Tuesday, February 24, 2015

ရဲရဲတက် ရဲရဲတိုက် ရဲရဲခြေမှုန်း

ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲခြေမှုန်း


၁၉၇၁ ခုနှစ်က ကွမ်လုံ ရက်၄၀ တိုက်ပွဲမှာ မိမိတပ်က တပ်ခွဲဟာအခြေအနေအရ မိမိစခန်းကို ခဏစွန့်ခွာခဲ့ရပေမဲ့ ရန်သူကို ချက်ခြင်း တိုက်စစ် ပြန်ဆင်နိုင်ခဲ့တယ်။
ဒီလိုပဲ ၁၉၇၅ ခုနှစ်မှာ ဗကပဟာ မူဆယ်မြို့ကိုဝင်ရောက်တိုက်ခိုက်တဲ့အခါ မအောင်မြင်တော့ မြို့နဲ့အနီးဆုံး စိုးမိုးကုန်း ဖြစ်တဲ့ မိမိအမြောက် ၄ လက်တင်ထားတဲ့ ပွိုင့် ၄၅၆၁ တောင်ကုန်းကို မနက် ၅ နာရီ မိနစ် ၂၀ မှာ ဗကပ တပ်ရင်း ရင်း ၃၀၃၁၊ ၃၀၃၃၊ ၃၀၃၇ တပ်ရင်းသုံးရင်းနဲ့ အပြင်းအထန်ဝင်တိုက်တယ်။ မိမိတပ်မှာ တပ်စုနှစ်စုသာရှိတယ်။ တစ်ခုက ခြေလျင်က၊ တစ်စုက အမြောက်က။
အဲဒီတပ်စု နှစ်စုဟာ ဗကပတပ်ရင်း ၃ ရင်းကို ၃ နာရီကျော်ကြာအောင် ခုခံတိုက်ပွဲဝင်နိုင်ခဲ့ တယ်။ အမြောက်တပ်စုက စစ်သည် တွေကလည်း ခြေလျင်တပ်က စစ်သည်တွေနဲ့အတူ ရွပ်ရွပ်ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီလို ညီညွတ်လို့လည်း ဒီ လောက်အထိ ခံနိုင်တာဖြစ်ပါတယ်။
အဲဒီ ပွိုင့် ၄၅၆၁ ကျသွားတော့ ဖိုးဂေါ်ရခါးခေါ် ခလရ ၄ ဟာ တခြားစစ်ကူမပါဘဲ ဆယ်နာရီ အတွင်း ရအောင်ပြန်သိမ်းနိုင်ခဲ့တယ်။ ဒါဟာ တပ်မတော်ရဲ့ စွမ်းရည်မှန်ပဲ ဖြစ်တယ်။ သမိုင်း မှတ်တိုင်တွေလည်း ဖြစ်တယ်။ ခလရ ၄ ပြန်တိုက်လို့ ဒရောသောပါး ဆုတ် သွားတဲ့ ရန်သူ ဗကပတပ်က ရင်း ၃၀၃၁ တပ်ရင်းမှူးကျသွားလို့ လမ်းမှာမြှုပ်ခဲ့ရတယ်။
၁၉၈၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ ကေအိုင်အေ စစ်ဦးစီးချုပ် ဇော်မိုင် ဦးစီးတဲ့ အင်အား ၇၀၀ ကျော် (တပ်ရင်း ၄ ရင်း) ဟာ ဗိုလ်မှူးစိုးအောင်ဦးစီး အင်အား ၇၄ ယောက်ရှိတဲ့ မိမိတပ် ခလရ ၄၇ စစ်ကြောင်း ၂ ထိုင်နေတဲ့ နားလုံ စခန်းကို တိုက်ခဲ့တယ်။ သြဂုတ် ၂၈ ရက်နေ့အထိ အပြင်းအထန်တိုက်ပေမဲ့ မိမိစခန်းမကျဘဲ ရန်သူ အလောင်းလက်နက် အများအပြားထား ခဲ့ပြီး ပြန် ဆုတ်သွားခဲ့ရတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ဝန်းကျင်လောက်က ရှားတောမှာရှိတဲ့ မိမိတပ် တပ်စုစခန်းလေးကို KNPP အင်အား ၃၀၀ လောက် တစ်ည လုံးလာတိုက်တာ မိုးလင်းတဲ့အထိ စခန်းမကျ လို့ ခေါင်းဆောင် လုပ်တဲ့သူ သံလွင်မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့တယ်။
