထောင်ကျလို့သံခြေကျင်းအခတ်ခံရတဲ့အချိန်မှာမျက်ရည်ကျပါသတဲ့။ဖြစ်စဉ်အားလုံးဟာပြည်တွင်းငြိမ်းချမ်းမှုမရှိလို့ဖြစ်ခဲ့ကြတဲ့အဖြစ်အပျက်တွေချည်းပါပဲ။ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့။ ဒါ့ ကြောင့်ငြိမ်းချမ်းစေချင်တာပါ။ ဒါ့ကြောင့် စစ်ကို မလိုချင်တာပါ။မလွှဲသာလို့အခြေအနေဆိုးကိုရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမယ်ဆိုရင်တောင်ဆရာမနှင်းပန်းအိမ်လိုလူတွေ ပေါပါစေ။ မိုင်းဆတ် စစ်ထောက်လှမ်းရေးက လူတွေလို ပုဂ္ဂိုလ်တွေပေါပါစေ။ ဦးစောနီအောင်သားလေးကို အလှူခံလိုက်တယ်ဆိုတဲ့ ဆရာတော်လို ရဟန်းတွေ ပေါပါစေလို့ပဲ ဆုတောင်းရုံမှတစ်ပါး ကျွန်တော် တို့ ဘာမှမတတ်နိုင်ပါဘူး။ကျွန်တော်တို့တတ်နိုင်တာကသူများခံစားချက်ကိုကိုယ့်ရင်ဘတ်ထဲထည့်တတ်တဲ့ အလေ့အကျင့် လေး ပြုစုပျိုးထောင်ပေးဖို့ပါပဲ။တကယ့်လူသားဆိုတာ မယုတ်ညံ့ပါဘူး။ ခံစားချက် မကင်းမဲ့ပါဘူး။ ပုထုဇဉ် သဘာဝ ကိလေသာမီးတွေတောက်လောင်လာတဲ့အခါကျွန်တော်တို့နှလုံးသားတွေညစ်နွမ်းလေ့ရှိပါတယ်။ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေမှာရှိတဲ့ ကာဘရိုက်တာ လိုပါပဲ။ ဆေးကြောသုတ်သင်ဖို့လိုပါတယ်။ နှလုံးသားကို မကြာခဏ သန့်ရှင်းရေးလုပ်ပါ။

ရဲကျော်သူရ

Thursday, August 20, 2015

ကျနော်တို့ပဲ .. ကျန်ပါတော့တယ်


Credit......ဥက္ကာရွှေဝင်း
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရအပြီး နောက်တရက်မှာ ထုတ်တဲ့ ၁၉၄၇ ဇူလိုင်၂၀ရက်နေ့ လန်ဒန်တိုင်းမ်သတင်းစာက ဒေါက်တာဘမော်ကို အင်တာဗျူးပြီး ဆောင်းပါးတခုရေးတယ်။ အဲဒီဆောင်းပါးထဲမှာ ဒေါက်တာဘမော်က "မြန်မာလူငယ်တွေဟာ လက်နက်ကိုင်ခြင်းရဲ့အရသာကို သိသွားခဲ့ပြီ၊ ဒါကြောင့် နောင်အခါ မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာက မဲပုံတွေမဟုတ်ပဲ လက်နက်တွေပဲ ဖြစ်နေလိမ့်မယ်"လို့ ဖြေခဲ့သတဲ့။
အဲဒီစကားဟာ အတိတ်ကို ပြန်တူးဆွကြည့်ရင်း သမိုင်းနဲ့အတူ မှတ်ကျောက်တင် စောကြောကြည့်လိုက်တဲ့အခါမှာ သွေးထွက်အောင်မှန်လှချည်လား လို့ ထုပ်ထုပ်ပိုက်ပိုက်ကြီးတွေးမိလေရဲ့။
စလွယ်ဝင် ဖင်မမည်းခင်ကတည်းက ကွဲခဲ့ကြတာမို့ .. သန္တေတည်စ လွတ်လပ်ရေးလေးကို လက်နက်ကိုင်ဓလေ့တွေက အတင်းအဓမ္မဖျက်ချခဲ့ကြတယ်လို့ ဆိုရမယ်။
လူမျိုးစုအခွင့်အရေးလို့ ကြွေးကြော်ပြီး အမျိုးစုံသော တိုင်ရင်းသားတွေက ကိုယ်စီစစ်တပ်တွေဖွဲ့စည်းပြီး လက်နက်ကိုင်ခဲ့ကြတယ်။
(က) မွန်တွေဟာ 1948 ခုနှစ် July လ 20 ရက်နေ့မှာပဲ MNDOဆိုတဲ့နာမည်နဲ့အတူ လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။
(ခ) ကရင်နီတွေဟာ 1948 ခုနှစ် August လ 17 ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ (1957 ခုနှစ်မှာတော့ KNPPကို ဖွဲ့စည်းခဲ့တယ်။)
(ဂ) ကရင်တွေဟာ 1949 ခုနှစ် January လ 31 ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါတယ်။
(ဃ) ပအိုဝ်တွေဟာ 1949 ခုနှစ် Decemberလ 11 ရက်နေ့မှာ တော်လှန်ရေး စတင်ခဲ့တယ်။
(င) ရှမ်းတွေဟာ 1958 ခုနှစ် May လ 21 ရက်နေ့ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တယ်။
(စ) ကချင်တွေဟာ 1961 ခုနှစ်မှာ KIO ကို ဖွဲ့စည်းပြီး ဘာသာရေးမကျေနပ်ချက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တယ်။
(ဆ) ပလောင်အမျိုးသားတွေဟာ 1963 ခုနှစ် January လ 12 ရက်နေ့မှာ ပလောင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့ PNF ကို ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေးကို တိုးမြှင့်ဆင်နွှဲခဲ့တယ်။
(ဇ) ကယန်းအမျိုးသားတွေဟာ 1964 ခုနှစ် June လ 4 ရက်နေ့မှာ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ကြတယ်။
(ဈ) ရခိုင်အမျိုးသားတွေဟာ 1946 မှာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြတယ်။ 1967 ခုနှစ်မှာ ALPကိုဖွဲ့ခဲ့ကြတယ်။
ဒါက လွတ်လပ်ရေးရပြီးစ တိုင်းရင်းသားလက်နက်ကိုင်မှုတွေ။ နောက်ခေတ်တွေ(ယနေ့အချိန်အထိ) လက်နက်ကိုင်နေတာတွေ မပါသေးဘူး။ ခေတ်မှီသူတိုင်း သူပုန်ထကြသည်လို့ ဆိုရမလိုလို။
တိုင်းရင်းသားတွေ လက်နက်ကိုင်ယုံတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဗမာများကလည်း အချင်းချင်း လက်နက်ကိုင်ချကြသေးသလို မြေပေါ်မှာကလည်း ကြက်ပျံ ငှက်ပျံမကျ စည်စည်ကားကားကြီး ကွဲတော်မူကြလေရဲ့။
လက်နက်ကိုင်တော်လှန်ရေးကို ဈေးဦးဖောက်လိုက်သူတွေက ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ဖြစ်လေ၏။ ပျဉ်မနားညီလာခံအပြီး ဆယ်ရက်အကြာ ၁၉၄၈ မတ်လ ၂၈ရက်မှာ တောခိုတယ်။ မြန်မာပြည် ပြည်တွင်းစစ်စတဲ့နေ့လို့ ဆိုရမှာပဲ။
အဲဒီကွန်မြူနစ်တွေမှာကလည်း သခင်စိုးဦးဆောင်တဲ့အလံနီနဲ့ သခင်သန်းထွန်းဦးဆောင်တဲ့အလံဖြူဆိုပြီး လက်နက်ကိုင်ကွန်မြူနစ်တွေချင်း နှစ်ပိုင်းကွဲပြဲတယ်။
လက်နက်မကိုင်ပဲ မြေပေါ်ကျန်ခဲ့တဲ့ ကွန်မြူနစ်တွေကလည်း ထပ်ကွဲကြပြန်တယ်။ ဦးသိန်းဖေမြင့်တို့ရဲ့ မြေပေါ်ကွန်မြူနစ်အဖွဲ့ကလည်း ရှိသေးတယ်။
တဖန် အမျိုးသားရေးကို အခြေခံတဲ့ ကွန်မြူနစ်တွေကလည်း ရှိပြန်တယ်။ ရဲဘော်ဖြူထဲမှာတောင် ကွန်မြူနစ်က တဖွဲ့ပွဲထွက်လာပြန်တယ်။ ဆိုရှယ်နီ၊အလံပြာ၊ထူးစိန်းကွန်မြူနစ်ဆိုတာတွေကလည်း ရှိပြန်တယ်။
အဲလိုကွဲကြရတာတင် အားမရကြသေးလို့ .. သဘောတရားရေးရာအရ ထပ်ကွဲကြပြန်တယ်။ စတာလင်လိုင်း၊ မော်စီတုန်းလိုင်း၊ ခရုရှက်လိုင်း၊ ဘရက်ဇညက်လိုင်း၊ မာရှယ်တီးတိုးလိုင်း၊ ဟောက်ဇွာလိုင်းဆိုပြီး နိုင်ငံခြားက ဘာကြီးတွေမှန်းမသိ၊ လူအရှင်လတ်လတ်လည်း မမြင်ဘူးကြတဲ့ ကမ္ဘာကျော်ကွန်မြူနစ်များကို ပုဂ္ဂိုလ်ရေးအရ အခြေပြုကိုးကွယ်ပြီး ကွဲကြပြန်တယ်။
တောခိုတဲ့ ဗကပတွေထဲမှာတောင် ၅၅လမ်းစဉ်နဲ့ ၆၄လမ်းစဉ်ဆိုပြီး အချင်းချင်း ကပ်ကွဲလိုက်ကြသေးတာဗျား။ အားရပါပေ့။ ဒါက ကွန်မြူနစ်အကွဲအပြဲတွေ။ အားလုံးပေါင်း ကွန်မြူနစ်တွေက ၉ကွဲ ကွဲကြတယ်။
ကွန်မြူနစ်တွေကွဲကြလို့ .. ဆိုရှယ်လစ်တွေကရော ဘယ်နှယ့်နေမလဲကြည့်ပြန်တော့ ပိုလို့တောင် ဆိုးနေပါကော။ ဆိုရှယ်လစ်ကကြ အဓိကအားဖြင့် အဖွဲ့ကြီး ၃ဖွဲ့ကွဲတယ်လို့ ဆိုရမယ်။ လက်ဝဲဆိုရှယ်လစ်ရယ်၊ လက်ယာဆိုရှယ်လစ်ရယ်၊ မြန်မာ့နည်းမြန်မာ့ဟန်ဆိုတဲ့ ဆိုရှယ်လစ်ရယ်ပေါ့။ အဲဒီမေဂျာအဖွဲ့ကြီးတွေကနေ လက်ဝဲဆိုရှယ်လစ်တွေက ၉ကွဲ၊ လက်ယာဆိုရှယ်လစ်တွေက ၂ကွဲ၊ မြန်မာ့နည်းမြန်မာ့ဟန်မောင်များက ၂ကွဲ အသီးသီးကွဲကြလေ၏။
ကဲ .. တောခိုသူပုန်များ၊ အတိုက်အခံများကွဲကြလို့ အာဏာရတဲ့ ဖဆပလကရော ညီရဲ့လားဆိုတော့ .. ဟင့်အင်းပဲ။ ဖဆပလကလည်း ဆွေငြိမ်းနဲ့ နုတင်ဆိုပြီး တည်မြဲနဲ့သန့်ရှင်းကွဲကြလေကော။ သူပုန်တွေ၊ အတိုက်အခံတွေ ကွဲကြတာက ပြသနာသိပ်မရှိပေမယ့် အုပ်ချုပ်နေတဲ့ ပါတီက ကွဲကြတာဆိုတော့ တိုင်းပြည်ပျက်မတတ်ပါပဲ။
နောက်ဆုံး နိုင်ငံရေးအယူအဆ၊ အသင်းအပင်းတွေတင် ကွဲလို့ အားမရကြပေတော့ စစ်တပ်ထဲကိုပါ နိုင်ငံရေးပိုးသွင်းကြလေတယ်။ အဲမှာ အင်အားကလေးမှ ထောင်ဂဏာန်းလောက်ရှိတဲ့ ဗမာ့စစ်တပ်မှာ သုံးပုံ တပုံလောက်က တောခိုကောဗျား။ အေးကော။
ကျုပ်တို့တိုင်းပြည်မှာ အနှစ်၁၀၀ကျော်အောင် ညီညွတ်တည်မြဲတဲ့အဖွဲ့အစည်းဆိုလို့ မလွန်ဆန်လှူအသင်းပဲ ရှိတာဗျ။ မယုံရင် စုံစမ်းလေ့လာကြည့်။ အဲဒါလည်း အာဏာတွေ သေနတ်တွေမပါတဲ့ ဘုရားရေး တရာရေးကိစ္စတွေ လုပ်ကြတဲ့အဖွဲ့မို့ အဲလောက်ခံနေတာ ထင်ပါတယ်။
အဲလိုတွေဖြစ်ကြတာကလည်း စိတ်အခံတွေက ဖောက်ပြန်ကြတာကိုး။ နေရာတခုကိုရောက်သွားရင် ငါတို့သာ အမှန်,မြင့်မြတ်တယ်။ သူတို့ကတွေလုပ်သမျှက မိစ္ဆာလုပ်ရပ်လို့ တဖက်သတ်စွဲချက်တင်ဆုံးဖြတ်လိုက်ကြကော။ မိုက်လုံးကြီးစရာ နောက်လိုက်နောက်ပါများကလည်း ရှိတာကိုး။
ပိုဆိုးစေတဲ့အချက်က အတိတ်က ခါးသီးမှု အာဃာတမီးတောက်တွေ လက်ဆင့်ကမ်းအမွေပေးကြတယ်။ သားသမီးတွေ၊ တပည့်တပန်းတွေကို အမွေပေးကြလေတော့ လူသေသော်လည်း ပြသနာမသေတဲ့ အဖြစ်တွေကလည်း ဒုနဲ့ဒေး။
လက်ရှိအခြေအနေကို တိုက်လိုခိုက်လိုစိတ်ပေါ်လာအောင် အတိတ်အမှတ်အသားဟောင်းတွေကို ပြန်အသုံးချကြ၊ အနာဟောင်းကို အစဖော်ကြတယ်။ ဒါကလည်း ဒီနေ့အထိ လုပ်နေကြတယ်။
ကြာလာတော့ မြန်မာပြည်ဆိုတာက သွေးစာရင်းချွေးစာရင်းရှင်းကြတဲ့
နေရာကြီးများဖြစ်နေပလားဟဲ့ဆိုပြီး အထိတ်တလန့်တွေးမိတယ်။
ဗုဒ္ဓကတော့ ဆုံးမခဲ့တယ်။ ရန်ကို ရန်ဖြင့် တုံ့နှင်းနေသမျှ ရန်သည် မငြိမ်းတဲ့။ ခေတ်စကားအရဆို Non Zero-Sumပေါ့ဗျာ။ အဲတော့ သူမနာ ကိုယ်မနာလေး တွေးလုပ်ပြီး နိုင်ငံတော့်မျက်နှာကြည့်သင့်တယ်။
အတိတ်က အပုတ် အပဲ့တွေကိုလည်း ယူမလာကြတော့နဲ့။ ကောင်းတာလေးတွေ စည်းလုံးစရာလေးတွေပဲ ယူလာကြစို့။ တဖွဲ့အပေါ် တဖွဲ့လည်း မင်းကြောင့် ငါ့ကြောင့် လက်ညှိုးမထိုးကြတော့နဲ့။
တခါက လူအများဟာ အပြစ်ရှိသူတယောက်ကို ခဲတွေ ကြက်ဥပုတ်တွေနဲ့ ၀ိုင်းပေါက်ကြတယ်။ အဲအချိန် ယေရှုရောက်လာပြီး ပြောတယ်။ အပြစ်မဲ့သူလို့ မိမိကိုယ်ကို ယုံကြည်သူသာပေါက်ပါတဲ့။ အကုန်လုံး ရပ်၊ တွေဝေစဉ်းစားပြီး ထွက်သွားကြတော့တာပေါ့။ အပြစ်ကင်းတဲ့သူ ဘယ်ရှိမလဲဗျာ။
အစ္စရေးဟာ တခြားလူမျိုးတွေအလယ်ခေါင်မှာ မြင့်မြင့်မားမားရပ်ခဲ့ပြီ။
ဂျပန်က အဏုမြူဗုံးဒဏ် ပြာပုံဘဝက ရုန်းထခဲ့ပြီ။ စင်ကာပူက သောက်ရေတောင်မရှိဘဲ သူဌေးနိုင်ငံဖြစ်လာပြီ။
အမေရိကန်ရဲ့ ဗုံးတန်ချိန်သန်းချီကျဲခံခဲ့ရတဲ့ ဗီယက်နမ်လည်း ခေါင်းမော့နေပြီ။ တရုတ်ဟာလည်း ထမင်းရည်သောက် ကြက်သွန်နဲ့ရေနွေးကြမ်းမျောချရတဲ့ ဘ၀တွေကနေ စည်းပွားရေးတောင့်တင်းတဲ့ အင်အားကြီးနိုင်ငံဖြစ်လာရော။ အိန္ဒိယက ဇာတ်လူမျိုးဘာသာယုံကြည်မှုတွေများစွာနဲ့အတူ တည်တည်တန့်တန့်ဖြစ်လာပြီ။
တခြား ဥပရောပနိုင်ငံများစွာလည်း နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန် အင်္ဂလန် ပြင်သစ် ဂျာမနီတွေနဲ့ လက်တွဲရပ်ခဲ့ပြီ။
ဆိုတော့ .. ကျနော်တို့ပဲ .. ကျန်ပါတော့တယ်

