ငြိမ်းချမ်းချင်လျှင် အမှန်မြင်
မြန်မာစကားမှာ မုန်းစကိုတိုစေ ချစ်စကိုရှည်စေတို့၊ နာစရာရှိရင် လွမ်းစရာနဲ့ဖြေတို့ စတဲ့ ဆိုရိုးစကားတွေရှိပါတယ်။ အဓိပ္ပာယ်က တော့ အပြုသဘောဆောင်တဲ့အဓိပ္ပာယ်၊ မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို ဦးစားပေးတဲ့အဓိပ္ပာယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ချစ်ခြင်းမေတ္တာ အကြောင်းတွေကိုသာ ပြောချင်ရေးချင်ပါတယ်။
ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာတော့ အမှန်တရားက နေဝေးကွာသွားစေပြီး တဖြည်းဖြည်း အမှားတွေကနေ မှန်ဖြစ်သွားနိုင်စေတဲ့ အကြောင်းအရာမျိုးတွေကိုတော့ ဆိုရေးရှိက ဆို အပ်လှစွာဆိုသလို မပြောချင်သော်လည်း ပြောရဆိုရပါတယ်။ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ထုတ် 7 Day Daily သတင်းစာမှာပါတဲ့ ဆောင်းပါးရှင် အောင်အောင် (IR) ရဲ့ ဆောင်းပါးကိုဖတ်ပြီး ဒီစာကိုရေးဖြစ်တာပါ။
ဆောင်းပါးတစ်ခုလုံးရဲ့ ဆိုလိုရင်း အနှစ်ချုပ်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နယ်စပ်ဒေသ ဆူပူ မှုတွေ၊ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံးဟာ ဗမာတိုင်းရင်းသားတွေရဲ့ ညံ့ဖျင်းမှု၊ မတရားမှုတွေကြောင့် ဖြစ်ရတာဖြစ်ကြောင်း သူ့အမြင်နဲ့သူရေးထား တာပါ။ ဆောင်း ပါးရှင်က စာရေးသူတို့ ဗမာတိုင်းရင်းသားတွေလို့ ယေဘုယျသုံးနှုန်းထား တဲ့အတွက် ဆောင်ပါး ရှင်ကို ဗမာ တစ် ယောက်လို့ ယူဆရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ဗမာတွေလွှမ်းမိုးတဲ့ အစိုးရများသာ ဖြစ်တဲ့အတွက် ဒီနိုင် ငံရဲ့ ပြဿနာများအတွက် ဗမာတွေမှာသာ တာဝန်ရှိတယ်လို့ ဆောင်းပါးရှင်ကရေးထားပါတယ်။ အဲဒီအစိုးရ အဆက်ဆက်ဟာ လည်း အရည်အသွေးမပြည့်ဝတဲ့ အစိုးရတွေသာဖြစ်တယ်၊ သူတို့အများစုဟာလည်း ဗမာတွေဖြစ် တယ်လို့ ဆိုပါတယ်။
၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်ကာလအထိ ပြည် သူတွေအသက်ရှုချောင်ခဲ့ပေမဲ့ ပြည်တွင်း စစ်တွေ၊ အကွဲအပြဲဇာတ်လမ်းတွေ ကြောင့် တိုင်းပြည်တိုးတက်အောင် မစွမ်းဆောင်နိုင် ခဲ့ဘူး။ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ကာလအထိလည်း တိုင်းပြည်တိုး တက်အောင် မစွမ်းဆောင်နိုင် ခဲ့ဘူး။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် စစ်အစိုးရအုပ်ချုပ်တဲ့ကာလမှာလည်း တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ၂၀၁၀ ခုနှစ်ကနေ ဒီကနေ့အချိန် အထိ အရပ်သားအစိုးရကာလမှာ လည်း တိုးတက်မှုတွေရနေပါတယ်ဆို ပေမဲ့ ဆင်းရဲချမ်းသာကွာဟမှု သိသိသာသာ လျော့ နည်းလာတာ မတွေ့ရသေးဘူးလို့ ဆောင်းပါးရှင်ကဆိုပါတယ်။
၁၉၄၈ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ တိုင်းပြည်မတိုးတက်သေးဘူး၊ ဆင်းရဲချမ်းသာ ကွာဟ မှုတွေကြီးမားနေဆဲပဲဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ရတဲ့အကြောင်း တရားတွေ ဟာ ဗမာလူမျိုးကြောင့်ဆိုတဲ့ အဆိုကိုတော့ သဘောမတူပါ။ အောင်မြင်မှုမှာ ဖခင်တွေများပြီး ရှုံးနိမ့်မှုကတော့ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့ အနောက်တိုင်းစကားပုံကို သတိရမိပါ တယ်။ ပြန်ပြောရင် ဓာတ်ပြားဟောင်းတွေ ပြန်ပြန်ဖွင့်ရတာမို့ ကြာတော့ဓာတ်ပြားဟောင်းတွေ ဖွင့် ချင်စိတ်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီအကြောင်းပြောရင် ဒီဓာတ်ပြားဟောင်းက ပါလာ စမြဲပါပဲ။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအချင်းချင်းသွေးကွဲစေတဲ့အကြောင်းကိုပြောရင် ဗြိတိသျှနယ်ချဲ့ အကြောင်းမပါလို့ကို မဖြစ်ပါဘူး။ ဆောင်းပါးရှင်အောင်အောင်က နိုင်ငံခြာသားဆိုတာ အင်္ဂလိပ်ခေတ်မှာတင်မဟုတ်ဘူး၊ အခုလည်း အင်အားနည်းတဲ့ လူနည်းစုဆို ရင် ကူညီနေတာပါ ပဲဗျာလို့ ဆိုပါတယ်။ မလေး၊ အိန္ဒိယ၊ တရုတ်တို့မှာလည်း လွတ်လပ်ရေးရပြီး ပြဿနာတွေဖြစ် အချိန်ကာလ ကြာတာနဲ့ ဒီပြဿနာတွေ လျော့ပါးပျောက်ကွယ်သွားတာပဲ။ ဘာဖြစ်လို့လဲ။ သာတူညီမျှမှုဖန်တီးနိုင်လို့ပေါ့ဗျာ။ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်လို့ပေါ့ဗျာလို့ ဆိုပါတယ်။
ဟုတ်ကဲ့ ဆောင်းပါးရှင်ကိုအောင်အောင်ခင်ဗျား…ကိုအောင်အောင်ရည်ညွှန်းတဲ့နိုင်ငံခြားသားဆိုတာ အနောက်နိုင်ငံသားတွေကို ဆိုလိုတယ်လို့ ယေဘုယျယူရင် မမှားဘူးထင်ပါတယ်။ နိုင်ငံခြား သားဆိုတာ အင်အားနည်းတဲ့ လူနည်းစုဆိုရင် ကူညီနေတာပါပဲ ဗျာဆိုတဲ့စကားဟာ အမြဲတမ်း မမှန် သလို အကြောင်းရင်းလည်း မမှန်ပါဘူး။ ကျူးဘားနိုင်ငံမှာ ဘာတစ္စတာစစ်အစိုးရ အုပ်ချုပ် တဲ့ အချိန်မှာ အဲဒီစစ်အစိုးရကို အမေရိကန်က ပံ့ပိုးထောက်ပံ့ထားတာပါ။ ပနားမားမှာ နိုရီယေး ဂါးကိုမွေးမြူထားတာ အမေရိကန် အ စိုးရပါ။ အမေရိကန်၊ အင်္ဂလိပ်၊ ဒတ်ခ်ျ၊ ပြင်သစ် စတဲ့ ကိုလိုနီနယ်ချဲ့မှန်သမျှ သူတို့အကျိုးစီးပွားအတွက် နယ်ချဲ့ခဲ့ကြတာချည်း ပါပဲ။ ဘယ်သူကမှ သူတို့အကျိုးစီးပွားမပါဘဲ တိုင်းရင်းသားလူနည်းစုတွေကို ချစ်လွန်းလို့ဆိုပြီး မကူညီပါဘူး။
ဗြိတိသျှနယ်ချဲ့ဟာမြန်မာနိုင်ငံကို သုံးကြိမ်စစ်ပြုခဲ့တာ အားလုံးသိပြီးသားပါ။ သူတို့စစ်ပြုတဲ့နိုင်ငံ တိုင်းမှာ ခရစ်ယာန်ဘာသာကို သာသနာပြုလေ့ရှိပါတယ်။ ပထမအကြိမ်မှာ တနင်္သာရီနဲ့ ရခိုင်ဒေသကို ရခဲ့ပေမဲ့ ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့ တနင်္သာရီသားများ၊ ရခိုင်သားများ၊ မွန်တိုင်း ရင်းသားများနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသား ကရင်တိုင်းရင်းသားများကို ဘာသာရေးအရ သိမ်းသွင်းစည်းရုံး လို့မရတဲ့အခါ ဗုဒ္ဓဘာသာဝင်မဖြစ်သေးတဲ့ ကရင်တိုင်းရင်းသားများကို ခရစ်ယာန်သာသနာပြုပြီး သိမ်းသွင်းစည်းရုံးပါတယ်။
ဗြိတိသျှတွေဟာ အစောပိုင်းကာလမှာဆိုရင် ဗမာတွေကို စစ်တပ်ထဲဝင်ခွင့်မပြုပါဘူး။ ကချင်၊ ကရင်၊ ချင်း စတဲ့ သူတို့သာသနာ ပြုထားပြီးသား ခရစ်ယာန်ဘာသာဝင်တိုင်းရင်းသားတွေကိုသာ စစ်တပ်ထဲဝင်ခွင့်ပြုခဲ့တာပါ။ အင်္ဂလိပ်သမိုင်းဆရာတွေဟာ ဗမာ လူမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ပါးလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဗမာ့သမိုင်းကိုလည်း စိတ်ကြိုက်ဖျက်ဆီးခဲ့ ပါသေး တယ်။ အင်္ဂလိပ်တွေဟာ ပျူခေတ်ဗမာ့ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပြီး ပျူဆိုတာ ဗမာမဟုတ်တဲ့ သီးခြားလူမျိုးစု တစ်စုဖြစ် တယ်လို့ ဖေါ်ပြခဲ့တယ်။ ဒီကနေ့ခေတ်မှာတောင် ပျူခေတ်ဗမာ့ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပစ်နေတဲ့သူတွေရှိနေပါတယ်။
