ကိုရဲမိုး

ကိုရဲကျော်သူရ

Zay Moe

Ko Thet

ကိုရုပ်ဆိုး

Wednesday, March 4, 2015

အစကောင်းမှ အနှောင်းသေချာမယ်

အစကောင်းမှ အနှောင်းသေချာမယ်
xxxxxxxxxxxxxxxxxxxxxxxxxxx
အမေရိကန်တွေ နှစ်ပေါင်းနှစ်ရာလောက် အချိန်ယူလာလို့ ယနေ့ အခြေနေရောက်တာ ဆိုသည့် မြန်မာပြည်သူတွေ မျက်စေ့လည်နိုင်သော တင်ပြချက်ကို ၀န်ကြီးမှစလို့ လူသိများသူများအထိ အသုံးများလာတာကိုတွေ့ရတယ်။ အလှမ်းဝေးသူများ အနေဖြင့် ဟုတ်လေနိုးနိုး ထင်လာနိုင်ပါတယ်။ တကယ်တော့ အမှန်တရားမဟုတ်ပါဘူး။ အမေရိကန်တွေရဲ့ ယနေ့အခြေနေဟာ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) ကျော်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံကြောင့်ဆိုတာကို သိဖို့လိုပါတယ်။ အမေရိကန်နိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ထွန်းကားလာဖို့အတွက် ပင်မသွေးကြောဟာ အခြေခံဖွဲ့စည်းပုံပဲ ဖြစ်တယ်။
အခြေခံဖွဲ့စည်းပုံပါ ပြဌာန်းချက်များကို မူတည်ပြီး တရားဥပဒေပြဌာန်းတာကြောင့် အခြေခံဖွဲ့စည်းပုံသာ အလွဲကြီးဖြစ်နေခဲ့ရင် ယနေ့အမေရိကန်ပြည်ထောင်စုဟာ ယခုလိုရပ်တည်နေနိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါတွေကို ထည့်မပြောဘဲ အမေရိကန်မှာ နှစ်ပေါင်း (၂၀၀) ကြာပြီးမှ ယနေ့အခွင့်ရေးရတာလို့ မြန်မာပြည်သူတွေကို ကိုယ်လိုရာဆွဲပြီး လုံးချ တင်ပြတာဟာ မမှားပေမယ့် အမှန်တရားတော့ မဟုတ်ဘူး။ မလှိမ့်တပတ် အဆင့်ပဲရှိတယ်လို့ ပြောလို့ရပါတယ်။
ဒီနေရာမှာ ရေးလ် (Yale) တက္ကသို်လ်မှ အမေရိကန်ဖွဲ့စည်းပုံကျွမ်းကျင်သူ Dr. Akhil Amar ရဲ့ America’s the Unwritten Constitution ဆိုသည့် စာအုပ်မှ တင်စားချက်လေးတခုကို ဖေါ်ပြရင် အထက်ပါ ဖေါ်ပြချက်ဟာပါ ပိုမိုသိသာပေါ်လွင်စေပါတယ်။ " အဖိုးမဖြတ်နိုင်တဲ့ ဖွဲ့စည်းပုံအောက်မှာ တို့တွေနေရလို့သာ အမေရိကန်ရယ်လို့ ဖြစ်နေတာပါ။ အကယ်၍သာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ဖွဲ့စည်းပုံမရှိခဲ့ရင် separation of power (အာဏာဖြန့်ခွဲမှု)၊ checks and balances (နိုင်ငံတော်အာဏာကို လွှတ်တော်၊ အစိုးရအဖွဲ့နှင့် ဗဟိုတရားရုံးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ခွဲပြီး အပြန်အလှန်ထိန်းချုပ်ထားသည့်စန စ်)၊ the rule of law (တရားဥပဒေစိုးမိုးရေး) ဆိုတာတွေ ဖြစ်မလာနိုင်တဲ့အတွက် အမေရိကန်တွေရဲ့ ယနေ့လွတ်လပ်ခွင့်ဆိုတာတွေဟာ တခုမရှိနိုင်ပါဘူး" လို့ အဲ့သည့်စာအုပ်မှာ ဆိုထားပါတယ်။
အမေရိကန်တို့ရဲ့ ဖွဲ့စည်းပုံသမိုင်းကို အတိုချုံးလေး ပြန်ကြည့်မယ်ဆိုရင် ဂျော့ဝါရှန်တန်၊ ဂျိမ်းမတ်ဒီဆင်၊ သောမတ်ဂျက်ဖာဆန် ပါဝင်သော တည်ထောင်ကြသူ ဖခင်ခြောက်ဦးဟာ ဖွဲ့စည်းပုံမှာ တန်းတူအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဗဟိုပြုစဉ်းစားခဲ့တာကို တွေ့ရတယ်။ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံကို (၁၇၈၇) ခုနှစ်မှာ မှာအတည်ပြုပြီးနောက်၊ အခြားသဘောတူညီမှုတွေရရှိဖို့နဲ့ ထပ်မံဖြည့်စွက်ဖို့ အချက်တွေကို (၁၇၈၉) ခုနှစ်မှာအတည်ပြုဆွေးနွေးခဲ့ကြ ပီး။ (၁၇၉၁) ခုနှစ်မှာ အတည်ပြုချက်အသစ်များကို ဖွဲ့စည်းပုံမှာ ထည့်သွင်းခဲ့ခြင်းဖြစ်တယ်။