Wednesday, August 19, 2015

2015 ၏အထိမခံ နိုင်ငံရေး

2015 ၏အထိမခံ နိုင်ငံရေး
★ ★ ★ ★ ★ ★ ★
ဦးသိနိးစိနိအစိုးရ တက်လာပြီးပြုပြင်ပြောင်းလဲရေးတွေ၎နှစ်လောက်လုပ်ခဲ့တဲ့အကြောင်း အတိုက်အခံခေါင်းဆောင်နှင့် အပြုံးကိုယ်စီလက်ဆွဲနူတ်ဆက်ကြ ၊တူတာတွေပေါင်းလုပ်ကြနဲ့ ဒေါ်စုလဲလွှတ်တော်ထဲရောက်လို့၊နိုင်ငံတကာမှာ မြန်မာပြည်ရဲ့ Change ဟာ သူများနိုင်ငံတွေတောင်မှ အတုယူစရာဖြစ်ခဲ့ကြောင်းကျနော်ရေးသားခဲ့ပြီးပါပြီ ။
ဒါပေမဲ့ ၂၀၁၅. ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးမုန်တိုက်က ပြင်းထံလာပြန်ပါတယ် ။ သမ္မတဖြစ်ချင်တဲ့ရောဂါက ပါတီကြီးနှစ်ခုရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအကြား ရောဂါပြင်းထံလာကြတော့တာပါဘဲ ၊ စတင်တာကတော့ ၄၃၆ ပြင်ရေးကစတယ်၊ ၈၈ တွေက လမ်းပေါ်လူပြည့်အောင်လ်ုဖို့အထိချိမ်းခြောက်လာသလို မီဒီယာ တွေကလဲ ဒီအချိနိကတော့ ဂွင်ပေါ့...
တဖက်စောင်းနင်းတွေရေး ၊ နောက်ကြောင်းပြန်သံသရာကလဲမဆုံးနိုင်ဘူး၊ဒါပေမဲ့ အစိုးရ တရပ်ဟာ အကောင်းရောအဆိုးရောရှိမှာဘဲ၊ခုခေတ်ဒီမိုကရေစီအမြင်နဲ့တော့အံဝင်ချင်မှ အံဝင်မှာပေါ့ဗျာ ဒါပေမဲ့မီဒီယာရေးတဲ့အတိုင်းပြောရင် ရှေ့ကအစိုးရတွေ အကောင်းတခုမှ မရေးတာက ထူးဆနိးမနေဘူးလားဗျာ ၊အဆိုးရောအကောင်းရောအကုနိရေးသင့်တယ်မဟုတ်ဘူးလား ဒါမှ လူငယ်တွေစာဖတ်သူတွေက ကောင်းမကောင်းသုံးသပ်နိုင်သလို နိုင်ငံရေးအမြင် ရေချိနိလဲတက်လာမှာပေါ့ ။ အတိုက်အခံဘက်ကရော ပြီးပြည့်စုံနေလို့မရေးတာလား ကြောက်လို့မရေးတာလား၊ဖားချင် နေရာလိုချင်လို့မဝေဖန်ရဲတာလား ဒါတော့ မီဒီယာတွေအသိဆုံးပါ။
သမ္မကြီးကိုယ်တိုင်က အပြောင်းအလွဲလုပ်ခဲ့ပေမဲ့ ခေါင်းဘဲရွေ့ပြီး အောက်က မရွေ့နိုင် အတွေးအခေါ်ဟောင်းနဲ့ပြောခဲ့တဲ့ လျှပ်စစ်ဝနိကြီးလိုလူတွေလဲဇတ်သိမ်းခဲ့ရတာပါဘဲ။
အတိုက်အခံတွေရဲ့ တောင်းပွဲ တိုက်ပွဲကပိုပြီးပြင်းထံလာသလိုဘ၊ဲအလုပ်သမားအရေး ၊ကျောင်းသားအရေးတွေမှာအတိုက်အခံတွေရဲ့နောက်ကွယ်ကကြိုးကိုင်မှုတွေက ဖုံးဖိလို့မရပါဘူး ။ အဲတော့ဘာဖြစ်လာသလဲဆိုရင် အစိုးရအနေနဲ့ ဒီပြသနာရှင်းနေရတာနဲ့ ဘာအလုပ်မှမလုပ်နိုင်တာဘဲဖြစ်ပါတယ်၊အစိုးရယန္တယားဟာ ပုံမှန်လည်ပတ်နေပေမဲ့ အသက်မပါလှဘဲ အိပ်မက်ထဲလမ်းလျှောက်နေသလိုဖြစ်ခဲ့တာ ၂၀၁၅ နှစ်ဦးကတဲကပါ ။
ရွေးကောက်ပွဲပြီးသည်အထိ ပုံမှန်လေးလိမိ့နေရမည့်သဘောပါဘဲ...
လွှတ်တော်ကိုယ်စားလှယ်လောင်းကိစ္စကတော့ နှစ်ဖက်လုံးမှာ ပြသနာပေါင်းစုံပါဘဲ
အစိုးရအဖွဲ့အနေနဲ့ နားလည်သဘောပေါက်ရမှာကတော့ ခုချိန်ဟာဘာပြသနာမှမဖြစ် ၊ အသံဗလံမထွက်ဘဲ ပုံမှန်ကလေးဘဲ လိမ့်သွားရမယ်ဆိုတာသိသင့်ပါတယ်။
ဆိုလိုတာက ပြသနာကိုမီးမွှေးပေးမည့် အပြောအဆို၊အပြုအမူတွေ မလုပ်မိဖို့ပါဘဲ ။ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအခြေအနေဟာ အထိမခံ ကြွေပန်းကန် လို့ဖြစ်နေတာကို သတိထားမိဖို့လိုပါတယ်။
မကြာခင်က ကျမ္မာရေးဝန်ကြီးဌာနမှာဖြစ်တဲ့ကိစ္စမျိုးဟာ မီးတောက်ကြီးတခုသဖွယ်ဖြစ်သွားနိုင်သလို့. အစိုးရနဲ့ပါတီရဲ့ပုံ၇ိပ်ကို အကြီးအကျယ်ထိခိုက်နိုင်လို့ပါဘဲ ။ မိမိရဲ့ဝန်ထမ်းအဖွဲ့အကြီးအကဲကစလို့ ၀နိကြီးနဲ့သမ္မတ အဆုံး ပြသနာဖြစ်နိုင်တာတွေကိုရှောင်ရပါလိမိ့မယ်။
အေးအေးလေးပုံမှန်လိမ့်နေဖို့ ထိမ်းသိမ်းရပါမယ် ။
အမှားတခုဖြစ်ရင်ဆူပူအုံကြွမှု့ဖြစ်ပြီး တပိမတော်က ခြေဥအတိုင်းဝင်ထိမ်းရတဲ့အထိဖြစ်နိုင်တယ်ဆိုတာသတိပြုရပါမယ်..
ဒါကြောင့် ဗိုလ်ချုပ်ပြောသလို ခပ်နာနာလေးပြောရရင်ဖြင့်.....
ခင်ဗျားတို့. ဖင်မယားကြပါနဲ့..လို့
Starshinester