အင်္ဂလိပ်ဘုရင်ခံရုံးကနေ ဘိလပ်ကိုပို့တဲ့အစီရင်ခံစာတွေမှာ ဗမာတွေဟာ ယဉ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ (uncivilized people) တွေ ဖြစ်တယ်၊ တစ်နည်းအားဖြင့် Barbarian အရိုင်း အစိုင်းတွေဖြစ်တယ်၊ ခရစ်ယာန်သာသနာနဲ့ထိတွေ့ပြီး ပြုပြင်မှသာ လူယဉ်ကျေး အဖြစ် ကိုရောက်ရှိမှာဖြစ်တယ်၊ ဒါ့ကြောင့် ဗမာတွေအကျိုးအတွက် အထက်မြန်မာပြည်ကို အမြန် သိမ်း ပိုက် သင့်ကြောင်း အစီရင်ခံ စာတွေ ရေးသားပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အင်္ဂလိပ်တွေရဲ့ အဓိက ရည်ရွယ်ချက်က သူတို့သိမ်းပိုက်လိုက်တဲ့ နယ်မြေဒေသမှာရှိ တဲ့ လူမျိုးစုတွေကို ခရစ်ယာန်ဘာ သာဝင်တွေဖြစ်အောင် သာသနာပြုပြီး သူတို့ရဲ့ လက်အောက် သြဇာခံဖြစ်အောင် ဆောင်ရွက်ဖို့ပါ။ ဇာတိ၊ ပုည၊ ဂုဏ်မာန ကြီးမား လွန်းတဲ့ ဗမာတွေ၊ ရခိုင်
တွေ၊ မွန်တွေ ကိုတွေ့ပြီး သာသနာပြုလို့မရတဲ့အခါ ခေတ်စကားနဲ့ပြောရရင် တင်းသွားပါတယ်။
ဒီတော့ သူတို့စည်းရုံးလို့ရတဲ့ တိုင်းရင်းသားလူနည်းစုကို မြှောက်ပေးပြီး သွေးခွဲ အုပ်ချုပ်တော့ တာပါပဲ။ ရခိုင်နဲ့ မွန်တွေကိုတော့ ဗုဒ္ဓဘာ သာဝင်တွေဖြစ်ပေမဲ့ ဗမာနဲ့ ပဒေသရာဇ်ချင်း အားပြိုင်ခဲ့တဲ့ အတိတ်ဇာတ်လမ်းတွေကို အသုံးချပြီး သွေးခွဲတာပါပဲ။ အဓိကကတော့ အများ စုဖြစ်တဲ့ ဗမာတွေကို အခဲမကျေတာပါ။
အင်္ဂလိပ်အုပ်ချုပ်စဉ်မှာ သူတို့ကိုတော်လှန်ပုန်ကန်တဲ့ ဗမာ့တော်လှန်ရေးအင်အားစုတွေကို စစ်ပါရီ ဂေါ်ရာတပ်တွေအပြင် ကရင်၊ ကချင်၊ ချင်း စတဲ့ခရစ်ယာန်တိုင်းရင်းသား တပ်တွေအ သုံးပြု ပြီး နှိပ်ကွပ်ခဲ့ပါတယ်။ “အင်္ဂလိပ်တွေကတော်ပြီး ကျွန်တော်တို့က ညံ့ တာဗျ။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီးမှာ ကရင်တွေကို သာသနာပြုပြီး စည်းရုံးလိုက်တယ်။ ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲ လည်းကျရော ကျွန်တော်တို့ ကရင်တွေကို စစ်တိုက်ခိုင်းပြီ။ သေရင် ကရင်နဲ့ ဗမာသေပေါ့ဗျာ။ မဆိုးဘူး သူ့နည်းက။” လို့ ခရစ် ယာန်ဘာသာဝင် ကရင်အမျိုးသား မိတ်ဆွေတစ်ဦးကပြောဖူးပါတယ်။
အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းတုန်းက သူတို့ရဲ့စစ်တက္ကသိုလ်သက်တမ်းဟာ နှစ် ၁၀၀ ကျော်ရှိပြီး အရပ်ဘက်တက္ကသိုလ်တွေ ရဲ့ သက်တမ်းဟာ နှစ် ၂၀၀ ကျော်ရှိနေပါပြီ။ ဖွံ့ဖြိုးတိုးတက်မှုချင်း၊ ပညာတတ်တာချင်း အင်မတန်ကွာခြားပါတယ်။ ဒါ့ကြောင့် ယုတ်မာကောက် ကျစ်စဉ်းလဲတဲ့နေရာမှာလည်း ဗမာတွေထက် အပုံကြီးသာတယ်လို့ပြောရမှာဖြစ်ပါတယ်။ ပညာတတ်တာကိုး။ အင်္ဂလိပ်စည်းရုံးရေး ဘယ်လောက်ကောင်းသလဲဆိုရင် ဒေါက်တာစံစီပိုးလို ကရင်ပညာတတ်ကြီးကတောင် အင်္ဂလိပ်ကျေးဇူး တရားကို နားမလည်တဲ့ ကရင်ဟာ ကျေးဇူး ကန်းတဲ့၊ ကျေးဇူးမသိတတ်တဲ့ ကရင်ပဲဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။
ဗမာ့တော်လှန်ရေးသမားတွေကိုဖမ်းမိလို့ နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေကို အသုံးပြု တော့ ဗမာတွေကလည်း “အေး…မင်းတို့ပထွေးတွေ မိုးကောင်း တုန်း ရွာထားကြဦးပေါ့ကွာ။ မင်းတို့ ပထွေးတွေ မရှိတော့တဲ့ တစ် နေ့ကျ ရင် တွေ့ ကြသေးတာပေါ့” လို့ ကြုံးဝါးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်ကာလနဲ့ စစ်ပြီးခေတ် မှာဖြစ် ခဲ့တဲ့ ကရင် - ဗမာ အဓိကရုဏ်းတွေဟာ အဲဒီဖွဲမီးတွေကနေ စတင်လောင်ကျွမ်းခဲ့တာပါ။