ပြဌာန်းချက်(၁) မှာဆိုရင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ၊ ပြောဆိုရေးသားခွင့်နဲ့စုရုံးခွင့် တင်ပြခွင့် (Freedom of Religion, Speech, and the Press Rights of Assembly and Petition)၊ ဆိုတာတွေ ပါရှိတယ်။ ထိုကဲသို့ (၁၇၈၉) ခုနှစ်မှာ ဖြည့်စွက်ခဲ့သော ပြဌာန်းချက်တွေကြောင့် နောက်ပိုင်းမှာ ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ကြတယ်။ အသားရောင် ခွဲခြားရေးကို ရိုက်ချိုးနိုင်ခဲ့ကြတယ်။ ယနေ့အချိန်ထိ ကမ္ဘာမှာ လူသားတိုင်း ပိုင်ဆိုင်လိုကြတဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့်တွေကို အမေရိကန်တွေ ပိုင်ဆိုင်ထားကြတယ်။
အစကောင်းလို့ အနှောင်းသေချာခဲ့တဲ့ အချက်ကို ထည့်မပြောဘဲ အမေရိကန်တွေ ယနေ့လို အချိန်ရောက်ဖို့ နှစ်(၂၀၀) အချိန်ယူခဲ့တယ်လို့ချည်း အသံပြုခြင်းဟာ ယနေ့မြန်မာနိုင်ငံရဲ့ (၂၀၀၈) ဖွဲ့စည်းပုံကို သက်တမ်း (၅) နှစ်ကျော် (၆)နှစ်အကြာမှာ လိုအပ်ချက် အရ ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြခြင်း အပေါ် နောက်ထပ်နှစ်ပေါင်း (၂၀၀) လောက် အချိန်ယူပါဦးလို့ ငြင်းဆိုနေသူများဘက်မှ မျက်နှာလိုက်ပြီး တင်ပြနေတယ်လို့ပဲ မြင်တယ်။
မြန်မာနို်င်ငံ အသွင်ကူးပြောင်းရေး အတွက် အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီအသက်ဝိဥာဉ်တွေ အရင်ထည့်လိုက်မယ်ဆိုရင်တော့ အမေရိကန်တွေလို နှစ်(၂၀၀) ကြာမယ်လို့ပြောလဲ ဘယ်သူမှ ကန့်ကွက်မယ်မထင်ဘူး။ အထက်ပါဖေါ်ပြချက်တွေအတွက် အထောက်အထားများကို "အမေရိကန်သမိုင်းနှင့် ဖွဲ့စည်းပုံ" တွင် အတည်ပြုနိုင်ပါတယ်။ စာအုပ်အနေနဲ့လည်း (Michael P. Johnson. The American Past: Selected Historical Documents) နဲ့ (Roark. Johnson. Cohen. The American Promise: A History of The United States) မှာ ဖတ်ကြည့်နိုင်ပါတယ်။
ကြုံလို့တခါတည်းသိစေချင်တာ တခုရှိတယ်။ ဒီမိုကရေစီဓါတ်ပျက်အချို့က စီးပွားရေးပိုင်းကို အရင်သွားပြီးမှ အသွင်ကူးပြောင်းရေးလမ်းပေါ် သွားလို့ရမယ်။ အဲဒါအမေရိကန်တွေရဲ့ နည်းလမ်းလို့ ပြောဆိုရေးသားနေတာတွေ ရှိတယ်။ ဘယ်လိုမှမဟုတ်နိုင်ဘူး စီးပွားရေးလမ်းဖွင့်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကို ဖျောက်ထားတဲ့ ပီကင်းက ကုလားဖန်ထိုးနည်းပါ။ တနည်းအားဖြင့် ဒီမိုကရေစီကို အရင်းရှင်စနစ်နှင့် ပုံဖျက်ပစ်လူမုန်းများအောင် လုပ်တဲ့ တရုတ်ပြည်မကြီးနည်းလမ်းတွေပါ။ အမေရိကန်တွေက တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင်လုပ်ပြီး အသွင်ကူးပြောင်းရေးကို ဖေါ်ဆောင်တဲ့နည်းလမ်းကို ကမ္ဘာအနှံ့ပြားမှာ ကူညီအားပေးသလို ကိုယ်တိုင်လဲ ဒီလိုလုပ်ခဲ့တာပါ။