Tuesday, August 18, 2015

ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ

ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ

နိုင်ငံတော်သမ္မတကြီးက လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ပြည်သူတွေကို အမြန်ပြန်ပေးဖို့ လက်အောက်ကို ညွှန်ကြားထားပြီး သားဗျ။ ခက်တာက ကျွန်တော်တို့ဆီက ဝန်ထမ်းအများစုဟာ အရင်ခေတ်ဟောင်း စနစ်ဟောင်းက အမူအကျင့်ဟောင်းတွေကိုမဖျောက်နိုင်သေးတာပဲ လို့ မြောင်းမြမြို့၊ ဂုန်နီစက်ရုံအနီးရှိ ဥယျာဉ်ခြံ အသိမ်းခံထားရပြီး ဒီကနေ့အချိန်အထိ ပြန်မရသေးတဲ့ ခြံပိုင်ရှင် တစ်ဦးကပြောပါတယ်။
နိုင်ငံတော်သမ္မတကြီးက ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ရက်စွဲ၊
စာအမှတ်၊ ၁၀၇ (၁) / ၈ / သမ္မတရုံး၊ “လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက်ဆောလျင်စွာရှင်းလင်းရန်ဆိုတဲ့ခေါင်းစဉ်နဲ့ပြည်ထောင်စုလွှတ်တော်နာယကထံပေးပို့ထားတဲ့စာမိတ္တူကိုလည်းလယ်သမားတွေလက်ထဲမှာတွေ့ရပါတယ်။၁၉၈၂ ခုနှစ်က မြောင်းမြဂုန်နီစက်ရုံတည်ဆောက်စဉ်က သိမ်းယူခဲ့တဲ့လယ်ယာမြေ(၃၈၃.၃၃)ဧကမှာစက်ရုံအဆောက်အအုံများ၊ဝန်ထမ်းအိမ်ရာများဆောက်လုပ်ထားခြင်းမရှိတဲ့ ပိုလျှံမြေတွေရှိပါတယ်။အဲဒီပိုလျှံမြေ ဧက ၄၀ ဝန်းကျင်ဟာ လ/န - ၃၉ ကျပြီးဖြစ်တဲ့အတွက် လ/န - ၃၉ ပယ်ဖျက်ပေးပြီးသိမ်းဆည်းစဉ်ကပိုင်ဆိုင်ခဲ့တဲ့တောင်သူတွေထံပြန်ပေးမယ်လို့မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းကပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ထုတ် Daily ELEVEN သတင်းစာမှာဖေါ်ပြထားပါတယ်။
ပြန်ပေးမယ်ပြောတာကကြာလှပြီ၊ အခုထက်ထိမရသေးဘူးဗျ။
အဓိကကတော့လက်ရှိစက်ရုံမှူးဦးစိုးသိမ်း၊မြေတိုင်းစာရေးဦးဝင်းဇင်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မရိုးသားဘူးလို့ထင်တယ်။ စက်ရုံမှူးက ကျွန်တော်တို့ခြံရှင်တွေကို တစ်ခါခေါ်ပြီး ပြောဖူး တယ်။ ခင်ဗျားတို့ခြံတွေကို စက်ရုံကမစွန့်လွှတ်ဘူး။ ဒါ့ကြောင့်နောက်လာမယ့်စက်ရုံကိုလွှဲပေးရမှာလို့ဆိုတယ်လို့အမည်မဖေါ်လိုတဲ့ခြံရှင်တစ်ဦးကပြောပြပါတယ်။လက်ရှိစက်ရုံကို မက်ဂိုအများပိုင်ကုမ္ပဏီက အစိုးရဆီကနေဆက်ခံထားပါတယ်။ အရင်အစိုးရလက်ထက်က စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ဦးစိုးသိမ်းဆိုသူဟာလက်ရှိကုမ္ပဏီပိုင်စက်ရုံမှာလည်းစက်ရုံမှူးအဖြစ်ပြန်လည်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။လယ်သမားတွေနစ်နာမှုကိုပြေလည်တဲ့အထိ ကျွန်တော်ဆောင်ရွက်သွားမှာပါ။မြောင်းမြ မှာ လယ်ယာမြေအမှုပေါင်း ၁၀၀၀ ကျော်ရှိတယ်ဗျ။ကျွန်တော်ကအရင်ကမြောင်းမြNLDဥက္ကဌပါ။ လယ်သမားတွေရဲ့မြေယာကိစ္စတွေလိုက်လံဆောင်ရွက်ရတာလွတ်လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင်လို့ ပါတီကနေထွက်လိုက်တယ်။လို့လယ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဖြစ်လည်းဟစ်တိုင်ဂျာနယ်၊မြောင်းမြသတင်းထောက် ဦးစစ်အောင်ကပြောပြပါတယ်။
၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က တောင်သူ/ လယ်သမားတွေရဲ့ ခြံတွေ၊ လယ်ယာမြေတွေပြန်မရသေးတဲ့အတွက် ဦးစစ်အောင်ခေါင်းဆောင်ပြီးလယ်သမားတွေဆန္ဒထုတ်ဖေါ်တောင်းဆိုဖို့ စီစဉ်ခဲ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိန်၊ မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးတင်ဝင်းနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက လယ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ပြေလည်အောင်ဖြေရှင်းပေးပါ့ မယ်ဆိုလို့ ပြောဆိုခဲ့တာကြောင့် ဆန္ဒဖေါ်ထုတ်ပွဲကျင်းပမယ့် အစီအစဉ်ကို ယာယီဆိုင်းငံ့ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်းမှာမြို့နယ်အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းတွေ နဲ့ မြေစာရင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ အတွက် သိမ်းဆည်းခံလယ်ယာမြေ သုံးပုံနှစ်ပုံလောက်တော့ ပြန်ရပြီဖြစ်ကြောင်း ဦးစစ်အောင်ပြောကြားချက်အရ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီမြို့နယ်အာဏာပိုင်တွေ ဆောင်ရွက်ပေးလို့ သုံးပုံတစ်ပုံလောက်ပြန် ရကြတယ်ဆိုတာလည်း မှန်ပါတယ်။ ဒီ အတွက်လည်း မြို့နယ်အာဏာပိုင်တွေ ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အကုန်ပြန်မရသေးဘူး။ ဒီတော့ ကွက်ကျားမိုးလို ဖြစ်နေ တာပေါ့ဗျာ။ မြန်မာနိုင်ငံတစ်ဝန်းလုံး နေရာတော်တော်များများမှာ ပြန်ပေးနေကြပြီ။ ကျွန်တော်တို့မြောင်းမြကဘာဖြစ်လို့မရရမှာလဲ။မရရင်ရတဲ့အထိဆန္ဒထုတ်ဖေါ်သွားမှာပါလို့လယ်သမားအရေးတက်ကြွလှုပ်ရှားသူဦးစစ်အောင်ကပြောပါတယ်။ဂုန်နီစက်ရုံအနီးမှာရှိပြီးစက်ရုံအဆောက်အအုံ၊ဝန်ထမ်း/အလုပ်သမားလိုင်းခန်းတွေနဲ့ လွတ်ကင်းနေတဲ့ ဥယျာဉ်မြေဖြစ်ပေမဲ့ မြေဧက ၄၀ ဝန်းကျင်လောက်ကို အခုအချိန် အထိအာဏာပိုင်တွေက ပြန်မပေးသေးဘူးလို့သိရပါတယ်။၁၉၈၂ခုနှစ်မြေသိမ်းယူစဉ်ကမူလခြံပိုင်ရှင်ဖြစ်သူတွေအများစုတောင်ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။လက်ရှိကျန်ရစ်ခဲ့တဲ့သားသမီးတွေကဆက်လက်နေထိုင်လုပ်ကိုင်ရင်းပြန်လည်တောင်းခံလျှောက်ထားကြရတာပါ။
ဦးတောင်ပိန်း(ခ)ဦးမြသိန်းရဲ့မြေကိုသားဖြစ်သူဦးတင်မောင်ကလည်းကောင်း၊ဦးကံပေါ်ရဲ့မြေကိုမြေးဖြစ်သူကလည်းကောင်း၊ဦးမြမောင်ရဲ့မြေကို သားဖြစ်သူ ဦးအုန်းသွင်ကလည်းကောင်း၊ ဒေါ်ညွန့်တင်ရဲ့မြေကို သားဖြစ်သူ ဦးအုန်းသွင်က လည်းကောင်း၊ဒေါ်ညိုဒွေးရဲ့မြေကိုသားဖြစ်သူဦးစိုးတင့်ကလည်းကောင်း၊ဦးတင်ရွှေရဲ့မြေကိုသားဖြစ်သူဦးဖိုးမြိုင်ကလည်းကောင်း ပြန်လည်လျှောက်ထားကြရပါတယ်။အဲဒီမူလပိုင်ရှင်၆ဦးရဲ့စုစုပေါင်းမြေဧကဟာဧက၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။၁၉၈၂ခုနှစ်စသိမ်းစဉ်ကတည်းကဘာလျော်ကြေးမှမရခဲ့ကြဘူးလို့ဆိုပါတယ်။နှစ်ပေါင်း၃၃နှစ်ကျော်ကြာသိမ်းဆည်းခံထားရတဲ့အတွက်မူလမြေပိုင်ဆိုင်မှုအထောက်အထားတွေလည်းမရှိကြတော့ပါဘူး။ ဒါပေမဲ့ သူတို့အားလုံးမှာ စာရွက်စာတမ်းထက်ခိုင်မာတဲ့ အထောက်အထားကတော့ သစ္စာတရားပါပဲ။
ဘယ်သူ့မြေကိုမှ မတော်မတရား မလိုချင်ပါဘူးကွာ။ ငါတို့မြေကိုသာ အသိမ်းခံထားရ တာပါ။ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေပြန်ပေးတော့မယ်ဆိုတဲ့သတင်းကြားတော့ကိုယ်ပိုင်တဲ့မြေထဲကိုသူစိမ်းတချို့ကလာပြီးကျူးကျော်နေပြန်ရော။ခင်ဗျားတို့မြေမဟုတ်ဘူး၊စက်ရုံပိုင်မြေဆိုတဲ့သဘောပေါ့လေလို့ ဦးတောင်ပိန်းရဲ့သားဖြစ်သူ ဦးတင်မောင်က ပြောပြပါတယ်။စနစ်ဆိုးတစ်ခုဟာ အကာအကွယ်မဲ့တဲ့ ပြည်သူလူထုရဲ့မြေကို သိမ်းပိုက်ရုံသာ မက ပြန်ပေးမယ်ဆိုပြီး ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းမလုပ်ပေးသေးတဲ့အတွက်အချောင်သမားတွေနဲ့မူလမြေပိုင်ရှင်ရဲ့သားသမီးတွေကိုရန်တိုက်ပေးသလိုလည်း ဖြစ်နေ ပါတယ်။ မဆလအစိုးရလက်ထက်၊ စစ်အစိုးရလက်ထက်မှာ လယ်ယာမြေတွေ ကို နိုင်ငံတော်စီမံကိန်းဆိုတဲ့နာမည်တွေနဲ့သိမ်းချင်သလိုသိမ်းခဲ့တဲ့ဒဏ်ကိုပြည်သူလူထုဟာကျောကော့အောင်ခံခဲ့ကြရပါတယ်။
အဒေါ်တို့က နဂိုကတည်းက လယ်လုပ်တဲ့သူတွေဆိုတော့ လယ်ထဲကစပါးတွေကို ဒီခြံထဲမှာပဲ စုပုံရတယ်။ ခြံထဲမှာပဲ နွားတွေ ထားရတယ်။ လယ်ယာမြေတွေပြန်ပေး တဲ့အတွက် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူက အမိန့်ပေး လိုက်ပေမဲ့ အောက်ခြေကလူတွေကအမိန့်အတိုင်းအကုန်မလုပ်ကြဘူးဆိုတာသမ္မတကြီးကို သိစေချင်တယ်။ ဒီခြံမရှိဘဲနဲ့စပါးတွေဘယ်မှာသွားပုံမလဲ။သူများမြေလည်းတစ်လက်မမှမလိုချင်ဘူး။ကိုယ့်မြေကိုသာကိုယ်ပြန်လိုချင်တာ လို့ ဦးတင်မောင်ရဲ့ ဇနီးဖြစ် သူက ပြောပါတယ်။မြန်မာနိုင်ငံမှာ အာဏာအလွဲသုံးစားလုပ်မှုဆိုတာ အင်မတန်ကိုရိုးစင်းတဲ့ရိုးရာယဉ်ကျေးမှုတစ်ရပ်(တကယ်တော့ယဉ်ကျေးမှုဆိုတာထက်ရိုင်းစိုင်းမှုလို့သာခေါ်သင့်တာပါ။)ဖြစ်နေပါပြီ။စစ်အစိုးရလက်ထက်ကလည်း အာဏာပိုင်တချို့ဟာ မြို့နယ်အတွင်း မှာရှိတဲ့ လယ်ယာမြေ၊ ခြံမြေတွေကို စီမံကိန်းအကြောင်းပြ၊တပ်သစ်ဆောက်တာ အကြောင်းပြပြီး အမှန်တကယ် လိုအပ်တာ ထက်ပိုသိမ်း ဆည်းခဲ့ပါတယ်။ နောက်တော့ အဲဒီမြေပိုတွေကို လက်သိပ်ထိုးရောင်းစားသူ ကရောင်းစား၊ ရော်ဘာစိုက်ပြီး ပြန် ရောင်းတဲ့သူကရောင်းနဲ့ ပြည်သူ့ပိုင်ဆိုင်မှုကို ကိုယ့်မိဘဘိုးဘွားပိုင်လို သဘောထားပြီး ထင်တိုင်းကျဲခဲ့သူတွေ အများအပြားရှိပါ တယ်။ တစ်ခုခု စောဒကတက်တာနဲ့နိုင်ငံတော်၊နိုင်ငံတော်နဲ့ကိုင်ပေါက်လေ့ရှိတာကြောင့်ရိုးသားတဲ့သာမန်ပြည်သူတွေခမျာဘာမှန်းသိဘဲ အဲဒီ နိုင်ငံတော်ဆိုသဟာကြီးကိုကြောက်တာနဲ့ပဲ တိတ်ဆိတ်ငြိမ်သက်စွာ လှည့်ပြန်လာခဲ့ကြရပါတယ်။
မြေတွေ ဘယ်တော့ပြန်ပေးမှာလဲလို့မေးတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးကိုမေး
ရင်လည်း ဟိုလိုလို ဒီလိုလို၊ မြေစာရင်းမေးရင် လည်း ဟိုလိုလို ဒီလိုလိုနဲ့ချည်းပဲ အဖျားရှုးရှုးသွားတယ်။ ဒီကြားထဲ စက်ရုံမှူးကခင်ဗျားတို့မြေတွေကစက်ရုံဝယ်လိုက်တဲ့ကုမ္ပဏီ ကိုလွှဲပေးရမှာလို့ပြောသေးတယ်။ အဲဒီ စက်ရုံမှူးကလည်း အရင်အစိုးရလက်ထက်ကတည်းကစက်ရုံမှူးလုပ်ခဲ့သူပဲ။ကုမ္ပဏီကိုလွှဲလိုက်တော့ကုမ္ပဏီမှာပြန်ပြီးစက်ရုံမှူးခန့်ထားတာ။ကျွန်တော်တို့ထင်တာတော့ဟိုဘော်လီဘောပုတ်လိုက်ဒီဘော်လီဘောပုတ်လိုက်လုပ်နေတာစက်ရုံမှူး၊မြေစာတိုင်းစာရေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီး မတော်မတရားလုပ်နေတယ်လို့ပဲ ထင်တယ်။ အဲဒီလိုပဲ ခံစားနေရတယ် လို့ အမည်မဖေါ်လိုတဲ့ ခြံရှင်တစ်ဦးက ပြောပါတယ်။
စက်ရုံဝင်းထဲမှာလည်းမရှိ၊စက်ရုံအဆောက်အအုံနဲ့လည်းမပတ်သက်၊စက်ရုံဝန်ထမ်း၊ အလုပ်သမားနေအိမ်တွေနဲ့လည်း အဆက်အစပ်မရှိတဲ့မြေတွေကို စက်ရုံက မစွန့်လွှတ်ဘူးလို့ပြောတာဟာ လက်ရှိ ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ စက်ရုံမှူး တစ်ဦးတည်း သဘောနဲ့ဆုံးဖြတ်လို့ရပါသလားဆိုတာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။
နိုင်ငံတော်အကြီးအကဲတွေကနိုင်ငံတော်အကျိုးငှာဆက်လက်အသုံးပြုခြင်းမရှိတော့တဲ့လယ်ယာမြေတွေကိုမူလလုပ်ကိုင်သူတွေလက်ထဲပြန်ထည့်ပေးခဲ့သလိုပြန်ပေးဖို့လည်း အမိန့်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ် ငန်းတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်နေပေမဲ့ တချို့သောအာဏာပိုင်များဟာ အရင်တုန်းကအမူ အကျင့်ဟောင်းတွေ မပျောက်သေးတာတွေ့နေရပါတယ်။ ဒီလို တရွတ်ဆွဲလိုက်တဲ့ အာဏာပိုင်တချို့ရဲ့လုပ်ရပ်တွေဟာ နိုင်ငံတော်အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်စေနိုင်တယ်လို့ မြင်ပါတယ်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ မြေယာအမှုအခင်းကို ဆုံးဖြတ်ရမယ့် အဖွဲ့အဆင့် ဆင့်မှာ (က) တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်အဖွဲ့မှာ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်ကဥက္ကဌ၊(ခ)ခရိုင်အဆင့်အဖွဲ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ (ဂ)မြို့နယ်အဆင့်အဖွဲ့မှာမြို့နယ်အုပ်ချုပ်ရေးမှူးကဥက္ကဌ၊(ဃ)ကျးရွာအဆင့်အဖွဲမှာကျေးရွာအုပ် ချုပ်ရေးမှူးက ဥက္ကဌအဖြစ် အသီးသီး ခန့်အပ်ထားတာကို တွေ့ရပါတယ်။
ကျွမ်းကျင်ပညာရှင်တွေမပါတဲ့လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဟာ အထက်အမိန့်အဆင်ဆင့် ကို နာခံနေရတဲ့အဖွဲ့ဖြစ်တာမို့ စီရင်ဆုံး ဖြတ်တဲ့အခါ လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ အတွက် မြေယာအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေဘက်က ကျေနပ် ပြေငြိမ်းခြင်းမရှိဘဲ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ပေါက်နေရတာဖြစ်တယ်လို့ Purple Equity Law Firm က ရှေ့နေ ဦးဖိုးဖြူရဲ့ လယ်ယာမြေဥပဒေသုံးသပ်ချက်များနှင့် အငြင်းပွားမှုဖြေ ရှင်းရေး ကျင့်သုံးသင့်သော မူ (၃) ချက် စာအုပ်ထဲမှာသုံးသပ်ရေးသား ထားတာကို တွေ့ ရပါတယ်။