ကိုအောင်အောင်ပြောတဲ့ ၁၉၄၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်ကာလကို ပြန်ပြီး ငဲ့စောင်းကြည့်လိုက်ပါဦး။ လွတ်လပ်ရေးရပြီး သုံးလေးလ အတွင်းမှာ သူပုန်ထပြီး မြန်မာနိုင်ငံတစ်နံတစ်လျား မြို့တွေ ကို သောင်းကျန်းသူပေါင်းစုံက သိမ်းပါတယ်။ အားအကောင်းဆုံးအဖွဲ့ ကတော့ ကေအင်ဒီအိုခေါ် ကရင်သောင်းကျန်းသူအဖွဲ့ပါပဲ။ အင်းစိန်တိုက်ပွဲ၊ ကတုတ်ဘုရားကြီး တိုက်ပွဲ၊ ဝက်ကော် တိုက် ပွဲတွေ အကြောင်းတော့ အသေးစိတ်မပြောတော့ပါ။ ပြည်တွင်းသောင်း ကျန်းမှုကာလက ကေ အင်ဒီအို၊ ကွန်မြူနစ်၊ ရဲဘော်ဖြူနဲ့ မူဂျာ ဟစ် သူပုန်တွေ သိမ်းပိုက်ထားခဲ့တဲ့မြို့တွေဟာ စုစုပေါင်း ၃၁ မြို့ရှိပါတယ်။ လွတ်လပ်ရေးရရချင်း ဝါဒရေး၊ လူမျိုးရေး သဘော ထားမတူညီမှုတွေကို စားပွဲ ဝိုင်း မှာမဖြေရှင်းဘဲ သေနတ်နဲ့ ဖြေရှင်းခဲ့ကြလို့ ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်းတောက်ခဲ့ကြတဲ့ သမိုင်း မှာ ဗမာလူမျိုးမှာသာ တာဝန်ရှိတယ်၊ ဗမာလူမျိုးတစ်မျိုးတည်းရဲ့ အပြစ်ဆိုတာကတော့ တာဝန်မဲ့လွန်းအားကြီးတဲ့ စကားလို ဖြစ်နေပါတယ်။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရတို့ အုပ်ချုပ်ခဲ့တာပါ။ ၁၉၆၃ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးကြပါတယ်။ မအောင်မြင်ပါ။ ၁၉၇၄ ခုနှစ်မှာ မဆလ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်မတိုးတက်ခဲ့ပါဘူး၊ မှန်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာ က ဦးနေဝင်းအုပ်ချုပ်ခဲ့လို့ တိုင်းပြည်မတိုးတက်တာ မဟုတ်ပါဘူး။ ဘယ်သူအုပ်ချုပ် အုပ်ချုပ် တိုင်းပြည်ဆင်းရဲမှာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ စနစ်ကြောင့်ပါ။ မဆလပါတီကို သံယောဇဉ်တွယ်လွန်းအားကြီးသူတွေကတော့ ဒီစကားကို လက်ခံချင်မှ လက်ခံ ပါ လိမ့်မယ်။ ဒါပေမဲ့ ဒါ အမှန်တရားပါ။ ကမ္ဘာပေါ်က ကျန်တဲ့ ကွန်မြူနစ် (သို့) ဆိုရှယ်လစ်နိုင် ငံတွေအားလုံး နတ်ဘုံ နတ်နန်းကြီး တမျှတိုးတက်ပြီး မြန်မာနိုင်ငံတစ်ခုထဲ ဆင်းရဲမွဲတေနေတယ် ဆိုရင်တော့ ဦးနေဝင်း ညံ့ဖျင်းလို့ဆိုတာ ဖြစ်နိုင်ပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာပေါ်မှာ ကွန်မြူနစ် (သို့) ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံအားလုံး နီးပါး (တရုတ်ကလွဲ လို့) ဘယ် နိုင်ငံမှ မတိုးတက်ပါဘူး။ အဲဒီအချိန်က ဦးနေဝင်းမဟုတ်ဘဲ ဦးနုပဲ အုပ်ချုပ် အုပ်ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ အုပ်ချုပ် အုပ်ချုပ် ဒီစနစ်နဲ့ သွားလို့ကတော့ ဒီဘူတာပဲ ဆိုက်မှာပါ။ မန္တလေးသွားချင်ပေမဲ့ မော်လမြိုင်ရထားတက်စီးမှတော့ မန္တလေး ဘယ်ရောက်ပါ့ မလဲ။ မော်လမြိုင်ပဲရောက်မှာပါ။ ၁၉၈၉ ခုနှစ်မှာ ဘာလင်တံတိုင်းကြီး ပြိုကျသွားပြီးတဲ့နောက် ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေ လည်း ဒိုမီနိုသီအိုရီအတိုင်း တဝုန်းဝုန်း လဲပြိုကုန်တော့တာပါပဲ။
၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အရပ်သားအစိုးရတက်လာတဲ့အချိန်အထိ ကြည့်ရအောင်ပါ။ ဆိုခဲ့တဲ့အတိုင်း ၁၉၄၈ ခုနှစ် လွတ် လပ်ရေးရတဲ့အချိန်ကနေစပြီး ၁၉၈၈ ခုနှစ် အရေးအခင်းပြီး တဲ့အချိန်အထိ ပြည်တွင်းသောင်းကျန်းမှု မချုပ်ငြိမ်းတဲ့အပြင် ပိုလို့ တောင်တိုးပွားလာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အစိုးရရဲ့ အဓိက ရန်သူဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲ သွားပေမဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကတော့ ရှိနေဆဲပါပဲ။