တပ်မတော်ဟာ တိုက်စွမ်းရည် အစဉ်အလာကောင်းတွေ သမိုင်းဝင်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ စစ်တိုက်တဲ့အခါ ရန်သူကို အထင် မသေး၊ အထင်မကြီးဖို့တော့လိုပါတယ်။
ကိုးကန့်တိမ်းရှောင်သောင်ကျန်းသူအဖွဲ့ကို ဦးစီးနေတဲ့ ဖုန်ကြားရှင်ဆိုတာ အသက်ကြီးပေမဲ့ တိုက်ပွဲအတွေ့အကြုံ အတော်ရင့် ကျက်တဲ့ ဗကပ စစ်ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ် တယ်။
ဗကပကကို ပုန်ကန်ခွဲထွက်လာတဲ့ ကိုးကန့်ခေါင်းဆောင်တစ်ယောက်အဖြစ် အတော်များများ သိပြီးသားဖြစ်ပါတယ်။ ဒါဆိုရင် ဖုန်ကြားရှင်ဟာ ဗကပမှာတုန်းက ဘယ်လိုတာဝန်မျိုးကိုယူရတဲ့ စစ်ခေါင်းဆောင်တစ်ယောက်လဲ။ စစ်မတိုက်ဘူးဘဲ စီးပွားရေး လုပ်နေတဲ့ ဗကပ ခေါင်းဆောင် တစ်ယောက်လား။ စစ်ရေးအတွေ့အကြုံရှိတဲ့ ဗကပ ခေါင်းဆောင်တစ်ယောက်လား။
၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် ကွမ်လုံ ရက် ၄၀ တိုက်ပွဲမှာ ဖုန်ကြားရှင်ဟာအဓိက ဦးစီးသူ ဗကပ စစ်ခေါင်းဆောင် တစ် ယောက်အဖြစ် ပါခဲ့တယ်။
၁၉၇၉ ခုနှစ်မှာ ဗကပဌာနချုပ် ပန်ဆန်း၊ ပန်ယန်း (ယခု UWSA တပ်စွဲထားတဲ့နေရာ) ကို ခြိမ်းခြောက်ဖို့ ဆင်နွှဲခဲ့တဲ့ မော်ဖ နယ် မြေ သိမ်းပိုက်စိုးမိုးရေး တိုက်ပွဲမှာလည်း ဖုန်ကြားရှင် ဟာ ရှေ့တန်းတပ်မှူးအဖြစ် တပ်မတော်စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်ခဲ့ သူဖြစ်တယ်။
ဒါ့ကြောင့် ရန်သူကို အထင်မသေးပါနဲ့။ အထင်လည်း မကြီးပါနဲ့၊ အထက်မှာဖေါ်ပြထားတဲ့ တိုက်ပွဲနှစ်ခုစလုံးမှာ ရန်သူဗကပတပ် တွေ ရှုံးပါတယ်။ ဒါပေမဲ့ ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူဟာ အလကားနေရင်း ဘိန်းပဲထိုင်ရှုနေတဲ့ တရုတ်ဘိန်းစားအဘိုးကြီး မဟုတ်ဘူးဆိုတာလောက် ကိုတော့ သိထားရမယ်။
ဖုန်ကြားရှင်ဟာ ရွက်ဆစ်နဲ့လည်း အမျိုးမကင်းတဲ့သူ တစ်ယောက်ဖြစ်ကြောင်း သိရတယ်။ ဒါလည်း အရေးကြီးပါတယ်။ ဝတပ်ဖွဲ့ မိုင်းလားမှာရှိတဲ့ စိုင်းလင်းဟာ ဖုန်ကြားရှင်ရဲ့ သမက်ဖြစ် တယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး။