မြန်မာနိုင်ငံဟာ အင်္ဂလိပ်ရိုးရာဥပဒေစနစ် (Common Law System) ကျင့်သုံးတဲ့နိုင်ငံဖြစ် လို့ အင်္ဂလိပ်ဥပဒေဆိုရိုးစကားဖြစ်တဲ့ တရားသူကြီးသည် မိမိအမှုတွင် ဆုံးဖြတ်ခွင့်မရှိ (A judge cannot decide in his own cause.) ဆိုတဲ့ မူကိုလည်း လိုက်နာ ကျင့်သုံးဖို့ လိုကြောင်း ဦးဖိုးဖြူက ထောက်ပြထားပါတယ်။ နိုင်ငံတကာ တရားမျှတမှုမူများ (Principles of Justice) မှာလည်း နှစ် ဘက်ကြားနာခွင့်ပြုဖို့နဲ့ မိမိတရားမိမိ မစီရင်ဖို့ မူတွေချမှတ်ထားတယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် မြေသိမ်း အငြင်းပွားမှု ဘက်မှာ ဘက်တစ်ဘက်မှာပါဝင်နေတဲ့ အာဏာပိုင်ကိုယ်တိုင်က တရားသူကြီးအဖြစ်ဆောင်ရွက်ခွင့် ရရှိနေခြင်းဟာ ပြည်သူတွေ အတွက် ဘယ်နည်းနဲ့မှ တရားမျှတမှုကို ရနိုင်စရာအကြောင်း မရှိဘူးလို့ ဆိုပါတယ်။
တစ်ဆက်တည်းပြောရရင် လယ်ယာမြေ စီမံခန့်ခွဲမှုအဆင့်ဆင့်မှာ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ မှုခင်းကိစ္စတွေကို အမှုဖွင့်လှစ် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဦးဖိုးဖြူ က ထောက်ပြထားပါတယ်။ လယ်ယာမြေအငြင်းပွားမှုဆိုတာ ဥပဒေမဲ့မြေသိမ်းတာဖြစ်ပါတယ်။မြေယာလုပ်ပိုင်ခွင့်ပြဿနာ မဟုတ်ပါ။ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်ဟာ အဲဒီကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိသ ယောင်ယောင် ခပ်တည်တည်နဲ့ မှုခင်းတွေဖွင့်လှစ် ဆုံးဖြတ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၃ မှာ “ဤဥပဒေ အာဏာတည်ပြီး သည့်နောက် မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှုအရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှသာ တရားဝင် ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည် လို့ ပြဌာန်းထားပါတယ်။
ဒီ ပြဌာန်းချက်အရ (၁) အခု အငြင်းပွားနေတဲ့ မြေယာကိစ္စတွေဟာ ဒီဥပဒေအာဏာ သက်ဝင်ပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာတာ မျိုးဖြစ်ရမယ်။ (၂) အဲဒီမြေယာကို မှတ်ပုံ တင်ပြီးလည်း ဖြစ်ရမယ်။ (၃) မြေယာလုပ်ပိုင်ခွင့် အငြင်းပွားတာလည်းဖြစ်ရမယ်။အဲဒီအချက၃ချက်နဲ့ညီညွတ်မှကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာနနဲ့အဲဒီဌာနလက်အောက်ခံ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာ စီရင်ဆုံး ဖြတ်ခွင့်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးရွာမြေယာစီမံခန့်ခွဲမှု ဥက္ကဌအနေနဲ့ မြေယာလုပ်ပိုင်ခွင့်အပေါ် အငြင်းပွားတဲ့ ကိစ္စမှာ သာ စစ်ဆေးကြားနာ စီရင်ဆုံးဖြတ်နိုင်ပြီး တာဝန်ကျေစပါးမရောင်းလို့ အဓမ္မမြေသိမ်း ခံရတဲ့ကိစ္စ၊ လယ်ပြန် ငွေပြန် လယ်အပ်နှံပြီးငွေချေးလို့ လယ်ပြန်မပေးဘဲ မြေခွန် ပြေစာ ဦးပိုင်အမည်ပြောင်းတဲ့ကိစ္စ၊ စီမံကိန်းရောင်တော်ပြန် မြေယာသိမ်းတဲ့ကိစ္စ၊ လယ် အကျိုးတူလုပ်ငန်း(ContractFarming)အကြောင်းပြလယ်လိမ်သိမ်းတဲ့ကိစ္စ၊ဘာအကြောင်းပြချက်မှမရှိဘဲအာဏာပိုင်နဲ့ ခရိုနီ အချောင်ရလို့ သိမ်းတဲ့ကိစ္စ စတဲ့ ကိစ္စမျိုး တွေမှာ မြေယာစီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
ဒီလိုကိစ္စတွေဟာ“ဥပဒေမဲ့မြေယာသိမ်းဆည်းထားတာကိုတရားဥပဒေအရလက်ရောက်နှင့်မူလလက်ငုတ်အခွင့်အရေးရရှိရန်မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍အငြင်းပွားခြင်းသာဖြစ်တယ် လို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၂၂ ကို ကိုးကားပြီး ဦးဖိုးဖြူက ပြောပါတယ်။မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မှတ်ပုံတင်ပြီးမြေယာအတွက် အငြင်းပွားမှုအရှုပ်အရှင်းကိုကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနအသီးသီးက ဖြေရှင်းခွင့်ရှိတယ်လို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၃ မှာ ပြဌာန်းထားတဲ့အတွက် မြေယာလုပ်ပိုင်ခွင့် နဲ့ စပ်လျဉ်းတဲ့ အငြင်းပွားမှုမဟုတ်တဲ့ မှတ်ပုံတင်ပြီးမြေယာဖြစ်စေ၊မှတ်ပုံမတင်ရသေးတဲ့မြေယာဖြစ်စေကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှာဖြေရှင်းခွင့်မရှိဘူးလို့ဆိုပါတယ်။ဒီလိုပဲဒီအငြင်းပွားမှုမျိုးကိုကျေးရွာအဆင့်ရှိတဲ့မြေယာစီမံခန့်ခွဲမှုကော်မတီအနေနဲ့လည်းစီရင်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၇ (ဂ) အရ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ပင်လျှင် မြေယာလုပ်ပိုင်ခွင့်ကိုရောင် ခြင်း၊ ပေါင်ခြင်း၊ ငှားခြင်း၊ လဲလှယ်ခြင်း၊ ပေး ကမ်းခြင်းတို့အပေါ်တွင်သာ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ပြုလုပ်ရန်တာဝန်ရှိတယ်လို့ဆိုပါတယ်။ဥပဒေအရဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်ပင်လျှင် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သာ ဆောင်ရွက်ခွင့်ရှိပြီး တရားမ ဥပဒေကြောင်းအရ လက်ငုတ်ဖြစ်ခြင်း၊ လက်ရောက်အခွင့်အရေးဆိုင်ရာတရားဝင်မှုအခြေအနေများနဲ့ဥပဒေမဲ့ မြေသိမ်းလွှဲပြောင်း မှုခင်းများကို စီရင်ဆုံးဖြတ်ဖို့ အာဏာ အပ်နှင်းထားခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
အခုလို စက်ရုံမှူးဆိုသူက ပြည်သူဆီကသိမ်းထားတဲ့ လယ်ယာမြေတွေ ဥယျာဉ်ခြံမြေတွေ ကို ပြန်လည်စွန့်လွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ပြောခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးလယ်ယာမြေဥပဒေနှင့်လယ်ယာမြေနည်းဥပဒေအရထုတ်ပြန်ထားတဲ့ နစ်နာကြေး နဲ့ လျော်ကြေးကိစ္စတွေကို ကောက်နှုတ်တင်ပြလိုပါတယ်။
လယ်ယာမြေဥပဒေပုဒ်မ၂၆အရ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာ မူ နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေသိမ်းယူသည့်လယ် ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့် တိုးတက် ကောင်းမွန်စေရန်ပြုပြင်ခြင်းအပါအ၀င်မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူဆောင်ရွက်ထားသည့်ကိစ္စရပ်များအတွက် နစ်နာမှုလုံးဝမရှိစေ ရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည်လို့ပြဌာန်းထားပါတယ်။
လယ်ယာမြေနည်းဥပဒေအခန်း(၈) မှာ “နစ်နာကြေးနှင့်လျော်ကြေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်း စနစ်များကိုပြဋ္ဌာန်းသတ်မှတ် ထားပြီးဖြစ်ပါတယ်။ နည်းဥပဒေပုဒ်မ ၆၆ မှာ “နိုင်ငံတော်အတွက် နိုင်ငံတော်အကျိုးငှာ သိမ်းယူသည့်ကိစ္စရပ်များတွင်နစ်နာကြေးနှင့်လျော်ကြေးရထိုက်ခွင့်ရှိသည့်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအားနစ်နာကြေးနှင့်လျော် ကြေးကို နိုင်ငံတော် ကပေးရမည် လို့ ဖေါ်ပြထားပါတယ်။
နည်းဥပဒေပုဒ်မ ၆၇ မှာ “မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၆၆ အရ နိုင်ငံတော်ကပေးသည့် နစ်နာကြေးနှင့်လျော်ကြေးပမာဏကိုနစ်နာကြေးနှင့်လျော်ကြေးပေးဆောင်ရန်တွက်ချက်မှု(ပုံစံ၁၂)ဖြင့်အောက်ပါအတိုင်း စိစစ်တွက် ချက်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် နေပြည်တော်ကောင်စီသို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့မှတစ်ဆင့်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြရမည်လို့ဖေါ်ပြထားပါတယ်။
(က) သီးနှံနှင့်အဆောက်အအုံအတွက်နစ်နာကြေး -
(၁) လက်ရှိစိုက်ပျိုးထားသည့်စပါးနှင့် အခြားရာသီသီးနှံများအတွက် တစ်ဧကပျမ်းမျှ အထွက်နှုန်းကို အခြေခံလျက်ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏သုံးဆ၊
(၂) စိုက်ပျိုးထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုးကို အခြေခံလျက် ဒေသ၏ ကာလ ပေါက်ဈေးဖြင့်တွက်ချက်သောတန်ဖိုး၏သုံးဆ၊
(၃) လယ်ယာမြေတွင်အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန်ပြုပြင်ခြင်း အပါအဝင် အခြား ဆောင်ရွက်ချက်များအတွက် ဒေသ၏ကာလပေါက်ဈေးဖြင့် တွက်ချက်သောတန်ဖိုး၏နှစ်ဆ။
(ခ) မြေအတွက်လျော်ကြေး -
(၁)နိုင်ငံတော်၏ရေရှည်အမျိုးသားရေးအကျိုးစီးပွားအလို့ငှာငွေကြေးအကျိုးအမြတ်ဖြစ်ထွန်းနိုင်မှုမရှိ သောတည်ဆောက်ရေးလုပ်ငန်းနှင့် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အ သုံးပြုခြင်းဖြစ်လျှင် သိမ်းယူခြင်းခံရသည့် လယ်ယာမြေ အတွက် ဒေသ၏ကာလပေါက် ဈေးဖြင့် တွက်ချက်သောတန်ဖိုး၊
(၂)နိုင်ငံတော်၏ရေရှည်အမျိုးသားရေးအကျိုးစီးပွားအလို့ငှာငွေကြေးအကျိုးအမြတ်ဖစ်ထွန်းနိုင်မှုရှိသောစီးပွားရေးလုပ်ငန်းအတွက်အသုံးပြုခြင်းဖြစ်လျှင်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူနစ်နာမှု မရှိစေရေးအတွက် ညှိနှိုင်းသဘောတူညီသည့် ငွေကြေးပမာဏ သို့မဟုတ် ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့ကဖွဲ့စည်းပေးသော လျော်ကြေးငွေ သတ်မှတ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ဆုံးဖြတ်သည့်ဒေသ၏ကာလပေါက်ဈေးဖြင့်တွက်ချက်သောတန်ဖိုးအောက် မနိမ့် သည့် ငွေကြေးပမာဏ -
နည်းဥပဒေပုဒ်မ ၆၈ မှာ လယ်ယာမြေသိမ်းယူခြင်းခံရသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ နစ်နာမှုမရှိစေရေးအတွက် နစ်နာ ကြေး၊ လျော်ပေးခြင်းနဲ့ တခြားသင့်လျော်တဲ့ နည်းလမ်းနဲ့စီမံဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး -
(က) ကျေနပ်မှုမရှိသဖြင့် တိုင်ကြားမှုများပေါ်ပေါက်လာလျှင် နေပြည်တော်ကောင်စီသို့မဟုတ် သက်ဆိုင်သည့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် ပြဋ္ဌာန်း ထားသော ဥပဒေများ နှင့် ညီညွတ်စွာ ပြီးပြတ်အောင်စိစစ်ဆုံးဖြတ် ဆောင်ရွက်ပေးရမည်။
(ခ) နည်းဥပဒေခွဲ (က) အရဆောင်ရွက်ရာတွင် လိုအပ်ချက်ရှိလာပါကဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလိုညှိနှိုင်းပေါင်းစပ်ကြီးကြပ် ဆောင်ရွက်ပေးရမည် လို့ ဖေါ်ပြထားပါတယ်။
ဒါ့ကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ/ နည်းဥပဒေတွေအရ နိုင်ငံတော်ရဲ့ အကျိုး အတွက် လယ်ယာမြေကို သိမ်းဆည်းမယ်ဆိုရင်တောင်အရင်လိုအလကားသိမ်းချင်တိုင်းသိမ်းလို့မရပါဘူး။သီးနှံနှင့်အဆောက်အအုံအတွက်နစ်နာကြေးတွေ၊မြေအတွက်လျော်ကြေးတွေကိုဥပဒေနဲ့အညီပေးလျော်ရမှာဖြစ်ပါတယ်။၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအရ မြေယာလုပ်ပိုင်ခွင့်နဲ့စပ်လျဉ်းတဲ့အငြင်းပွားမှုမဟုတ်တဲ့မှတ်ပုံတင်ပြီးမြေယာဖြစ်စေ၊မှတ်ပုံမတင်ရသေးတဲ့မြေယာဖြစ်စေ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေနဲ့ရောကျေးရွာအဆင့်ရှိတဲ့မြေယာစီမံခန့်ခွဲမှုကော်မတီအနေနဲ့ရောဆုံးဖြတ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့အကြောင်း ကို ရှေ့နေဦးဖိုးဖြူက ထောက်ပြ ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ရှေ့နေဦးဖိုးဖြူထောက်ပြထားသလိုမြန်မာနိုင်ငံကအာဏာပိုင်တချို့ဟာအရင်ကအမူအကျင့်ဟောင်းတွေအတိုင်း မိမိတို့စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စရပ်တွေမှာ ခပ်တည် တည်နဲ့စီရင်ဆုံးဖြတ်နေကြ တာကို တွေ့ရမှာဖြစ်ပါတယ်။ အကုသိုလ်ကအသားကျနေတော့အကုသိုလ်ဖြစ်လည်းဂရုမစိုက်တော့ပါဘူး။ဒီလိုအကျင့်ပျက်အာဏာပိုင်မျိုးတွေအတွက်အကောင်းဆုံးနည်းကတော့မိမိစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အရေးကိစ္စတွေမှာဝင်ရောက်စီရင်ဆုံးဖြတ်တဲ့ အာဏာပိုင်တွေကိုပြင်းပြင်းထန်ထန်အရေးယူနိုင်တဲ့ဥပဒေမျိုးထည့်သွင်းရေးဆွဲထားခြင်းနဲ့သာအများ ပြည်သူအကျိုးကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်။လှော်တက်တွေအများကြီးနဲ့အကျင့်ပျက်ဝန်ထမ်းတွေကိုဘယ်လိုအရေးယူမယ်ဆိုတဲ့ခိုင်မာတဲ့ဥပဒေရှိဖို့လိုပါတယ်။ဒီလိုမှမဟုတ်ရင်တော့ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာလည်း ပြည်သူကို ဘာမှအကျိုးမပြုတဲ့ အမည်ခံပြုပြင်ပြောင်းလဲရေးသာ ဖြစ် နေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရဲကျော်သူရ