ဗြိတိသျှနယ်ချဲ့ခေတ်ကတည်းက ပြိုကွဲခဲ့တဲ့ စည်းလုံးညီညွတ် ရေးကို ပြည်တွင်း အားအဖြစ် ပြန် လည် မတည်ဆောက်နိုင်သေးပါဘူး။
ဒီနေရာမှာ တစ်ခုပြောချင်တာက လွတ်လပ်ရေးရခါစက အစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အန္တရာယ်ကို ကြိုတင်တွက်ဆ ကောင်း တွက်ဆထားနိုင်ပေမဲ့ တိုင်းရင်းသားတွေကိုတော့ လက် နက်စွဲကိုင် ပုန်ကန်လိမ့်မယ်လို့ မျှော်လင့်ထားပုံမရပါဘူး။ ဒါ့ ကြောင့် ကေအင်ဒီအိုတွေ ပုန်ကန် တဲ့အချိန်မှာ တပ်မတော်က ကရင်တပ်ရင်းတွေ တောခိုသွားတော့ shock ဖြစ်သွားပုံရပါတယ်။ ဒီကနေ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေတဲ့အကြောင်း ရင်းတွေထဲမှာ အဲဒီ shock တွေ လည်းပါနိုင်ပါတယ်။ မကွယ်မဝှက် ပြောရရင် တပ်မတော်ထဲမှာ ဗမာအများစုရှိနေတာမို့ ဗမာတွေ ရဲ့ စိတ်ထဲမှာ တိုင်းရင်းသားတွေဟာ အင်အားကောင်းလာတာနဲ့ လက်နက်စွဲကိုင် ပုန်ကန်မယ်၊ ပြီးရင် တိုင်းပြည်က ခွဲထွက်မယ်လို့ စွဲသွားပုံရပါတယ်။
အဲဒီလိုစွဲသွားအောင်လည်း စောဘဦးကြီးခေါင်းဆောင်တဲ့ ကရင်အမျိုးသားနိုင်ငံရေး သမား ကြီး လေးဦးဟာ အောင်ဆန်းအက်တလီ စာချုပ်မချုပ်ခင်ကတည်းက အင်္ဂလန်ကိုသွားပြီး ဗြိတိ သျှအစိုးရဆီမှာ ကရင်ဒေသတွေကို ဗမာနဲ့မပေါင်းဘဲ သီးခြားလွတ်လပ် ရေးပေးဖို့၊ အဲဒီလို သီးခြားလွတ်လပ်ရေးရရင် အင်္ဂလိပ်ဓနသဟာယနိုင်ငံအဖြစ် ပူးပေါင်းနေထိုင်သွား မှာဖြစ်ကြာင်း တင်ပြခဲ့ တယ်လို့ ဆိုပါတယ်။ အခုခေတ် ဝမ်ပေါင်သမ္မတနိုင်ငံ ထအော်သလိုမျိုးပေါ့။
လွတ်လပ်ရေးရပြီးတဲ့နောက်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအပြင် ဗမာပြည် ကွန်မြူနစ် ပါတီကလည်း အင်အားကောင်း တော့ ဗမာအများစုရှိနေတဲ့ အစိုးရနဲ့ စစ်တပ်ဟာ တိုင်းပြည်တည်ဆောက်ရေးထက် လက်နက်ကိုင်တပ်ဖွဲ့ အားကောင်းအောင် တည်ဆောက်ရေး ကိုသာ အဓိကအာရုံထားတာ ဖြစ်နိုင်ပါတယ်။
တိုင်းပြည်တည်ဆောက်ရေးက ငြိမ်းချမ်းရေးရမှ ဖြစ်မှာကိုး။ တိုင်းပြည်တည်ဆောက်ရေး က လောလောဆယ် မသေချာသေးပေမဲ့ စစ်ရေးအရခြိမ်းခြောက်နိုင်တဲ့ အဖွဲ့တွေရှိနေတဲ့ အတွက် တပ်မတော်အစိုးရ လက်ထက်မှာလည်း တပ်မတော်အင်အား တောင့်တင်းရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ ယူဆရ မှာပါ။
တစ်ခုရှိတာက တပ်မတော်အစိုးရဟာ စပြီးအာဏာသိမ်းစဉ်ကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေး လမ်းကြောင်းမှာ တစ်ပါတီ စနစ်နဲ့ သွားလို့မရတော့ဘူး၊ ဒီမိုကရေစီစနစ်နဲ့ သွားမှဖြစ်တော့မယ် ဆိုတာ သိပြီးသားဖြစ်ပုံရသလို အနာဂတ် နိုင်ငံရေးအခြေအနေ၊ စစ် ရေး၊ ပထဝီနိုင်ငံရေး စတာတွေကို အားလုံးထည့်သွင်းစဉ်းစားတွက်ချက်ထားပြီးသားလည်း ဖြစ်ပုံရပါတယ်။ ဒါ့ကြောင့် အာဏာ သိမ်းကာလဖြစ်တဲ့ ၂၂ နှစ်အတွင်းမှာ ရှိသမျှသယံဇာတတွေရင်းပြီး တပ်မတော်ကို ရနိုင်သမျှ အကောင်းဆုံးဖြစ်အောင် စွမ်းရည် မြှင့်တင်ခဲ့ပုံရပါတယ်။
အာဏာသိမ်းကာလရှည်ကြာတဲ့အားနည်းချက်ကတော့ ထုံးစံအတိုင်း စစ်အစိုးရ အုပ်ချုပ်နေတဲ့ ကာလမို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအားနည်းချက်တွေကို အခွင့်ကောင်းယူအမြတ်ထုတ်ပြီး စစ်ဗိုလ်ချုပ်ကြီးတချို့ကြီးပွားချမ်းသာသွားကြ တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ သယံဇာတ အများစုကတော့ တပ်မတော်မွန်းမံတည်ဆောက်ရေးမှာသာ အသုံးပြုခဲ့ပုံရပါ တယ်။ ဒီမိုကရေစီ စနစ်နဲ့သွားလို့ လွှတ်တော်ပေါ်လာရင် တလောက စစ်အသုံးစရိတ်လျှော့ချဖို့ အဆိုတင်သွင်း တဲ့ ဒေါ်နန်းဝါနုလို လွှတ်တော်ကိုယ်စားလှယ်များရဲ့ တပ်မတော်အပေါ် ထိုးနှက်တိုက်ခိုက် လာမယ့် လွှတ်တော်တွင်းတိုက်ပွဲတွေကိုပါ မျှော်လင့်ထား ပြီးသားဖြစ်နိုင်ပါတယ်။