(ရဲမင်းထွန်း)

credit to:နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ

တရုတ်ကစားတဲ့ ဖဲသုံးချပ်

တရုတ်ကစားတဲ့ ဖဲသုံးချပ် ( ဦးနိုင်ဝင်း လန်ဒန် )
=======================================
ဒီနေ့ ကိုးကန့်လူဦးရေစာရင်းက တသိန်းခွဲလောက်ရှိနေတယ် အဲ့ဒီအထဲမှာ မြန်မာပြည်ပေါက် ကိုးကန့်လူမျိုးဆိုတာက ၁၀% ပဲရှိတယ် ။ ကျန်တာက ကိုးကန့်အမည်ခံပြီး တရုတ်ပြည်ထဲက တရုတ်ကိုးကန့်တွေ ၊ တရုတ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတွေက ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့ အိမ်ဈေးမြေဈေးကြီးတဲ့ တရုတ်ပြည်ကနေ ကိုးကန့်ဒေသမှာ ရွှေ့ပြောင်းလာနေကြတာဖြစ်တယ် ။
ရန်ကုန်မှာ အိမ်ဈေးကြီးလို့ ပဲခူးတို့ တိုက်ကြီးတို့ဘက်မှာ ပြောင်းရွှေ့ပြီး နေကြသလိုပေါ့ ။
ကိုးကန့်ကို မြန်မာပြည်လို့သာပြောတာ .. စသင်တာကလဲ တရုတ်စာ၊ ဘာသာစကားကလဲ တရုတ်ဘာသာစကား၊ ငွေသုံးတော့လဲ တရုတ်ငွေ ၊ အစားအသောက်ကလဲ တရုတ်အစားအသောက်၊ ဆက်သွယ်ရေးကလဲ တရုတ်ဆက်သွယ်ရေး၊ အလုပ်လုပ်တော့လဲ တရုတ်ပြည်မှာ သွားလုပ်ကြတယ် ။ အဲ့ဒီအထဲမှာမ မူးယာဇ်ဆေးဝါးနဲ့ လက်နှက်စက်ရုံကတည်လိုက်သေးတယ် ။ စီးပွားရေးက လမ်းဖြောင့်သွားတဲ့အပြင် တရုတ်ပြည်နဲ့ ဘာမှ မထူးဘူး ။
ဘာဖြစ်လို့ ကိုးကန့်တရုတ်တွေက တရုတ်ပိုင်ဒေသကနေပြီး မြန်မာဘက်အခြမ်းကို ပြောင်းရွှေ့လာကြတာလဲ ၊ တရုတ်ကရော ဘာဖြစ်လို့ မြန်မာဘက်အခြမ်းမှာ ကိုးကန့်တွေပြောင်းပြီးလာနေတာကို သဘောကျတာလဲ ၊ အကူအညီတွေပေးတာလဲ အဲ့ဒါသိဖို့ မလိုအပ်ဘူးလား ။
မြန်မာတရုတ် လမ်းမပွင့်ခင်က မြန်မာဘက်ကနေ တရုတ်ပြည်မှာရှိတဲ့ ကိုးကန့်တွေက မူးယာဇ်ဆေးဝါးနဲ့ နိုင်ငံခြားပစ္စည်၊ နိုင်ငံခြားအရက်၊ မှောင်ခိုပစ္စည်းပေါင်းစုံကို တရုတ်ပြည်ထဲကို သံလွင်မြစ်ကြောင်းကနေတဆင့် ခိုးသွင်းတယ် ၊ ကုန်းလမ်းကလဲ လားတွေနဲ့ ခိုးသွင်းတယ်ပေါ့ ။
တရုတ်ရဲက မဖမ်းရဲဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကိုးကန့်တွေက တရုတ်ပြည်မှာ ရာဇဝတ်မှု့ကျူးလွန်ပြီးရင် မြန်မာဘက်အခြမ်းကို ထွက်ပြေးပြီးနေတယ် ။ တရုတ်ရဲတွေလဲ မကြခဏ အသတ်ခံရတယ် ။ လူသတ်မှု့တွေ ရာဇဝတ်မှု့တွေ ကျူးလွန်ပြီးရင် မြန်မာဘက်အခြမ်းမှ လာနေလိုက်တယ် အေးအေးဆေးဆေးပဲ ။