သွေးညှီနံ့နံတဲ့လက်တွေနဲ့သီတဲ့စပယ်ကုံးတွေ မမွှေးရ

သွေးညှီနံ့နံတဲ့လက်တွေနဲ့သီတဲ့စပယ်ကုံးတွေ မမွှေးရ
မုတ်သုန်မိုးရဲ့အငြိုးကတိမ်တမန်သီချင်းဖွင့်နားမထောင်ရဲလောက်အောင်ပြင်း ထန်လွန်းလှတော့ ဘယ်အချိန်တုန်းကမှ မိုးဒဏ်ဒီလောက်မခံစားခဲ့ကြဖူးတဲ့အထက်အညာတစ်ခွင်ခမျာကုန်းခေါင်ခေါင်ကပင်လယ်ဖြစ်လို့။ဒုက္ခတွေပင်လယ်ဖြစ်လို့။တစ်နိုင်ငံလုံးဆူညံပွက်လောရိုက်။ ကဗျာဆရာ အောင်ဘညိုရဲ့ ပင်လယ်ရဲ့အော် သံ။ လေးဖြူရဲ့ပင်လယ်အော်သံ။ ပွက်ပွက်ညံထ၊ သဘာ ဝဘေးအန္တရာယ်တဲ့။ Flood တဲ့။ Natural Disaster တဲ့။
မြို့တွေ၊ ရွာတွေ၊ လယ်၊ ယာ၊ ကိုင်း၊ ကျွန်းတွေ ရေအောက်ရောက်၊ လမ်းတွေပျက်လို့ တံတားတွေကျိုး ဆိုးလိုက်တဲ့ ဒုက္ခ။ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုဆင့်ကာဆက်တိုကရွာလိုက်တဲ့မိုး။စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရေဘေးသင့်ပြည်သူတွေအသက်လုပြေးကြရတဲ့သတင်းတွေရုပ်သံ၊ရေဒီယို၊သတင်းစာ၊ဂျာနယ်တွေကအစလူမှုကွန်ရက်အဆုံးရေဘေးသတင်းတွေသာဖုံးလွှမ်းနေခဲ့။ အဲဒီနောက်တော့ အညာကကျရေနဲ့အတူ မုတ်သုန်မိုးရဲ့ အငြိုးကို ဆက်ခံကြရတာ က မြစ်ဝကျွန်းပေါ်ဒေသတချို့က ပြည်သူတွေ။
ရေစကြီးပြီဆိုကတည်းက တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်တွင်းက လူမှုရေး အသင်းအဖွဲ့တွေ မနားမနေ ကယ်ဆယ် ရေးလုပ်ငန်းတွေဆောင်ရွက်နေကြတာ ဒီကနေ့ အထိပဲဆိုပါတော့။ ကောလင်းဘက်မှာထင်ရဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ရဲ တပ်ဖွဲ့ဝင်တစ်ယောက် အသက်စွန့်သွားရတယ်လို့ သတင်းကြားတော့ ကြားရတဲ့သူ အပေါင်း ကိုယ့်မိသားစုဝင်တစ်ဦးသေဆုံးသွား သလို ခံစားကြရရဲ့။ ပြည်သူ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း သေဆုံးရတာမဟုတ်လား။
တပ်မတော်သားတွေ၊ရဲတပ်ဖွဲ့ဝင်တွေ၊ကြက်ခြေနီရဲဘော်တွေရင်ခေါင်းထိမြှုပ်နေတဲ့ရေပြင်ကျယ်ကြီးမှာ ရွာသားတွေရဲ့ ပစ္စည်းတွေသယ်ယူရွှေ့ပြောင်းပေးကြ၊ထမင်းထုပ်တွေလိုက်ဝေကြ၊အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေ၊ စောင်တွေ လိုက်ဝေကြ။ရေဘေးသင့်ဒေသခံပြည်သူတွေကကျေးဇူးတွေတင်ကြ။အပြန်အလှန် ထမင်းတွေချက်ပြုတ်ကျွေးမွေးကြ။ အရာရှိတွေကိုယ်တိုင်မခိုမကပ်ပေါက်ပြားကိုင်၊ဂေါ်ပြားကိုင်၊ကိုဝေဠုကျော်တို့ပရဟိတသမားတွေနဲ့အတူတဆန်အိတ်တွေထမ်းပို့ကြ။ပြည့်အရေးမှာလက်မနှေးပဲစစ်သားပီပီမိမိတို့သက်ဆိုင်ရာစစ်တိုင်းတွေအလိုကရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်သလို ဖြည့်ဆည်းဆောင် ရွက်ပေးနေ ကြတဲ့ တပ်မတော်သားတွေရဲ့ပုံရိပ်တွေ။
ဒေသခံတွေကကျေးဇူးတင်ကြသလိုလူမှုကွန်ရက်ထဲမှာလည်းပ်မတော်သားတွေရဲ့ဆောင်ရွက်ချက်တွေကိုချီးကျူးကြတဲ့သူတွေတစ်ပုံတစ်ပင်ပါပဲ။ဒါပေမဲ့လည်းရိုးရာမပျက်ဆိုသလိုစစ်သားမှန်ရင်ဘယ်တော့မှအကောင်းမမြငမျက်မုန်းကျိုးနေသူတစ်စုဆီကအမနာပသံတွေကိုလည်းကြားရတာပေါ့။သိကြားမင်းဆင်းကယ်ရင်တောင်ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြန်လည်ထူထောင်ရေးပစ္စည်းတွေ လုံလုံလောက်လောက် ယူမလာရကောင်းလားလို့ အပြစ်တင်မယ့်လူစားမျိုးတွေရဲ့ အပြောအဆိုတွေကို တော့ ဘာမှထူးပြီး မဝေဖန်လိုပါဘူး။ဒါပေမဲ့ သြဂုတ်လ ၇ ရက်နေ့ထုတ် 7 DAY DAILY မှာပါတဲ့ ဆရာမောင်သာချိုရဲ့ “လမ်းပေါ်က လူငယ်တွေကို အလေးပြု ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတဲ့အခါ ကျွန်တော့်မှာ အံ့သြတာထက်တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုလို ဝမ်းနည်းကြေကွဲစွာ ခံစားလိုက် ရပါတယ်။ ဆရာမောင်သာချိုက ရေဘေးကယ်ဆယ်ရေးအတွက် နည်းမျိုးစုံနဲ့ အလှူခံ ထွက်ပြီး ပရဟိတလုပ်နေတဲ့ ကျောင်းသား တွေ၊ လူငယ်တွေကို တလေးတစား ဂုဏ်ပြုပြီး ရေးထားတာပါ။
ကျောင်းသားတွေ၊ လူငယ်တွေကို ဂုဏ်ပြုရေးသားထားတာ အင်မတန်မှကောင်းပါတယ်။ ဆရာ့လိုပဲ ကျွန်တော်လည်း အဲဒီ ကျောင်းသားတွေ၊ အဲဒီလူငယ်တွေအတွက် ဂုဏ်ယူ ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဆင်ပြေရင်ပြေသလို အလှူခံနေတဲ့ လူငယ်လေးတွေကို လှူခဲ့တန်းခဲ့တာပါပဲ။ ကျွန်တော်တို့လို အချိန်အများကြီးမပေးနိုင် တဲ့သူတွေအစား အဲဒီကျောင်းသားလေးတွေ၊အဲဒီလူငယ်လေးတွေကအချိန်ပေးပြီးအခုလိုပရဟိတလုပ်ငန်းတွေကိုအားတက်သရောလုပ်နေကြတာတကယ့်ကိုလေးစားစရာကောင်းပြီးကျေးဇူးလည်းတင်စရာပါ။ဒါပေမဆရာမောင်သာချိုဆောင်းပါးဆုံးခါနီးမှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် မိုးထဲရေထဲမှာ လူနဲ့မတူအောင်ပင်ပန်း နွမ်းနယ်စွာ အလုပ်လုပ်နေရတဲ့ တပ်မတော် သားတွေကိုယ်စား ရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတယ်။ ဆရာ့စာဆုံးခါနီး မှာ “ဆယ်ဖို့။ နစ်နေတဲ့လူထုကိုဆယ်ဖို့။နစ်နေတဲ့တိုင်းနဲ့ပြည်နယ်ကိုဆယ်ဖို့။တိရိစ္ဆာန်တွေကပရဟိတမလုပ်ဘူး။လူကပရဟိတလုပ်တယ်။ လူငယ်က ပိုပြီးလုပ်တယ်။ ဆိုတဲ့ စာသားလေးပါ။
ရေဘေးသင့်ဒေသတွေမှာတပ်မတော်သားတွေပင်ပင်ပန်းပန်းကူညီဆောင်ရွက်ပေးနေတာကဘယ်သတင်းမီဒီယာကမှ တခုတ်တရမရေးပါဘူး။ ဒီလိုပဲ တပ်မတော်သားတွေ မိုးထဲရေထဲမှာ ပင်ပန်းကြီးစွာ ကူညီဆောင်ရွက်ပေးနေတာကို ဆရာ့အနေနဲ့ဘာမှစာတစ်စောင်ပေတစ်ဖွဲ့မရေးလို့လည်းကျွန်တော်အပြစ်မတင်လိုပါဘူး။ဒါပေမဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်အခုလိုမိုးထဲရေထဲမှာရေဘေးသင့်ပြည်သူတွေကိုကယ်ဆယ်ရွှေ့ပြောင်းအကူအညီပေးနေတဲ့တပ်မတော်သားတွေရဲ့စေတနာကိုစော်ကားသလိုအရေးအသားမျိုးတော့မရေးသင့်ဘူးပေါ့ဆရာရယ်။“တိရိစ္ဆာန်တွေကပရဟိတမလုပ်ဘူး။ လူက ပရဟိတလုပ် တယ်။ ဆိုတာ ဆရာဘာကိုဆိုလိုမှန်း လူတိုင်းသိပါတယ်ဆရာ။
ကျွန်တော်ကစစ်တပ်လုပ်သမျှအကုန်မျက်စိမှိတ်ထောက်ခံနေသူတစ်ယောက်တော့မဟုတ်ပါဘူး။စစ်အုပ်ချုပ်ရေးကာလက အမှားတွေကို ထောက်ပြဖူးသလို လက်ရှိ တပ်မတော်ထဲက ကမောက်ကမဖြစ်နေတဲ့ ကိစ္စတွေကို ထောက်ပြလို့ တချို့အရာရှိတွေကျွန်တော့်ကိုကြည့်မရတာလူမှုကွန်ရက်မှာတော်တော်များများသိကြပါတယ်။ဒါပေမဲ့ကျွန်တော့်အနေနဲ့ စစ်တပ်လုပ်သမျှ အ ကုန်မျက်စိမှိတ် ထောက်ခံနေတာမဟုတ်သလို စစ်တပ်လုပ်သမျှ အကုန်မျက်မှန်စိမ်းတပ် ကန့်ကွက်ပြီး အမနာပပြောနေတာ တော့ မဟုတ်ဘူးပေါ့ ဆရာ။
ဒီကနေ့လွှတ်တော်ထဲမှာမိမိပိုင်ဆိုင်မှုကိုထုတ်ဖေါ်မကြေညာရဲတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်မကြာခဏပြောပါတယ်။အဲဒီအထဲမှာတပ်မတော်ကအငြိမ်းစားအရာရှိကြီးတွေအမြောက်များပါတယ်မဟုတ်လား။ဒီလိုပဲတစ်ချိန်က စည်းမဲ့ကမ်းမဲ့လယ်သိမ်း၊ယာသိမ်း လုပ်ချင်သလို လုပ်ခဲ့ကြလို့ တောင်သူတွေ၊ လယ်သမားတွေ ဒုက္ခရောက်ရတဲ့အကြောင်းကိုလည်းကျွန်တော်မကြာမကြာရေးတင်တတ်ပါတယ်။ဒါပေမဲ့လိုအပ်လို့တပ်မတော်အင်အားတိုးချဲ့တာကို စစ်သားဟောင်း တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကတော့ ထောက်ခံပါတယ်ဆရာ။
ဆရာရေ၊နယ်စပ်မြို့ကလေးကနေရန်ကုန်ကိုအပြီးပြောင်းတော့မယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာနှစ်ပေါင်းများစွာရှိတဲ့စာအုပ် တွေကို တစ်ဝက်ဈေးလောက်နဲ့ ကျွန်တော်ရောင်း ခဲ့ရပါတယ်။ စာပေချစ်သူတစ်ယောက် သူ့စာအုပ်တွေအခုလို အစုလိုက် အပြုံ လိုက် ထုတ်ရောင်းရတယ်ဆိုတာ ကိုယ့်သားသမီးတွေ၊ ကိုယ့်အသည်းနှလုံးတွေကို ထုတ်ရောင်း လိုက်ရသလိုပါပဲ။ သယ်ယူစရိတ် အခက်အခဲကြောင့် အဲဒီလို မဖြစ်မနေထုတ်ရောင်း ခဲ့ရတာတောင်မှ ကျွန်တော်သယ်လာတဲ့ စာအုပ်ကလေး သုံးအုပ်ရှိပါတယ်။ အဲ ဒီစာအုပ်တွေကတော့ ဆရာ့ရဲ့ လင်္ကာရလမ်း၊ သရဝဏ် (ပြည်) ရဲ့စာအုပ်နဲ့ သီဟန်သွင်ရဲ့ စာအုပ်ပေါ့ ဆရာ။