တစ်ခါတုန်းက မာလှပါတယ်ဆိုတဲ့ ဗကပ ရင်း ၅၀၁ က ဝတွေဟာ ရန်သူ ဗမာတပ် (မိမိတပ် မတော်) က မာတယ်ဆိုရင် သုံး လေးချီလောက် ကျားတက်ထိုးပြီး တက်လို့မရတော့ရင် အမိန့် မရဘဲ ဆုတ်သွားတတ်တယ်တဲ့။ အဲဒါ ဗကပ ခေါင်းဆောင်ဟောင်း ရဲဘော်မြမောင်ခေါ် ရဲဘော်အောင်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသား) ကိုယ်တိုင် စာရေးဆရာမောင်ဆွေ သက်ခေါ် ဗိုလ်မှူးကြီးညွန့်ဆွေကို ပြောပြထားတာ။
နောက်ပြီး အဲဒီအချိန်က ဗကပ ဆက်သွယ်ရေးစက်တွေကို အင်ဒိုနီးရှားကွန်မြူနစ်တွေကို ကိုင် ခိုင်းထားလို့ တပ်ရဲ့ ကြားဖြတ် စက်က ဖမ်းရတာ အခက်အခဲရှိတယ်။
တပ်ကသတင်းတွေကိုတော့ ဗကပထဲက ဗမာရဲဘော်တွေကို ဖမ်းခိုင်းတဲ့အတွက် သူတို့ ဘက် မှာ ပြဿနာမရှိဘူးလို့ဆိုတယ်။ တပ်ဘက်ကလည်း တစ်ချိန်တုန်းကတော့ ဖိုးဂေါ်ရခါးခေါ် ခလရ ၄ မှာဆိုရင် စက်ကိုင် စစ်သည်တွေဟာ ဂေါ်ရခါးစကားကိုမှ စကားလိမ်နဲ့ပြောပြီး ဆက်သွယ်တော့ ရန်သူကြားဖြတ်ဖမ်းလို့ အဆင်မပြေခဲ့ဘူး။ ဒါလည်း စစ်ရေးအရ သင်ခန်းစာယူရမယ့် ဖြစ်စဉ် လို့ မြင်ပါတယ်။ အခုအချိန်မှာတော့ တရုတ်နယ်စပ်ဖြစ်တဲ့အတွက် ရန်သူဟာ တရုတ် ဖုန်းတွေနဲ့ ဆက်သွယ်လို့ရနိုင်တယ်။
အခု နေပြည်တော် သတင်းစာရှင်းလင်းပွဲအပြီးမှာ ရန်သူကိုးကန့်တပ်တွေဘက်ကနေ KIA ၊ မိုင်းလား ဝ တပ်ဖွဲ့ဝင်တွေ၊ TNLA၊ SSA ဝမ်ဟိုင်း စတဲ့အဖွဲ့တွေပါဝင်တိုက်ခိုက်တယ်ဆိုတာ သိခဲ့ရပြီ။ တိုက်ပွဲအတွင်းမှာ အမျိုးသမီးအသံတွေ တစ်ဘက်က အမိန့် ပေးသံမှာ တရုတ်သံ၊ ကချင်သံတွေကြားရတယ်ဆိုတာလည်း အစိုးရဘက်က သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ဖေါ် ပြော ဆိုခဲ့ပြီးပြီဖြစ်လို့ ပြည်သူကအစ ရန်သူဘယ်သူလဲဆိုတာ သိနေပြီဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီစစ်ပွဲမှာ တပ်မတော်ဘက်က ပြည်သူတွေ ဘယ်လောက်ထောက်ခံတယ်ဆိုတာ မီဒီယာတွေမှာတွေ့နေရတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်ရင် ရဲဘော်တို့နဲ့အတူတူ တိုက်ပွဲဝင်မယ့်သူတွေ အများကြီးရှိ တယ်ဆိုတာ သိစေချင်ပါတယ်။
တပ်မ ၉၉ ဆောင်ပုဒ်လေးကို အခုထိအမှတ်တရ ရှိနေပါတယ်။ စွန့်ဝံ့သူသာ အောင်ကြောင်းဖြာ တဲ့။
လောက်ကိုင်ဒေသ တိုက်ပွဲဝင်စစ်သည်အပေါင်း တိုက်ပွဲတိုင်း အောင်ပွဲဆွတ်ခူးနိုင်ပါစေ။
ရဲကျော်သူရ
ညွှန်း -
မောင်ဆွေသက်၏ ကဒူးမှ မော်ဖနှင့် သောင်းဝေဦးစာအုပ်များ

0 comments:

Post a Comment