ဒီတော့ မြန်မာဘက်ကနေ အဲ့ဒီ မှောင်ခိုပစ္စည်းတွေကို ဘယ်ကရသလဲလို့ မေးစရာရှိတယ် ၊ အဲဒီမှောင်ခိုပစ္စည်းတွေက ယိုးဒယားဘက်ကနေ ဝင်လာတာဖြစ်တယ် ။ ယိုးဒယားကနေတဆင့် ဝဒေသကိုဖြတ်ပြီး ကိုးကန့်နယ်ကိုရောက်တယ် ၊ ဒီတော့ ကိုးကန့်တွေက တကယ့် စီးပွားရေးကို အချက်အခြာလုပ်ကိုင်လို့ကောင်းတဲ့လူမျိုးတွေဖြစ်လာတယ်မှောင်ခိုတရုတ်သူဌေးတွေဖြစ် လာခဲ့တယ် ။
တရုတ်မြန်မာ လမ်းပွင့်သွားပြီးတဲ့အခါမှာတော့ တရုတ်ပြည်ကို မြန်မာပြည်ကနေတင်သွင်းလို့ရတဲ့ ကုန်သည်ကြီးတွေဖြစ်လာသလို ကိုးကန့်တွေက ယိုးဒယားနဲ့ တရုတ်ပြည်ကို သံလွင်မြစ်ကြောင်းကနေတဆင့် မှောင်ခိုကုန်သွယ်မှု့တွေလဲ လုပ်နေဆဲပဲဖြစ်တယ် ။
ဒီတော့ မှောင်ခိုလုပ်ငန်းနဲ့ တရားဝင်ကုန်သွယ်မှု့လုပ်ငန်းကို နည်းမျိုးစုံလုပ်ပိုင်ခွင့်ရနေကြတဲ့ အခွင့်ထူးခံ တရုတ်နိုင်ငံသားကိုးကန့်တွေဟာ မြန်မာပြည်ဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အပိုင်စီးလာကြတော့တာပါပဲ ။
တရုတ်ပြည်မကြီးက တရုတ်အစိုးရနဲ့ ယူနန်ပြည်နယ်အစိုးရတို့ကလဲ မူယာဇ်ရာဇာ မှောင်ခိုတရုတ်တွေ ယူနန်ပြည်နယ်ထဲမှာ မိုက်ကြေးခွဲနေတာနဲ့စာရင် လွတ်လပ်တဲ့သီးခြားနယ်မြေတခုမှာ သွားရောက်လုပ်ကိုင်နေတာက ပြည်နယ်အတွက်ပိုပြိး လုံခြံမှု့ရှိတယ် ၊ အကျိုးဖြစ်ထွန်းတယ်ဆိုတာ သဘောပေါက်တယ် ။ နောက်တခုက နယ်မြေစိုးမိုးရေး မြေပုံကျူးကျော်ရေးတွေနဲ့အတူ စီးပွားရေးပါ ပိုပြိး အမြတ်ထွက်တာကို တွေရတဲ့အတွက် တရုတ်ပြည်အစိုးရက တရုတ်နိုင်ငံသား ကိုးကန့်တရုတ်တွေကို အလုံအရင်းနဲ့ ထောက်ပံပေးပြီး အကာအကွယ်ပေးထားတော့တာပါပဲ ။ထိုနည်းအတူ အရေးအခင်းမဖြစ်ခင်က သုံးသောင်းလောက်သာရှိတဲ့ မြန်မာပြည်ပေါက် ဝ တွေကလဲ ကိုးကန့်တွေအတိုင်းပါပဲ စီးပွားရေး လူမှု့ရေး ပညာရေး ဆက်သွယ်ရေးတွေက တစ်သဝေမတိန်းတူပါတယ် ။
ဝတွေကကိုးကန့်တွေထွက်သာတာက တရုတ်နိုင်ငံသား ၁၀ သိန်းကျော်ရှိတဲ့ ဝ တွေဟာ မြန်မာပြည်ဘက်အခြမ်းမှာ သုံးသောင်းလောက်သာရှိတဲ့ ဝ တွေကို အုပ်ချုပ်ပြီးတော့ လွတ်လပ်တဲ့နယ်မြေတခု ရသွားခဲ့တဲအပြင် တရုတ်နယ်စပ်တခုထဲတင်သာမက ယိုးဒယားနယ်စပ် ကိုပါ ဒေသခွဲပြီးတော့ ပိုင်ဆိုင်ထားတယ်မဟုတ်လား ( မြေပုံထဲတွင် ကြည့်ပါ )။
ဒီတော့ တရုတ်လူမျိုးတသန်းကျော်လောက်အတွက် စီးပွားရေး လမ်းကြောင်းဟာ အလွန်ကောင်းတဲ့နေရာကြီးတခု ဖြစ်လာတယ် ။ ယိုးဒယားနယ်စပ်မှာလဲ ဝဒေသအပိုင်ရှိသလို တရုတ်ပြည်နယ်စပ်မှာလဲ ဝဒေသအပိုင် ဧရိယာက အလွန်ကျယ်ပြောစွာ ပိုင်ဆိုင်ထားကြပါတယ် ။