လင်္ကာရလမ်းဆိုတဲ့ ဆရာ့စာအုပ်ကလေးက ကျွန်တော်တို့ကို မေတ္တာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ ထားတတ်ဖို့ လမ်းပြ ခဲ့ပါတယ်ဆရာ။ တစ်ခါတစ်လေ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ တချို့ရက်တွေမှာ သူငယ်ချင်းတွေ အချင်းချင်း စာအုပ် အကြောင်း ပြောရင်း လင်္ကာရလမ်းထဲက စာသားလေးတွေကို အလွတ်ရွတ်ပြရတာ အမောပေါ့ ဆရာရယ်။ မေတ္တာရဲ့အသံဟာ အနန္တစကြဝ ဠာတိုင်ရောက်တယ်လို့ ဆိုတယ်မဟုတ်လားဆရာ။ နယ်စပ်မြို့ကလေးက ကျွန်တော်တို့သူငယ်ချင်းတစ်စု အတွက်တော့ မောင် သာချိုဆိုတာ ဗြဟ္မာစိုရ်တရားတွေဖြန့်ဝေပေးနေတဲ့ ကလောင် တစ်ချောင်းပေါ့ ဆရာ။မြန်မာစာကိုချစ်မြတ်နိုးလွန်းလို့ မေဂျာနှစ်ခုပြောင်းပြီးတော့ သုံးခုမြောက်မှာမှ မြန်မာစာ ကို မြတ်မြတ်နိုးနိုးဖက်တွယ်သင်ယူခဲ့တဲ့ ဆရာ့ကို ကျွန်တော်တို့က မမြင်ဖူးဘဲနဲ့ ချစ်ခင်လေးစားခဲ့ရတာပါ။ မေတ္တာတရားအကြောင်းတွေရေးပြီးဒီကနေ့မြန်မာစာပါမောက္ခဖြစ်နေတဲ့ဆရာကဒီစကားမျိုးပြောထွက်တောအံ့သြတာထက်ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်မိတာကပိုပါတယ်ဆရာ။ပြောရက်လိုက်တာဆရာရယ်။ဒါဆရာမောင်သာချိုတဲ့လား။စစ်တပ်က လယ်ယာမြေတွေ အဓမ္မသိမ်းနေသလား။ ပြောပါဆရာ။ ကျွန်တော်လည်းပြော မှာပါ။ စစ်တပ်က ပြည်သူကို လက်နက် အားကိုးနဲ့ အနိုင်ကျင့်နှိပ်စက်နေသလား။ ပြောပါ ဆရာ။ ကျွန်တော်လည်းပြောမှာပါ။ နောက်ဆုံး စစ်တပ်က ပြည်သူတွေရေဘေးဒဏ်ခံနေရတာကိုဒီအတိုင်းလက်ပိုက်ကြည့်နေသလား။ပြောပါဆရာ။ပျစ်ပျစ်နှစ်နှစ်နစ်နစ်နာနာကြီးပြောချလိုက်ပါ။ဆရာရယ်ရင်ခေါင်းမကမြုပ်နေတဲ့ရေတောထဲမှာ၊ဒုက္ခပင်လယ်တောထဲမှာတစ်နေကုန်တစ်နေခမ်းပြည်သူကိုကူညီနေတဲ့တပ်မတော်သားတွေကိုမထောက်ဘဲ“တိရိစ္ဆာန်တွေကပရဟိတမလုပ်ဘူး။လူကပရဟိတလုပ်တယ်။ တဲ့လားဆရာ။ ပြောရက်လိုက်တာ။
ဒီစကားမျိုးကို မိုးသီးဇွန်ကပြောရင်၊ မိုးဟိန်းကပြောရင်၊ ကိုအောင်ဝေးကပြောရင်၊ ဒတ္ထခေါ် အောင်ဒင်ကပြောရင် ကျွန်တော်ဘာမှမပြောလိုပါဘူးဆရာ။အခုတော့ဒီစကားပြောလိုက်တဲ့သူကကျွန်တော်တို့ချစ်ခင်လေးစားတဆရာမောင်သာချိုတဲ့လား။မျက်စိအကြားနားအမြင်တဲ့။မျက်စိရှိလို့ဖတ်လိုက်လို့သာတွေ့လိုက်ရတယ်ကျွန်တော်မယုံချင်ပါဘူးဆရာ။မိုးထဲရေထဲမှာပင်ပင်ပန်းပန်းပြည်သူကိုကူညီနေတဲ့တပ်မတော်သားလေးတွေအများစုဟာဆရာ့သားသမီးအရွယ်တွေပါဆရာ။ဒီကနေ့ယာယီတပ်ရင်းမှူးတချို့တောင်ဆရာ့သားအရွယ်တွေပါ။အများစုက၁၉၈၈ခုနှစ်မှာကလေးသူငယ်အရွယ်တွေပါ။တချို့အရာရှိငယ်တွေဆိုရင်မွေးတောင်မမွေးသေးပါဘူး။သူတို့အများစုဟာမိဘမျိုးရိုးချမ်းသာပြီးမှစစ်ထဲရောက်လာကြသူတချို့တလေကလွဲလို့အိမ်ကြီးရခိုင်တွေမပိုင်ဆိုင်ကြပါဘူး။ဂျာနယ်တိုက်ကြီးတွေလည်းထောင်မထားနိုင်ပါဘူး။ကုမ္ပဏီကြီးတွေမှာလည်းအစုရှယ်ယာတွေဝယ်မထားနိုင်ကြပါဘူး။ဆယ်ဘီးကားကြီးတွေအစီးသုံးလေးဆယ်လည်းမပိုင်ကြပါဘူး။ ဒေါ်လာတွေလည်း မရရှာကြပါဘူး။ သူတို့အများစုမှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမယ်မယ်ရရ မရှိပါဘူး။
သူတို့ပိုင်တာဆိုလို့နိုင်ငံတော်ကပံ့ပိုးပေးထားတဲ့နေစရာအခန်းလေးရယ်၊နိုင်ငံတော်ကထုတ်ပေးထားတဲ့လက်နက်ခဲယမ်းနဲ့စစ်ဝတ်ပစ္စည်းလေးအနည်းငယ်ရယ်။ဒါပဲပိုင်ပါတယ် ဆရာ။ ဒါပေမဲ့ သူတို့ဆိုင်တာကတော့ ကျယ်ပြန့်ပါတယ်ဆရာ။ မြန်မာနိုင်ငံတစ်ဝှမ်းကာကွယ်ရေးကိစ္စမှန်သမျှသူတို့ဆိုင်ပါတယ်။နိုင်ငံတစ်ဝှမ်းပြည်သူတွေသဘာဝဘေးအန္တရယ်ကြုံတွေ့နေရပြီဆို သူတို့နဲ့ဆိုင်ပါတယ်။ ဆိုင်စရာများပေမဲ့ ပိုင်စရာရှားတဲ့ ဘဝတွေ ပါဆရာ။ စစ်သားဆိုတာ ခဏမေ့ထားပြီး ဆရာ့လို ပြည်သူ့ဝန် ထမ်းတွေပါလားဆိုတဲ့ အမြင်လေးနဲ့ဖြစ်ဖြစ် ခံစားကြည့်ပါလားဆရာ။
ကျွန်တော်ကတော့ ဆရာမောင်သာချိုဆိုတာနဲ့ လင်္ကာရလမ်းနဲ့ အမြဲတွဲမှတ်မိနေတာပါ ဆရာ။ ဒတ်ဆန်းနောက်မြီးမှာ သံကိုင်းကို တွဲလွဲဆွဲကိုင်ပြီး ခေတ်ကြီးထဲက ပြုတ်ကျ မသွားဖို့လိုက်ပါသွားရင်း မှတ်တိုင်ပါတယ်လို့ အော်နေရတဲ့ ကားစပယ်ရာသားကို အမေ တို့စောင့်နေကြသလို ပေါ်တာမပါ၊ ရဟတ်ယာဉ်မရှိနဲ့ ပါသမျှခဲယမ်းတွေနဲ့ ရိက္ခာတွေ ကို ခြင်းကျားကြီးထဲမှာထည့်လွယ်ပိုးပြီးသေနတ်တစ်လက်ကိုထမ်းရင်းမတ်စောက်မြင့် မားလှတဲ့တောင်ထွတ်တွေဆီကနေ ဘေးမသီရန်မခပြန်လာမယ့်သားတွေကိုစောင့်နေတဲ့မိခင်တွေလည်းရှိပါတယ်ဆရာ။နွားရိုင်းတစ်ကောင်လိုတရှုးထိုးခုတ်မောင်းသွားနေတဲ့အမြန်ရထားပေါ်ကတစ်တွဲပြီးတစ်တွဲ ကိုယ်ကိုလွှဲသွားနေတဲ့ ဈေးသည်ကလေးတွေ ရဲ့လက်ထဲမှာ လွတ်ကျသွားတဲ့အိပ်မက်တွေရှိသလိုတိမ်ညွန့်စားနေတဲ့တောင်တွေပေါ်နှာခေါင်းနဲ့မဝလို့ပါးစပ်ဟအသက်ရှုပြီးလားတစ်ကောင်လို ကုန်းရုန်း တက်နေရ တဲ့ စစ်သည်လေးတွေရဲ့ ပါးစပ် ထဲကို ရန်သူ့ကျည်ဝင်သွားပြီး ဖျတ်ခနဲကျကွဲသွားတဲ့ သံလွင်စိမ်းအိပ်မက်တွေလည်း ရှိပါတယ်ဆရာ။
သူတို့လက်တွေကသွေးညှီနံ့နံချင်နံနေပေမဲ့သူတို့နှလုံးသားတွေစပယ်လိုသင်းမနေနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲဆရာ။ “ဓာတ်ပုံမရိုက်နဲ့နော်။ဓာတ်ပုံရိုက်ရင်ခင်ဗျားတို့ကိုပစ်မှာနော်လို့ပြောနေကတည်းကိုကမပစ်ချင်လို့ပြောနေတာလို့များ ဘယ်သူကစဉ်းစားပေးဖူးပါသလဲဆရာ။၁၉၈၈ခုနှစ်မှာတပ်မတော်သားတွေဟာ ပြည်သူနဲ့ မပူးပေါင်းခဲ့ဘူးတဲ့လားဆရာ။ ၈၈အရေးအခင်းကြီးကိုဆရာတို့ကခံစားချက်နဲ့ကြည့်သလိုကျွန်တော်တို့စစ်သားတွေကလုံခြုံရေးမျက်စိနဲ့ ကြည့်ပါတယ် ဆရာ။ဒါဟာဒီကနေ့တပ်မတော်သားတွေကိုစွပ်စွဲနေကြသလိုလူတစ်ယောက်၊လူတစ်စုကိုကာကွယ်ဖို့လုံခြုံရေးအမြင်နဲ့ကြည့်တာ မဟုတ်ပါဘူးဆရာ။
၈၈တုန်းကဒေါ်အောင်ဆန်းစုကြည်နားမှာဘယ်သူတွေဝိုင်းနေသလဲ၊ဦးအောင်ကြီးဘာဖြစ်လို့NLDကနေနုတ်ထွက်သွားတာလဲဆိုတာအမြင်ရှင်းရှင်းနဲ့ကြည့်ရင်အမှန်ကိုမြင်မှာပါဆရာ။ထားပါတော့ဆရာရယ်၊ ဖြစ်နိုင်သမျှ ကျွန်တော်နိုင်ငံရေး အကြောင်း တွေ မဆွေးနွေးချင်ပါဘူးဆရာ။ ပြောချင်တာက တစ်ခုပဲရှိပါတယ် ဆရာ။ ရည်းစားနဲ့ကွဲလို့ စစ်ထဲဝင်ဝင်၊ မိဘနဲ့အဆင်မပြေလို့စစ်ထဲဝင်ဝင်၊ရပ်ကွက်ထဲမှာ အော့ကြောလန်ဖြစ်နေလို့ စစ်ထဲဝင်ဝင် ဘယ်လိုအကြောင်းနဲ့ပဲဝင်ဝင် စစ်သားဖြစ်လာပြီဆိုရင်အဲဒီတပ်မတော်သားတိုင်းမှာအမျိုး၊ဘာသာ၊သာသနာကိုချစ်တဲ့စိတ်၊ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်ဆိုတာရှိစမြဲပါဆရာ။ဘာပဲဖြစ်ဖြစ်စုန်းပြူးတွေ၊ကြွက်ချေးတွေဆိုတာတော့နေရာတိုင်းမှာရှိစမြဲပေါ့အနာလေးတစ်ချက်ပါရုံနဲ့ကျောက်တစ်လုံးကိုအကဲဖြတ်လို့မရစကောင်းပါဘူးဆရာရယ်။ဆည်မြောင်းချောင်းကန်အသင့်အတန်တိုးရုံမျှမကဆည်မြောင်းချောင်းကန်ပြည့်လျှံဖြိုးတဲ့အပြင်ကန္တာရကိုပင်လယ်ဖြစ်စေခဲ့တဲ့မုတ်သုန်မိုးအောက်မှာကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရင်းအဆုပ်အအေးပတ်ပြီးဖျားနေတဲ့စစ်သည်လေးတွေဘယ်နှယောက်ရှိမလဲမသိဘူးဆရာ။မိုးရေထဲမှာ သူတို့ဖြစ်သလို စားနေကြပါတယ်။
မကြည့်ရက်တဲ့ပြည်သူတချို့ကထမင်းချက်ကြွေးကြရှာတယ်။ပြည်သူနဲ့တပ်မတော်သားတွေအဲဒီလိုချစ်ချစ်ခင်ခင်နေကြတာ မကောင်းဘူးလားဆရာ။တချို့တွေ အမနာပပြောကြသလို စစ်သားဆိုတာ တရားဝင်လူသတ်သမားပါ။ မှန်ပါတယ်ဆရာ။ဒါပေမဲ့သွေးဆာနေတဲ့လူသတ်သမားတွေတော့မဟုတ်ပါဘူးဆရာ။နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်စိုးမှုကို ခြိမ်းခြောက်လာတဲ့ ရန်သူကို ခြေမှုန်းတိုက်ခိုက်ဖို့၊ ပြည် သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ သူတို့ လူသတ်နေကြတာပါဆရာ။သားသတ်ရုံက သားသတ်သမားလက်က သွေးညှီနံ့နဲ့ စစ်သားတွေလက်က သွေးညှီနံ့ အများကြီးကွာခြားပါတယ်ဆရာ။လက်ကသွေးညှီနံ့နံချင်နံနေပေမဲ့နှလုံးသားကိုကြည့်တတ်ရင်စပယ်နံ့သင်းသင်းကလေးကို ခြေရာခံမိပါလိမ့်မယ်ဆရာ။
သွေးညှီနံ့နံနေတဲ့ သံလွင်စိမ်းလက်တွေက စပယ်တွေမသီရတော့ဘူးလားတဲ့လား ဆရာရယ်။