ဒီလိုပြောလိုက်လို့ ဗမာကြီးစိုးတဲ့ စစ်တပ်နဲ့ ဗမာအများစုရှိတဲ့ အစိုးရဟာ ငြိမ်းချမ်းရေးကို မလို လားဘူး၊ စစ်ကိုသာ လိုလားတယ် လို့ လိုရာဆွဲမတွေးပါနဲ့ဦး။ မသေချာသေးတဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးထက် သေချာနိုင်တဲ့ စစ် အတွက်ပြင် ဆင်ထားတာဟာ မှားတယ် လို့ပြောရ ခက်ပါတယ်။ အခုလောလောဆယ်ပဲ လောက်ကိုင်ဒေသ စစ်ပွဲတွေကိုကြည့်ပါ။ ပါးစပ် က ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး တစာစာအော်နေပေမဲ့ ကိုးကန့်အဖွဲ့နဲ့အတူ ဝင်ရောက် တိုက်ခိုက် ကြတာ မြန်မာနိုင်ငံအထက်ပိုင်းမှာရှိ တဲ့ သူပုန် အကုန်နီးပါးပါပဲ။ သံတမန်ပရိယာယ်အရတော့ ကျွန်တော်တို့ မပါပါဘူးလို့ ဗြောင်ငြင်းကြတာပေါ့။ ဗမာတွေရဲ့ကျောမှာ ၁၉၄၈ - ၁၉၄၉ ခုနှစ်ဝန်းကျင်က ရခဲ့တဲ့ ဓားဒဏ်ရာအမာရွတ်ကြီးရှိနေပါသေးတယ်။
ဒီတော့ ဆောင်းပါးရှင် ကိုအောင်အောင်ပြောသလို တိုင်းပြည်မတိုးတက်တာ ဗမာတွေကြောင့် လို့ ပြောရအောင် တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တည်ဆောက်ခွင့်ရတဲ့ အချိန်ရော ဘယ်လောက်ရှိခဲ့လို့လဲလို့ မေးချင်ပါတယ်။ မဆလ ခေတ် ထည့်မပြောပါနဲ့တော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အဲဒီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်တိုင်းဆင်းရဲတာပါ။ တိုင်းပြည်တော်တော် များ များလည်း ပြိုကွဲပါတယ်။ တရုတ်နဲ့ မြန်မာကလွဲလို့ပေါ့။
ဗမာတွေဟာ လူနည်းစုတိုင်းရင်းသားဒေသတွေကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ပေးနိုင်ခဲ့ဘူး လို့ ဆောင်းပါးရှင်ကိုအောင်အောင် က ပြောပါတယ်။ မှန်ပါတယ်။ လူနည်းစုတိုင်းရင်းသားဒေ သတွေတင်မကပါဘူး လူများစု ဗမာတွေရဲ့ ဒေသတွေလည်း မတိုး တက်ပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေကို ကွက်ပြီး မကြည့်ပါနဲ့။ အညာဒေသမှာရှိတဲ့ မကွေး တိုင်းထဲက ရွာ တွေကို တစ်ခေါက်လောက်သွားကြည့်ပါ။ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ မြို့နယ်တွေထဲက ရွာတွေကို သွားကြည့်ပါ။ စာမတတ်တဲ့ ကလေးတွေ၊ နေ့ဖို့ညစာမမှန်တဲ့ မိသားစုတွေ ဒုနဲ့ဒေးပါ။
ဆင်းရဲတာချင်းအတူတူ ဗမာတွေက စာတတ်တာ၊ ပညာတတ်တာ ပိုများပါတယ်လို့ စကား ကပ်ပြီးပြောရင်တော့ ဟုတ်ကဲ့ လူဦး အချိုးများလို့ပါလို့ပဲဖြေပါရစေ။ ဒီ့ထက်ရှင်းအောင် ဥပမာ
ပေးပါဦးမယ်။ ကျွန်တော်တို့နယ်ကနေ ရန်ကုန်ရောက်လာရင် ရန်ကုန်သူ တွေ က ချောတာများ တယ်လို့ ပြောလေ့ရှိပါတယ်။ မိတ်ဆွေတစ်ယောက်ကတော့ လူဦးရေများလို့ပါဗျာလို့ပြော ဖူးပါတယ်။ ကျွန် တော်က မရှင်းလို့ မေးကြည့်လိုက်တော့ သူကအချိုးချကြည့်လို့ပြောပါတယ်။