ကိုးကန့်ဆိုတာလဲ တရုတ်နိုင်ငံသားတရုတ်တွေ ၉၀%ဖြစ်သလို ဝ ဆိုတာကလဲ တရုတ်နိုင်ငံသား ၉၀%ပါပဲ ၊ ဒီတော့ ဝဒေသဟာ ကိုးကန့်ဒေသထက် ပိုပြီးတော့ ကျယ်ပြောပြီး အချက်အခြာကျခြင်း လူဦးရေ များပြားခြင်းတို့ကြောင့် ဝ ဒေသကို ပိုပြီးတော့ တရုတ်ပြည်က မျက်စိကျတာဖြစ်ပါတယ် ။
ထို့အတူ ကိုးကန်တရုတ်ကြိးစိုးဒေသနဲ့ ဝ တရုတ်ကြီးစိုးဒေသတို့ဟာ နယ်မြေတဆက်တည် တည်ရှိနေတာကြောင့် လူမျိုးကလဲ နှစ်မျိုးစလုံမှာ တရုတ်၉၀% ပါဝင်နေတာကြောင့် ထိုဒေသတွေကို တရုတ်က အပိုင်စီးဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ် ။
တကယ်လို့ ကိုးကန့်ဒေသနှင့် ဝဒေသိုတို့ဟာ ယူကရိန်းက ခရိုင်မီယာဒေသကဲသို့ ခွဲထွက်ခွင်ရသွားပြီး တရုတ်ပြည်၏ လက်အောက်ခံပြည်နယ်တခုအဖြစ် ခံယူခွင့်ရသွားပြိဆိုပါက သံလွင်မြစ်ဟာလဲ အလိုအလျှောက် တရုတ်ပိုင်မြစ်ကြောင်းဖြစ်သွားပြီး ယူန်ပြည်နယ်ကြီးအတွက် ကိုးကန့်နှင့် ဝဒေသကိုဖြတ်၍ လာအိုနိုင်ငံကို ခွကျော်ပြီးတော့ ယိုးဒယားနှင့်စီပွားရေးအချက်အချာအားဖြင့် တရုတ်ပြည်၏ အနောက်တံခါးပေါက်တခု ဖြစ်ပေါ်လာနိုင်တော့မည်ဖြစ်ပါတယ် ။ သံလွင်မြစ်၏ အရှေ့ဘက်တခြမ်းလုံး တရုတ်ပိုင်အဖြစ် သိမ်းသွင်းလို့ ရသွားနိုင်တော့မယ် ။
နောက်တချက်က မကြာခင်မှာ မြန်မာပြည်တွင် စစ်မှန်တဲ့ ရွေးကောက်ပွဲကျင်းပပြီး
ဒီမိုကရေစီရရှိသွားပါက အနောက်နိုင်ငံကြီးများနှင့် မဟာမိတ်ဖြစ်သွားပြီး တရုတ်ကွန်မြူနစ်အစိုးရ၏ အနိုင်ကျင့်မှု့မှ အကာအကွယ်ဖြစ်ပေါ်လာတော့မည်ကို တရုတ်အစိုးရက မလိုလားပါဘူး မြန်မာပြည်ကို တရုတ်အစိုးရက ၄င်းတို့၏ တရားမဝင် မယားငယ်အဖြစ် အနောက်တံခါးပေါက်ကို အသုံးချခွင့် ရနေခြင်းကြောင့်ပင်ဖြစ်ပါတယ် ။
အထက်ပါ အနည်းငယ်သော ဖော်ပြချက်များအရ မြန်မာပြည်၏ တည်ငြိမ်မှု့နှင့် ဒီမိုကရေစီရရှိရေး၊ နိုင်ငံ၏ နိုင်ငံတကာလူမှု့ဆက်ဆံရေးစသည်တို့ကို ချုပ်ကိုင်နိုင်ရန် တရုတ်အစိုးရ၏ အနိုင်ကျင့်ခံနေကြဖြစ်သော မြန်မာစစ်အာဏာရှင်များကို ငယ်နိုင်အဖြစ် ထိပ်ခေါက်ပြီး ရန်စအပြစ်ရှာက ဖဲသုံးချပ်ကစားသူများကိုသို့ ဘာပဲထိုးထိုး အနိုင်စားဖို့ ဒိုင်စားဖို့သာ ကြံစည်ခြင်းဖြစ်ကြောင်း တိုင်းချစ် ပြည်ချစ် မြန်မာနိုင်ငံသားများ သိရှိကြစေရန်း ရေးသားလိုက်ပါသည် ။
( ဦးနိုင်ဝင်း လန်ဒန် )
credit to: နိုင်ငံရေးဆောင်းပါးများ