ရဲကျော်သူရ

Monday, August 17, 2015

အလင်းမရှိတဲ့ညတွေ

အလင်းမရှိတဲ့ညတွေ
၁၉၈၈ခုနှစ်ဆောင်းကာလညတွေနဲ့၁၉၈၉ခုနှစ်နွေဦးညတွေမှာရှေ့တန်း ကပြန်ဝင်လာတိုင်း ကျွန်တော်တပ်ပြင်ထွက်ပြီး အပြင်ကသူငယ်ချင်းတွေနဲ့ဂစ်တာတီးလေ့ရှိတယ်။ အဲဒီသူငယ်ချင်းတွေ အားလုံးက ကျောင်းသားတွေပါပဲ။ အများစုက စာပေး/စာယူတက္ကသိုလ်ကျောင်းသားတွေများပါတယ်။ အဲဒီအထဲကမှ ကျွန်တော်တို့က ကိုဦးလို့ခေါ်တဲ့ ကိုခင်မောင်ဦး (အမည်လွှဲ)ဟာဆေးတက္ကသိုလ်(၁)ကနောက်ဆုံးနှစ်အပိုင်း(ခ)ကျောင်းသားပါ။ညညကျောင်းသားတွေနဲ့ဂစ်တာသွားတီးလို့တချို့ကအမြင်မကြည်ချင်ကြပါဘူး။ ကျွန်တော်ကတော့ရှင်းတယ်။ ကျွန်တော်ဂီတနဲ့ သီချင်းဆိုတာ ဝါသနာပါလို့ ကျွန်တော်နဲ့ဝါသနာတူတွေရှိရာမှာသွားရောက်ပြီးစိတ်ဖြေရာရှာတာပါပဲ။အရင်ကစိုင်းထီးဆိုင်သီချင်းသာတီးခတ်သီဆိုလေ့ရှိတဲ့ကျွန်တော်ဟာ သူတို့နဲ့ပေါင်းရင်း မွန်းအောင်တို့၊ ခင်မောင်တိုးတို့သီချင်းတွေ ကြိုက်တတ်လာတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဘေးက တစ်ခုသောမီးကင်းတဲလေးမှာ သီချင်းတွေသီဆိုရင်း ဖြတ်သန်း ခဲ့ရတဲ့ညတွေကို အခု ထိလွမ်းပါတယ်။ကျွန်တော်ကထူးအိမ်သင်ရဲ့ အမေ့ရဲ့ဒုက္ခအိုးလေးသီချင်း ညတိုင်းဆိုလေ့ရှိတာကြောင့် အဲဒီအဖွဲ့ထဲက လူငယ်တချို့က ကျွန်တော့်ကို Mother’s Trouble Small Pot လို့ခေါ်ကြတယ်။ တစ်ခါတလေတော့လည်း ဂစ်တာမတီးခင် ကဗျာတွေ၊ စာတွေ အကြောင်းပြောကြတာပေါ့။ တစ်ခါတလေကျတော့ အရေးအခင်းအကြောင်း ကျွန်တော်မသိတာတွေမေးကြည့်တယ်။မှတ်မှတ်ရရအဲဒီကာလကကျောင်းခဏခဏပိတ်တာကြောင့်ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်လည်း မကြာမကြာဆုံဖြစ်တာများပါ တယ်။ ကိုဦးကတော့ ဆေး (၁) ထဲကို မိုးသီးဇွန်ရောက်လာပြီး ဘယ်လိုအာရွှီးတဲ့အကြောင်းပြောပြဖူးလေရဲ့။ထားပါတော့၊ပြောချင်တာမိုးသီးဇွန်အကြောင်းမဟုတ်ပါ။တစ်ရက်ကျွန်တော်ငှက်ဖျားထနေလို့တပ်ထဲမှာပဲကွေးနေရတယ်။ကျွန်တော်မလာလို့ဂစ်တာဝိုင်းကသူငယ်ချင်းတွေကလူကြုံနဲ့မေးကြပါတယ်။ နောက်သုံးလေးရက်လောက်နေတော့ အဖျားသက်သာတာနဲ့ ညပိုင်းဂစ်တာဆွဲပြီး သူငယ်ချင်းတွေဝိုင်းရှိရာကို ထွက်ခဲ့တယ်။ရောက်ပြီးမကြာခင်မှာပဲကိုဦးက“ကျွန်တော်ခင်ဗျားနေမကောင်းဖြစ်နေတာကြားတယ်ဗျ။လာလည်းကြည့်ချင်တယ်။ဒါပေမဲ့အဲဒီတပ်ထဲကိုမဝင်ချင်ဘူးဗျာလို့ပြောပါတယ်။ကျွန်တော်ကကိုဦးကို“ဟာ…ကိုဦးလာလို့ရပါတယ်ဗျ။ဂိတ်ဝမှာကျွန်တော့်ဆီကိုသွားချင်လို့ပါလို့ပြောပြီးဝင်လည်လို့ရတာပဲလို့ကျွန်တော်ကပြောတော့သူကဟိုအဝေးကိုငေးကြည့်နေတယ်။ လမ်းမီးရောင်မှိန်မှိန်အောက်မှာ သူ့မျက်လုံးတွေက လိုတာထက်ပိုပြီးမှုန်မှိုင်းနေသလိုပဲ။ ပြီးတော့မှ သူကလေးလေးပင်ပင်တစ်လုံးချင်း“ကျွန်တော်ကျောင်းသားလေလို့ပြောပါတယ်။သူ့စကားတွေကစကားလုံးငါးလုံးပဲရှိပေမဲ့ပြောချင်သမျှအဓိပ္ပာယ်အားလုံးကိုကျွန်တော်ဖမ်းဆုပ်နိုင်ခဲ့တယ်။ကိုဦးဟာတခြားကျောင်းသားလို့ပြောနေတဲ့သူတွေလို အလကားနေရင်းစစ်တပ်ကို ကလော်တုတ်နေတဲ့ ကျောင်းသားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရင်ထဲမှာ ကျွန်တော်တို့ကိုဖွင့်မပြတဲ့သောကတွေရှိနေတယ်ဆိုတာကျွန်တော်သိလိုက်ရတယ်။တစ်ယောက်ရင်ထဲတစ်ယောက်ဝင်ကြည့်လို့ရလို့သာ ကျွန်တော်တို့အပေါင်းအသင်းတွေဖြစ်ခဲ့ကြတာပေါ့။တစ်ခါက ကျွန်တော် ကိုဦးကို “ကိုဦး … ဆေးတပ်ကဆရာဝန်အရာရှိတွေနဲ့ကျွန်တော်တို့Infantryကအရာရှိတွေမတူဘူးဗျ။သူတို့အခြားအဆင့်ကိုဆက်ဆံတာနဲ့ ကျွန်တော်တို့ဆီက အရာရှိတွေအခြားအဆင့်ကိုဆက်ဆံတာ တော်တော်ကွာပါတယ်။
သူတို့ကကျွန်တော်တို့ဆီကအရာရှိတွေထက်ပိုပြီးနူးညံ့တယ် လို့ ပြောလိုက်တော့ “အဲဒါ လုပ်ငန်းသဘာဝကြောင့်ဗျ။ ခင်ဗျားတို့က စစ်တိုက်နေရတာလေ။ စစ်တိုက်တယ်ဆိုတာ တစ်သွေး၊ တစ်သံ၊တစ်မိန့်တည်မှ ရမှာကိုး။ ဆိုကြပါစို့ဗျာ၊ ခင်ဗျားတို့စခန်းတစ်ခုကို တက်တိုက်တယ်ဆိုပါစို့။ တပ်ခွဲမှူးက တက်ဆိုရင် ဘယ်လောက်ပဲပစ်နေပစ်နေ တက်ရမှာပဲ။ ဟာဗျာ.ဒီလောက်ပစ် နေတာ ခင်ဗျားတက်ပါလားလို့ သွားပြောလို့မရဘူး။ ဒါဟာ လုပ်ငန်းသဘာဝကြောင့်ဖြစ်လာရတဲ့ အခြေအနေပါလို့ပြန်ပြောဖူးတယ်။မျက်နှာကတင်းမာပြတ်သားတဲ့မျက်နှာမျိုးဖြစ်ပေမဲ့ကိုဦးဟာစကားပြောအင်မတန်ဆင်ခြင်ပါတယ်။ ဆေးကျောင်းသား တစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်တာလည်း ဖြစ်မှာပေါ့။
ဆိုးဆိုးရွားရွားဆရာဝန်တချို့လည်းတွေ့ဖူးသလိုစကားပြောရင်ကြမ်းကြမ်းတမ်းတမ်းပြောဆိုဖို့နေနေသာသာ“ဒီကောင်တွေ လို့တောင်တစ်ခါမှ မသုံးဖူးတဲ့ ဆရာဝန်မျိုးနဲ့လည်း တွေ့ဖူးပါတယ်။ ဖရုဿဝါစာပြောဆိုခြင်းဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့Emotionနဲ့ပဲဆိုင်ပါတယ်။ဒါပေမဲ့လုပ်ငန်းသဘာဝအရကိုယဉ်ကျေးသိမ်မွေ့စွာဆက်ဆံရတဲ့နေရာတွေမှာနေရင်း နဂိုက သိပ်ပြီးယဉ်ကျေးလှတယ်မဟုတ်ပေမဲ့ အလေ့အကျင့်ကောင်းတွေ ရသွားတာမျိုးလည်း ရှိနိုင်ပါတယ်။
INGOတစ်ခုမှာလုပ်တုန်းက“ကျွန်တော်သာစစ်ဆေးရုံမှာတာဝန်ထမ်းဆောင်ခွင့်ရရင်ဆေးမှားသလိုလိုနအဲဒီကောင်တွေကို ဆေးထိုးပြီး သတ်ပစ်လိုက်မယ် လို့ ပြောတဲ့ ဆရာဝန်မျိုးတောင်တွေ့ဖူးပါတယ်။ တကယ်တော့ သူလည်း အဲဒီလိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး။ ကျွန်တော့်ကိုကြည့်မရလို့ပြောတာနေမှာပါ။ Project Officer ဖြစ်တဲ့သူနဲ့ ကျွန်တော်ကမတည့်အတူနေကိုး။ယေဘုယျခြုံပြောရရင်ဆရာဝန်အသိုင်းအဝိုင်းမှာအများစုကယဉ်ကျေးသိမ်မွေ့ကြတာများပါတယ်။မာနကတစ်ပိုင်းပေါ့။အကောင့်တွေထဲမှာလိုက်စူးစမ်းကြည့်တဲ့အခါတချို့ဆရာဝန်တွေတပ်မတော်ကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတာတွေ့ရပေမဲ့ လတ်တလော ဖြစ်နေတဲ့ Black Ribbon Campaign ကိစ္စကို ကျွန်တော့်အနေနဲ့ နားလည်ခံစားလို့ရတယ်။ဆရာဝန်တွေရောစစ်ဗိုလ်တွေပါလူငယ်၊လူလတ်အများစုဆိုတော့တစ်ဘက်နဲ့တစ်ဘက်Institutionအစွဲနဲ့ပြောဆိုကြတဲ့အခါ ရိုင်းစိုင်းကြမ်းတမ်းတာတွေပါလာကြပါတယ်။ လုပ်ငန်းသဘာဝကြောင့် စစ်သားကတော့ ပိုရိုင်းချင်ရိုင်းလိမ့်မပေါ့။ ဒါမြန်မာစစ်သားတစ်မျိုးတည်း ကို ပြောတာ မဟုတ်ဘူးနော်။
နိုင်ငံခြားစစ်ကားတွေကြည့်ကြည့်FuckYouချင်းကိုမိုးမွှန်နေတာပဲ။ပြဿနာကအားလုံးသိတဲ့အတိုင်းမိုးကျရွှေကိုယ်ပြဿနာပါ။
The Myanmar Review ဂျာနယ်က တာဝန်ခံအယ်ဒီတာ ကိုရဲမိုးက ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရုံးနဲ့ သမ္မတရုံးက တာဝန်ရှိသူတွေကိုမေးတော့ဒီလူတွေကို သူတို့ပို့တာမဟုတ်သလို ဒီလူတွေကို သိလည်းမသိတဲ့အကြောင်း၊ ကျန်းမာရေးဝန်ကြီးကတောင်းလို့ သူတို့ခွင့်ပြုပေးလိုက်ရတာလို့ဖြေကြောင်း
သူ့ Wall ထဲမှာရေးထား ပါတယ်။ ကျန်းမာရေးဝန်ကြီးဒေါက်တာ သန်းအောင် တကယ်ပဲတောင်းခဲ့သလား၊ အဲဒီဝန်ကြီးရဲ့နောက်မှ မမြင်ရတဲ့အမိန့်တွေ ရှိနေသလားဆိုတာလည်း စဉ်းစားစရာကောင်းပါတယ်။ 7Day Daily မှာတော့ ကျန်းမာရေးဝန်ကြီးက “တို့ကောင်းမယ်ထင်လို့ စီစဉ်တာပေါ့။ အများကမလိုလားဘူးဆိုတော့လည်း ဆက်မလုပ်တော့ဘူး။အဲဒါကိုသိအောင်ပြောလိုက်ပါလို့ဝန်ကြီးဒေါက်တာသန်းအောင်ကပြောကြောင်းရးသားဖေါ်ပြထားပါတယ်။
ဆရာရေကျန်းမာရေးဝန်ကြီးဌာနကတော့ဘယ်စစ်သားကကောင်းတယ်ခေါ်လိုက်မယ်ဆိုပြီးတကူးတကလိုက်မကြည့်အားပါဘူး။စစ်ရုံးနဲ့သမ္မတရုံးကမသိဘူးလို့ဘူးခံငြင်းနေပေမဲ့စစ်ရုံးနဲ့နယ်ဘက်ရုံးတွေမှာနေတဲ့ရာထူးကြီးကြီးပုဂ္ဂိုလ်တွေဆိုတာဒီကိစ္စမျိုးတွေကိုသိကြပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှမဟုတ်ပါဘူး။ဘယ်ဝန်ကြီးဌာနပြောင်းရွှေ့တဲ့ကိစ္စမဆို ဟိုဗိုလ်ချုပ်ကြီးက အကူအညီတောင်းလို့ ဟိုဝန်ကြီးက Request လုပ်လို့ဆိုတာတွေနဲ့ စစ်သားတွေ၊ စစ်ဗိုလ်တွေ နယ်ဘက်ဌာနတွေရောက်လာကြတာအများကြီးပါ။ပြဿနာဖြစ်လာရင်တော့အခုလိုပဲဝန်ကြီးကတာဝန်ယူလိုက်တာပေါ့။ အခု အရပ်ဘက်ရောက်နေတဲ့ အရာရှိ တော်တော်များများရဲ့ Origin ကိုကြည့်ုလိုက်ရင် ဘယ်သူ၊ ဘယ်ဝါတွေရဲ့ သားသမီးတွေ၊ဆွေမျိုးတွေဆိုတာတွေ့ရမှာပါ။တစ်ခါတလေသက်သေပြရခက်တဲ့အဖြစ်မှန်တွေလည်းရှိတတ်ပါတယ် လို့အမည်မဖေါ်လိုတဲ့အရာရှိတစ်ဦးကပြောပါတယ်။ဘာပဲဖြစ်ဖြစ် မဖြစ်သင့်တော့ပါဘူး။ အကြောင်းပြချက်တွေကတော့
နှစ်ဘက်စလုံးမှာ ရှိနေတာပါပဲ။ ကျန်တဲ့ပညာသည်အုပ်စု ဖြစ်နေတဲ့
ကိစ္စတွေအသာထားဦး၊ ကိုယ့်ဌာနကို ကိုယ့်ဌာနကမဟုတ်တဲ့သူတစ်ယောက်လာပြီး ရာထူးကြီးကြီးနဲ့ဝင်လာတာ ဘယ် အဖွဲ့အစည်းကမှကြိုက်မှာမဟုတ်ပါ။ဒါ့ကြောင့်ဝန်ကြီးကအများကမလိုလားရင်ဆက်မလုပ်တော့ဘူးလို့ပြောပါတယ်။ဒီနေရာမှာအများကမလိုလားရင်ဆက်မလုပ်တော့ဘူးဆိုတာခန့်ပြီးသားလူတွေကိုတော့ဆက်ခန့်ထားမယ်ဆိုတအဓိပ္ပာယ်လို့ ယူလို့ရပါတယ်။ ခန့်ပြီးသားအရာရှိတွေကိုတော့ တပ်မတော်ကိုပြန်မလွှတ်ဘဲ ဆက်ခန့်ထားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ လက်ရှိ အခြေအနေကိုလည်း အများအသိဖြစ်ပါတယ်။ ခန့်အပ်ထားတဲ့ တပ်မတော်အရာရှိတွေအနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပျော်ပျော် ရွှင်ရွှင် တာဝန်ထမ်းဆောင်လို့ အဆင်ပြေမှာမဟုတ်ပါ။ ဆက်မလုပ်တော့ဘူးဆိုတာထက် လက်ရှိခန့်ထားသူတွေကိုပါ သက်ဆိုင် ရာ မိခင်တပ်ရင်းတွေကိုပဲပြန်ပို့သင့်တယ်လို့ ထင်ပါတယ်။အခုဆိုရင် ဆရာဝန်တွေဟာ လူမှုကွန်ရက်မှာ သူတို့ Campaign အတွက် ထင်ထင်ရှားရှား ကန့်ကွက်ဆန္ဒပြနေကြပါပြီ။ ဒါကိုမှ ဇွတ်တိုးပြီးခန့်အပ်မယ်ဆိုရင်ရွေးကောက်ပွဲနီးမှတစ်ခုခုဖြစ်လာနိုင်ပါတယ်။နောက်ကွယ်ကလက်တွေရှိ/မရှိအသေအချာ မသိရပေမဲ့ တစ်ခုခုဖြစ်လာရင် တာဝန်ယူ/ တာဝန်ခံရမှာက ကျန်းမာရေးဝန်ကြီးပါ။ သူက ကောင်းမယ်ထင်လို့ စီစဉ်ခဲ့တာလို့ ပြောခဲ့တာကိုး။ အခု မကောင်းဘူးဆိုတာသိရင် အဲဒီအစီအစဉ်ကိုပါ ပယ်ဖျက်သင့်ပါတယ်။ အခုကိစ္စက စစ်သားနဲ့အရပ်သားရန်တိုက်ပေးနေသလိုဖြစ်နေပါတယ်။ ဒါကိုမှ ဇွတ်လုပ်ရင် အများပြည်သူအကျိုးရှိဖို့မဟုတ်တော့ဘဲ အများပြည်သူအကျိုးယုတ်ဖို့ကိန်းမျိုးဆိုက်သွားနိုင်ပါတယ်။ဒီပြဿနာကိုပေါ့ပေါ့လေးတွေးလို့မရပါဘူး။အတိုက်အခံအုပ်စုတွေကပါ ဝင်ပြီးအားပေးနေကြတာ အားလုံးအသိပါ။