ရန်ကုန်လူဦးရေဟာ ၆ သန်းနီးပါးရှိပါတယ်။ တနင်္သာရီတိုင်းတစ်တိုင်းလုံး လူဦးရေဟာ ၁. ၄ သန်းကျော်ပဲရှိပါတယ်။ လူဦးရေရဲ့ တစ်ဝက်ကို အမျိုးသမီးတွေလို့ပဲ ဆိုကြပါစို့။ တနင်္သာရီတိုင်း မှာ အမျိုးသမီး ဦးရေ ၇ သိန်းရှိပြီး ရန်ကုန်မှာ အမျိုးသမီးဦးရေ သိန်း ၃၀ ရှိပါတယ်။ အမျိုးသမီး တစ်သိန်းမှာ ချောတဲ့လှတဲ့သူ အယောက် ၁၀၀ ရှိ တယ် ထားလိုက်ပါတော့။ ဒါဆိုရင် တနင်္သာရီ တစ် တိုင်းလုံးပတ်ပြီးကြည့်ရင် အမျိုးသမီးအချောအလှ ၇၀၀ ရှိပါမယ်။ အဲဒါကို တိုင်းအတွင်းမှာရှိ တဲ့ မြို့နယ်နဲ့ ထပ်ပြီးစားလိုက်ရင် တစ်မြို့နယ်မှာ ပျမ်းမျှတွေ့ရနိုင်တဲ့ အမျိုးသမီးအချောအလှ စာရင်းကိုတွေ့ရမှာပါ။
ရန်ကုန်မှာတော့ အမျိုးသမီးဦးရေ သိန်း ၃၀ ရှိတဲ့အတွက် တစ်သိန်းမှာ အယောက် ၁၀၀ နှုန်းနဲ့ ဆိုရင် အမျိုးသမီးအချောအလှ ၃၀၀၀ ရှိပါလိမ့်မယ်။ အခုလို နှုန်းနဲ့ဆိုရင် တနင်္သာရီတစ်တိုင်း လုံးမှာ အမျိုးသမီးအချောအလှ ၇၀၀ ပဲတွေ့နိုင်ပေမဲ့ ရန်ကုန်တစ် မြို့ထဲမှာ အမျိုးသမီး အချော အလှ ၃၀၀၀ တွေ့ရမှာဖြစ်ပါတယ်။ ဗမာတွေက စာတတ်တာ ပညာတတ်တာ ပိုများတယ်ဆိုတာ က လည်း ဗမာလူဦးရေက တိုင်းရင်းသားအားလုံးထဲမှာ ၇၀% ရှိနေလို့ပဲဖြစ်ပါတယ်။
ဆောင်းပါးရှင် ကိုအောင်အောင်ပြောတဲ့ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုတွေ၊ သာတူညီမျှတွေဆိုတာ တိုင်းပြည်ငြိမ်းချမ်းရေးရပြီး ပြန် လည်တည်ဆောက်နိုင်တဲ့ အချိန်ကျမှသာ ဆွေးနွေးညှိနှိုင်း တိုင် ပင်ပြီး ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြည်တွင်း စစ်နဲ့ တောက်လျှောက်နပမ်း လုံးနေရတဲ့ တိုင်းပြည်မှာ တိုင်းပြည်တည်ဆောက်တဲ့အချိန်ရယ်လို့ ဟုတ်ဟုတ်ငြားငြား မရှိသေး ပါ ဘူး။
တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲ ဟန်ဆောင်အပြုံးတွေဖြုတ်ချ၊ နှလုံးသားအသစ်နဲ့ အမှန်တကယ် ညီရင်းအစ်ကို လို စိတ်မျိုးနဲ့ဆွေးနွေးတိုင်ပင်ပြီးမှသာ ဒီကနေ့ တိုင်းရင်းသား အားလုံး လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလျှောက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။
စာမေးပွဲမဖြေဘဲနဲ့ စာမေးပွဲအောင်ချင်လို့ မဖြစ်နိုင်ပါဘူး။ စာမေးပွဲဖြေနိုင်အောင်လည်း စာကျက်၊ လေ့ကျင့် ခန်းတွေပုံမှန်လုပ်ထားမှရမှာပါ။ ဆယ်တန်းအောင်ဖို့အတွက်တောင် အချိန်ယူပြင်ဆင်မှုတွေ အများကြီးလုပ်ရသေးရင် နှစ်ရှည်လ များ စစ်တိုက်လာတဲ့ တစ်မြေထဲ ဖွားတွေအချင်းချင်း စားပွဲဝိုင်းမှာ ချစ်ချစ်ခင်ခင် ဆွေးနွေးနိုင်ဖို့ဆိုတာ အချိန်လိုပါတယ်။ တစ် ဘက်မှာငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့ပြင်ဆင်နေတယ်ပြောပြီး တခြားတစ်ဘက်ကနေ တပ်မတော်ရဲ့ ရန်သူနဲ့ပေါင်းတိုက် နေတယ်ဆိုတာ စာမကျက်ဘဲ စာမေးပွဲအောင်ချင်နေ သလိုဖြစ်နေပါတယ်။
ကိုအောင်အောင်ပြောတဲ့ စစ်အုပ်ချုပ်ရေးကာလအလွန်မှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားလွန်း သွားတာတို့ ဆရာမွေး၊ တပည့် မွေး စီးပွားရှာရင်း အလယ်အလတ်တန်းစားတွေ စီးပွားရှာမ ရတော့ တာတို့ စတဲ့ တချို့အကြောင်းအရာတွေကိုတော့ သဘောတူ ပါတယ်။ ဒီအကျိုးတရား
တွေ ပေါ်ထွက်လာရတာဟာ စစ်အစိုးရကြောင့်ဆိုတာလည်း မငြင်းလိုပါဘူး။ ဒါပေမဲ့ ဒီပြဿနာ အားလုံးရဲ့ တရားခံဟာ ဗမာလူမျိုးတစ်မျိုးတည်းဆိုတာ ကိုတော့ ပြင်းပြင်းထန်ထန် ပြတ်ပြတ် သားသား ငြင်းဆိုပါတယ်။
သမိုင်းမှာ အမှန် ကို အမှန်အတိုင်းမြင်အောင်ကြည့်နိုင်တဲ့ အသိရှိဖို့လည်း လိုပါတယ်။ ဒါမှလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာပါ။