တကယ်တောနယ်ဘက်ကဝန်ကြီးတစ်ယောက်က တပ်မတော်သား အရာရှိတွေကို ခေါ်တယ်ဆိုတဲ့ကိစ္စကို သမ္မတရုံးနဲ့ စစ်ရုံးကတာဝန်ရှိသူတွေမသိဘူးဆိုတာလည်းနားထောင်ရတာတစ်မျိုးကြီးပါပဲ။အရပ်သားဝန်ကြီးတစ်ယောက်ကခေါ်တာကို မသိဘဲနဲ့ ခွင့်ပြုပေးလိုက်တယ်ဆိုတာ အညှာလွယ်တဲ့ကောင်မလေးလိုဖြစ်နေပါတယ်။ တပ်မတော်ဆိုတာ အညှာလွယ်တဲ့ကောင်မလေးမဟုတ်ပါဘူး။မမြင်ရတဲ့လက်တွေ၊မတွေ့ရတဲ့Requestတွေကြောင့်ခေါ်ရတယ်ဆိုရင်လည်း အခုဖြစ်နေတဲ့ ပြဿနာကိုကြည့် ပြီး ဆက်ခန့်ထားသင့်/မသင့်ဆုံးဖြတ်လို့ရပါတယ်။နယ်ဘက်ပို့မယ့်အစား တပ်မတော်သားတွေပြင်ပမှာ ရပ်တည်နိုင်အောင်သာ တစ်ခုခု စီစဉ်ပေးသင့်ပါတယ်။
အရပ်သားဆရာဝန်တွေ နယ်စပ်ကိုမသွားချင်တာတို့၊ တာဝန်မကျေ တာတို့ဆိုတာတွေနဲ့ပတ်သက်ရင် တာဝန်ယူ/ တာဝန်ခံ (Responsibility and Accountability) ရမယ့်သူက သက်ဆိုင်ရာဝန်ကြီးပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးဖြေရှင်းဖို့ ဝေးလံခေါင်ဖျားဒေသတွေက တိုင်းရင်းသားတွေ ကို ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ရာမှာ အမှတ်လျှော့ပေးခဲ့တာတွေ တစ်ခါကရှိခဲ့ဖူးပါတယ်။စစ်ဘက်အရပ်ဘက်ဆက်ဆံရေးပြန်လည်တည်ဆောက်နေရတဲ့အချိန်မျိုးမှာအခုလိုဖြစ်ရပ်မျိုးဖြစ်လာတာ အရုပ်ဆိုးပါတယ်။ ဆရာဝန်တွေရဲ့စိတ်ထဲမှာ ဒီလုပ်ရပ်ဟာ သူတို့ကို အနိုင်ကျင့်နေသလို ခံစားနေရတယ်လို့ ဆိုပါတယ်။မှန်ပါတယ်။ဆရာဝန်တစ်ယောက်ပြောသလို“ကားတွေတန်းစီရပ်ထားတဲ့အခါမှာတောင် ကိုယ့်ကားကိုကြားဖေါက် ပြီး ကျော်တက်သွားရင် ဘယ်လိုခံစားရ မလဲ ကိုယ်ချင်းစာကြည့်ပါ
ဆိုတဲ့စကားကလည်း အမှန်ပါပဲ။
ဆရာဝန်တွေနဲ့စစ်ဗိုလ်တွေ အပြန်အလှန် တစ်ဘက်နဲ့တစ်ဘက်
အမနာပတွေပြောကြ၊ဖရုဿဝါစာတွေနဲ့တုံ့ပြန်ကြလုပ်နေတာတွေလည်းရပ်သင့်ပါပြီ။မြန်မာပြည်ရဲ့ဌာနဆိုင်ရာတွေပျက်စီးနေတာကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ပါ။အားလုံးပါ။ဒီမိုကရေစီနဲ့ နှစ်ပေါင်းများစွာကင်းကွာခဲ့တဲ့နိုင်ငံ၊ Check & Balance မရှိတဲ့နိုင်ငံမှာ ဘယ်ဌာနတွေက ဖွံ့ဖြိုးတိုးတက်တာရှိလို့လဲ။ ဒီတော့ Institution တွေကို ဝေဖန်ပုပ်ခတ်ပြီး မတိုက်ခိုက်သင့်ပါဘူး။ နှစ်ဘက်စလုံးကိုပြောနေတာပါ။ဒီဖြစ်ရပ်မှာ စစ်သားတွေရော ဆရာဝန်တွေပါ အပြစ်မရှိပါဘူး။အမှန်တကယ်တာဝန်ရှိတာကဝန်ကြီးပါ။“ကောင်းမယ်ထင်လို့စီစဉ်တာပေါ့။အများကမလိုလားဘူးဆိုတော့လည်း ဆက်မလုပ်တော့ဘူးဆိုတဲ့စကားက တာဝန်ယူမှုပေါ့လွန်းနေသလိုပါပဲ။ စစ်အစိုးရလက်ထက်မှာတောင် ကျန်တဲ့ဝန်ကြီးဌာနတွေကို စစ်သားတွေပို့ခဲ့ပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနကိုတော့ မပို့ခဲ့ဘူးလို့ကြား ဖူးပါတယ်။ ဒါကို လက်ရှိ Transformational Period မှာ အခုလိုလုပ်လိုက်တာ အတော်ရုပ်ဆိုးသွား တယ်။ နိုင်ငံတော်အစိုး ရ ဆောင်ရွက်နေတဲ့ပြုပြင်ပြောင်းလဲရေးပုံရိပ်ကိုလည်းထိခိုက်စေတယ်။ဒီပြဿနာဒီလောက်နဲ့ပြီးသွားရင်တော်သေးတယ်။ ဒီ့ ထက်ဆိုးလာခဲ့ရင် ဘယ်သူကတာဝန်ယူမှာလဲလို့ မေးစရာဖြစ်လာမှာပါ။ကျွန်တော်တို့နိုင်ငံမှာက တစ်ပါတီစနစ်တို့ စစ်အုပ်ချုပ်ရေးတို့နဲ့ ကြီးပြင်းလာခဲ့ကြတာဆိုတော့ တာဝန်ယူမှု/ တာဝန်ခံမှုဆိုတဲ့ စကားဟာ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ အမေရိကန်ဒုသမ္မတအယ်လ်ဂိုးရဲ့ကိုယ်ရေးအရာရှိဟာသူ့အမေနေမကောင်းလို့အရေးပေါ်ခွင့်ယူပြီး မေ့ဆီပြန်ပါတယ်။ ဒုသမ္မတ အယ်လ်ဂိုးက သူ့ကိုယ်ရေးအရာရှိကို သူစီးနေတဲ့ ရဟတ်ယာဉ်သုံးခွင့်ပြုလိုက်တယ်။ ဘာပြဿနာရှိလဲ။ ကာယကံရှင် ဒုသမ္မတ ကိုယ်တိုင်ခွင့်ပြုလိုက်တာပဲ။ ဟုတ်ကဲ့ ပြဿနာရှိပါတယ်။ ဒုသမ္မတ စီးတဲ့ရဟတ်ယာဉ် ဆိုတာ ဒုသမ္မတ စီးဖို့နိုင်ငံတော်ကခွင့်ပြုထားတာပါ။ ဒါ့ကြောင့် ပြည်သူက အယ်လ်ဂိုးရဲ့ကိုယ်ရေးအရာရှိကို ဆန္ဒပြပါတယ်။ ကိုယ်ရေးအရာရှိဟာ မိခင်ဆီကပြန်လာပြီးနောက် သူ့တာဝန်သူယူတဲ့အနေနဲ့ ဒုသမ္မတကိုယ်ရေးအရာရှိအဖြစ်ကနေ နုတ်ထွက်သွားပါတယ်။ဒီမိုကရေစီကျင့်သားရနေတဲ့တိုင်းပြည်တွေမှာတာဝန်ယူမှု/တာဝန်ခံမှုကိုအင်မတန်အလေးထားပါတယ်။ “ငါ့ဘာသာငါ ဒု သမ္မတခွင့်ပြုလို့စီးတာပဲ။ ဘာဖြစ်နေကြတာလဲ။ တော်တော်မနာလိုတဲ့ကောင်တွေ လို့ မပြောပါဘူး။ ဒါက ဥပဒေထဲထည့်သွင်း ရေးဆွဲချင်မှ ရေးဆွဲထားမှာပါ။ ကျင့်ဝတ် (Ethic) နဲ့ ဆိုင်တဲ့အပိုင်းတွေပါ။ ဥပဒေကိုမချိုးဖေါက်ဘူးဆိုရင်တောင်ကျင့်ဝတ်ကိုဘယ်လောက်အလေးထားတယ်ဆိုတာပြသလိုက်တာပါပဲ။အိုကလာဟိုးမားဗုံးပေါက်ကွဲမှုမှာလူမမယ်ကျောင်းသားကလေးတွေအတော်များများသေဆုံးခဲ့ကြပါတယ်။ဒီတုန်းကကလေးလေးအလောင်းကို ပွေ့ထားတဲ့ မီးသတ်သမားဓာတ်ပုံတောင် ပူလစ်ဇာဆုရခဲ့တယ်ထင်တယ်။ တရားခံကိုအမြန်ဆုံးဖမ်းမိဖို့ အမေရိကန်သမ္မတကလင်တန်ကလေဆိပ်တွေကိုယာယီပိတ်ပြီးလေယာဉ်အဝင်အထွက်ကိုခေတ္တဆိုင်းငံ့ထားစေချင်တယ်။ အဲဒီလိုလုပ်ရင်ဥပဒေနဲ့ညီမညီကလင်တန်က တရားသူကြီးချုပ် ဆီဖုန်းဆက်ပြီးမေးပါတယ်။ တရားသူကြီးကလည်း တစ်ခွန်းပဲပြောပါတယ်။ဥပဒေနဲ့မညီပါဘူးတဲ့။ကလင်တန်လည်းလေဆိပ်တွေပိတ်ဖို့ဆိုတဲ့သူ့အတွေးကိုဖျောက်ပစ်လိုက်ပါတော့တယ်။ဆောင်းပါးအစမှာကျွန်တော့်မိတ်တွေကိုဦးအကြောင်းဘာလို့ရေးထည့်ရသလဲဆိုရင်ညစဉ်ဂစ်တာတီးနေတဲ့အပေါင်းအသင်းတွေဖြစ်နေတာတောင်မှ၁၉၈၈ခုနှစ်အရေးအခင်းကြီးရဲ့ရိုက်ခတ်မှုကြောင့်ဖျားနေတဲ့ကျွန်တော့်ကိုလာကြည့်ချင်တာတောင်စစ်တပ်ထဲကိုမလာချင်လို့ဆိုပြီးမလာဘဲနေခဲ့တဲ့အကြောင်းပြောချင်တာပါ။ အရေးအခင်းတုန်းက တောခိုတဲ့သူတွေထဲမှာပေါ်ပင်တချို့ပါကြောင်း၊တချို့နေရာမှာကွန်မြူနစ်လက်ချက်မကင်းတဲ့အရိပ်အယောင်တွေတွေ့ရကြောင်း ကိုဦးကပြောဖူးပါတယ်။ ဒါပေမဲ့ ဆေးရုံကြီးရှေ့က ပစ်ခတ်မှုဖြစ်စဉ်တချို့ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတဲ့ ဆေးကျောင်းသားတစ်ယောက်အနေနဲ့သူ့ရင်ထဲမှာရှိတဲ့ခံစားမှုတွေကို“ကျွန်တော်ကကျောင်းသားလေဆိုတဲ့စကားနဲ့ဖေါ်ပြခဲ့ပါတယ်။တချို့ကပြောပါတယ်။ဒီဘက်ခေတ်စစ်သားတွေကသူတို့ဘာမှမလုပ်ခဲ့ရဘကံမကောင်းကြဘူးလို့ပြောကြပါတယ်။ဟိုဘက်ခေတ်စစ်သားကဘာလုပ်တယ်၊ဒီဘက်ခေတ်စစ်သားကဘာလုပ်တယ်ဆိုတာအဓိကပြဿနာမဟုတ်ပါဘူး။ အဓိကပြဿနာ က ဒီမိုကရေစီမရှိတာပါ။ စစ်သားကတော့ အမိန့်ပေးရင် အမိန့်အတိုင်းဆောင်ရွက်ရမှာပါပဲ။ အခုအချိန်မှာ၁၉၈၈ တုန်းကလို ထိန်းမနိုင်သိမ်းမရ ဝရုန်းသုန်းကားဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူလုံခြုံရေး ထိခိုက်လာလို့ပစ်ခတ်လူစုခွဲဆိုရင်လက် ရှိ လုံခြုံရေးတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေက ပစ်ခတ်လူစုခွဲမှာပါပဲ။ အဓိကပြဿနာကို မြင်ဖို့သာလိုပါတယ်။ဆရာဝန်ဆိုးဆိုးနဲ့ရော ဆရာဝန်ကောင်းကောင်းနဲ့ရောကြုံဖူးသလို စစ်ဗိုလ်ဆိုးဆိုးနဲ့ရော စစ်ဗိုလ်ကောင်းကောင်းနဲ့ရော တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ကောင်းတာ၊ ဆိုးတာဟာ တစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အရေးအကြီးဆုံးက ပြည်တွင်းငြိမ်းချမ်းရေးရရပါ မယ်။ Democratic Institution တွေ ခိုင်မာအောင်တည်ဆောက်ရပါမယ်။တရားဥပဒေစိုးမိုးအောင်လုပ်ရပါမယ်။တာဝန်ယူမှု/တာဝန်ခံမှုတေကျင့်သားရအောင် လေ့ကျင့်ပျိုးထောင်ယူရပါမယ်။ တိုင်းပြည်မှာ နိုင်ငံရေးစနစ်မကောင်းရင် မဖွံ့ဖြိုးနိုင်ပါဘူး။ ရုပ် ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နိမ့်ကျလာတာပါ။
တလောကလက်ဖက်ရည်ဆိုင်ထိုင်ရင်းတစ်ဖက်စကားဝိုင်းကအသံတွေနားထဲဝင်လာပါတယ်။“ရေဘေးကတော့ တစ်ပြည်လုံး လိုလိုပဲဟေ့။ ကုလသမဂ္ဂအဖွဲ့အစည်းတို့ INGO တို့တော့ ပွတာပဲ။ ပရောဂျက်တွေအမျိုးမျိုးတင်ပြီး လုပ်စားကြတော့မယ်လေတဲ့။ကြားရတာအတော့်ကိုနားမချမ်းသာပါဘူး။ကျွန်တော်တို့လူမျိုးတွေဟာကိုယ်သိတဲ့ဘောင်ကျဉ်းကျဉ်းလေးကနေ စွပ်ရွတ် ဝေဖန်တော့တာပါပဲ။ ပညာနည်းပါးခြင်း (အတန်းပညာကိုမဆိုလိုပါ။) အကျိုးပါ။ အရေးပေါ်လုပ်စားတတ်တဲ့ ခါတော်မီ INGO တချို့ကလွဲလို့ INGO တစ်ခုဆိုတာ စီမံချက်တစ်ခုအတွက် Proposal တင်ရင်ဘယ်နေရာမှာဘယ်လိုသုံးမယ်၊ဘယ်လောက်သုံးမယ်၊ဘယ်အချိန်သုံးမယ်ဆိုတာကအစအသေးစိတ်ရေးတင်ရတာပါ။ ဒါတွေကို ငွေပေးမယ့် အလှူရှင်အဖွဲ့အစည်းတွေက စိစစ်ပြီး ကြိုက်မှပေးတာပါ။ Goal ကဘာ၊ Objective တွေကဘာ၊ Outcome တွေကဘာ၊ Output တွေကဘာ၊ Activity တွေကဘာ၊ နောက်ဆုံး ဘာ Impact တွေရမယ်ဆိုတာProposalနဲ့အတူProjectLogicalTemplateတွေဆွဲပြီး သေးစိတ်တင်ရတာပါ။တိုင်းသူပြည်သားတွေ အသိဥာဏ်နည်းပါးတာ စနစ်နဲ့ဆိုင်ပါတယ်။ စနစ်ဆိုးက အလင်းမရနိုင်ပါဘူး။ ပညာကသာ အလင်းကို ပေးပါတယ်။ အဲဒီလို ပညာကိုတန်ဖိုးထားဖို့ဆိုတာလည်း ပွင့်လင်းလွတ်လပ်တဲ့ တိုင်းပြည်မျိုးမှာသာ ရနိုင်ပါတယ်။ မိမိအရည် အချင်းနဲ့ထိုက်တန်လျော်ညီတဲ့နေရာနဲ့ဝင်ငွေကလွဲလို့မဟုတ်တမ်းတရားနည်းနဲ့ရလာတဲ့နေရာနဲ့ဝင်ငွေဆိုတာအဆိပ်တွေနဲ့တူပါတယ်။တိုင်းပြည်ကိုတကယ်ချစ်ရင်ဦးနှောက်ထဲကအဆိပ်တွေကိုရှင်းလင်းဖယ်ထုတ်ပစ်ဖို့လိုပါတယ်။ကျွန်တော်တပ်မတော်ကဘာတာဝန်မှကြီးကြီးမားမားမယူဖူးတဲ့ရိုးရိုးရဲဘော်လေးနဲ့ထွက်လာတာပါ။စစ်သားလူထွက်ဖြစ်လို့တပ်မတော်ကိုသံယောဇဉ်ရှိပါတယ်။ တပ်မတော်ကိုချစ်တယ်ဆိုတာ Professional ကိုချစ်တာပါ။ စစ်ဝါဒ၊ စစ်အုပ်ချုပ်ရေးကို ချစ်တာမဟုတ်ပါ။ဆရာဝန်တစ်ယောက်ကသူ့ Professional ကိုချစ်သလို မုဆိုးတစ်ယောက်က လေးနဲ့မြားကိုချစ်သလို ကျွန်တော်တာ ဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်တပ်ကိုချစ်တာပါ။ ဒါပေမဲ့ တိုင်းပြည်ကို လေး၊ မြားနဲ့ အုပ်ချုပ်တာကိုတော့ ဘယ်တော့မှ မထောက်ခံပါ ဘူး။ ဒီမိုကရေစီစနစ်သည်သာ တိုင်းပြည်တစ်ပြည်အတွက်၊ လူသားတွေအတွက် အသင့်တော်ဆုံးစနစ်ပါ။သမိုင်းတွေကသင်ကြားပေးခဲ့ပြီးပြီပဲ။အကူးအပြောင်းကာလမှာအစိုးရတစ်ရပ်အနေနဲ့ပုပြင်ပြောင်းလဲရေးလုပ်ရတာမလွယ်ကူမှန်းသိပါတယ်။အဲဒီလိုမလွယ်ကူတဲ့ကြားထဲမှာဘူးလေးရာဖရုံဆင့်ဆိုသလိုပြဿနာမရှိပြဿနာမရှာဖို့ကိုလည်းဝန်ကြီးများအပါအဝင်သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်ကနားလည်ပြီးတိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းထောက်ပံ့ကူညီဖို့လိုပါတယ်။ ပြဿနာက ဆရာဝန်တွေလည်းမဟုတ်သလို စစ်သားတွေလည်းမဟုတ်ပါဘူး။ နောက်ဆုံး ဝန်ကြီးတောင်မှ ပြဿနာရဲ့ ရင်းမြစ် မဟုတ်ပါဘူး။ ပြဿနာရဲ့ရင်းမြစ်က Lack of Democracy ဒီမိုကရေစီ ဆိတ်သုဉ်းတာပါ။

ရဲကျော်သူရ