ပြီးတော့ အခုဖြစ်နေတဲ့ နယ်စပ် လက်နက်ကိုင် ပဋိပက္ခဟာ ကိုးကန့်တိုင်းရင်းသားတွေနဲ့ အစိုး ရကြား ဖြစ်နေတဲ့ ပြဿနာ မဟုတ် ပါဘူး။ ဖုန်ကြားရှင်ဦးစီးတဲ့အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ ရဲတပ်ဖွဲ့ဝင်
တွေ ကို သွေးအေးအေးနဲ့ ပစ်သတ်ပြီးထွက်သွားတဲ့ ရာဇဝတ်မှုကျူး လွန်ထားသူတွေပါ။ ဒီကနေ့ မီဒီယာအများစုမှာ ရေးနေ၊ ပြောနေကြသလို နယ်ခြားစောင့်တပ်ဖွဲ့စည်းခိုင်းတာ မလိုက်နာလို့ တပ် မတော်က တိုက်ထုတ်လိုက်တာ မဟုတ်ပါ။ နယ်ခြားစောင့်တပ်ဖွဲ့စည်းတာ လက်မခံတဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေရှိပါသေးတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း
ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ကာလမှာ အဲဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းတာ လက်မခံတဲ့ တခြား လက်နက်ကိုင်တိုင်းရင်းသားတပ်တွေကိုလည်း အပြီးထိုးစစ်ဆင်တိုက်ထုတ်ပစ်တာ မရှိပါဘူး။
တပ်မတော်က အာဏာသိမ်းထားတဲ့ ၂၂ နှစ်ကာလအတွင်းမှာ လက်နက်ကိုင်တိုင်းရင်းသား တပ်တွေ လူသစ်စုဆောင်းပြီး တပ် တွေတိုးချဲ့ဖွဲ့စည်းတာတွေ၊ လက်နက်တွေဝယ်ယူစုဆောင်း တာတွေ၊ လက်နက်စက်ရုံတွေ တည်ဆောက်နေတာတွေ မသိဘဲ မနေပါဘူး။ အားလုံးသိမှာပါ။ အဲဒီအသိနဲ့ လျော်ညီတဲ့ ပြင်ဆင်မှုတွေကိုလည်း အားလုံးဆောင်ရွက်ထားပြီးသားဖြစ်မှာပါ။ တိုင်း ပြည်ရှေ့ဆက်မယ့်လမ်းကြောင်းဟာ ဒီမိုကရေစီလမ်းကြောင်းဖြစ်နေလို့ အစွမ်းကုန်စိတ် ရှည် သည်းခံပြီး လက်နက်ကိုင်တပ်ဖွဲ့ တွေကို လက်တွဲခေါ်နေတာလို့ပဲ မြင်ပါတယ်။
တချို့လူတွေပြောသလို ဗမာအများစုကြီးစိုးတဲ့စစ်တပ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာမှ နားမလည်ဘူး လို့ပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ နှစ်ပေါင်းများ စွာ နှလုံးသား ထဲ မှာရော ဦးနှောက်ထဲမှာပါစိမ့်ဝင်နေအောင် ရင်းနှီးကျွမ်းကျင်တဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှနားမလည်ဘူးလို့ထင်ရင်တော့ တက်တက်စင်အောင်လွဲပြီး မိုးကြီးစုန်းစုန်းချုပ်သွားပါလိမ့် မယ်လို့သာ ပြောလိုပါတယ်။ လောက်ကိုင်ဒေသမှာ လေကြောင်းပစ်ကူပေးတာတောင် အကျအဆုံးများတယ်ဆိုပြီး တပ်မတော်ကို စွမ်းရည်မ ရှိဘူးလို့ထင်တဲ့သူတွေကို ပြောချင်တာက အားလုံး အကန့်အသတ်နဲ့ လုပ်နေတာပါလို့ပဲ ပြောချင်ပါတယ်။ ဒီလိုပဲ ဘယ်အရာပဲ ဖြစ်ဖြစ် အကန့်အသတ်ဆိုတာ ရှိပါတယ်။
ဒီနေရာမှာ ခရစ်ယာန်တွေစကား ခဏငှားသုံးချင်ပါတယ်။ ခရစ်ယာန်မှာ ကယ်တင်ခြင်းကာလ ဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် သာသနာတွင်းကာလလို့ပြောရမယ်ထင်ပါရဲ့။ ကယ်တင်ခြင်းကာလမှာ ဘုရားရှင်ရဲ့ မေတ္တာနဲ့ ရွေးနုတ်ကယ်တင်လို့ ရပါ တယ်။ ဒါပေမဲ့ ကယ်တင်ခြင်းကာလ လွန်မြောက်သွားရင်တော့ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ ကယ် တင်လို့ မရတော့ဘူးလို့ ကြားဖူးပါတယ်။
ဟုတ်ကဲ့… လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ပြောရရင် ကယ်တင်ခြင်းကာလ ကျန်ပါသေး တယ်။ ဒါပေမဲ့ အကန့်အသတ်ရှိပါလိမ့်မယ်။
အကန့်အသတ်က ဘယ်အချိန်အထိဖြစ်မလဲဆိုတာကတော့ သာမန်ပြည်သူတစ်ဦး ဖြစ်တဲ့ ကျွန်တော်လည်း မခန့်မှန်းနိုင်ပါကြောင်း ရိုးရိုးသားသား ဝန်ခံပြောကြားလိုပါတယ်။
ငြိမ်းချမ်းရေးစာမေးပွဲကြီးအတွက် ဂုဏ် ထူးတစ်သီကြီးထွက်မယ့် ရက်ကို စောင့်မျှော်နေ တဲ့…………………………။ ။
ရဲကျော်သူရ