Tuesday, March 3, 2015

အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်

အရည်းကြီးဆိုး ပုံပြင်ဇတ်လမ်းအား မဟာရာဇဝင်ကြီး၌ ဦးကုလား ထည့်သွင်းရေးသားခြင်းကို
ဆန်းစစ်ခြင်း
---
(ရည်ညွှန်းချက်။ ။ ဤနေရာ၌ အရည်းကြီးဆိုရာတွင် ရာဇဝင်ကြီးပါ ပန်းဦးလွှတ်ခြင်း၊ ရေငုပ်မီးလှုံ တုံးခုန် ဇယ်တောက် စသည့် အကျင့်ဆိုးများကျင့်သည့် အရည်းကြီးဆိုးများ ရည်ညွှန်းသည်။)
-
၁၈ရာစု ညောင်ရမ်းခေတ် ဦးကုလား မဟာရာဇဝင်ကြီး မရေးမီကာလများတွင်
အနော်ရထာမတိုင်မီခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း
အရည်းကြီးများရှိကြောင်း မည်သည့်မှတ်တမ်း၊ မည်သည့် အထောက်အထားမှ
မတွေ့ရကြောင်း ကျွန်ုပ်ရေးသား ဖော်ပြပြီး ဖြစ်သည်။
-
မဟာရာဇဝင်ကြီး ဆိုသည်မှာ ၁၈ရာစု ရာဇဝင်ဆရာ ဦးကုလားမှ မူလရှိနှင့်ပြီး ဖြစ်သော
ရာဇဝင်များကို စုစည်း ရေးသားခြင်းဖြစ်သည်။
မူလက တကောင်းရာဇဝင်၊ သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ သထုံရာဇဝင်၊
တောင်ငူရာဇဝင်စသည်ဖြင့် ခေတ်အလိုက် အသီးသီးရှိကြသည့် ရာဇဝင်များကို
ဦးကုလားမှ စုစည်းရေးသားခဲ့ခြင်းဖြစ်သည်။
-
ထိုသို့ စုစည်းရေးသားရာ ဦးကုလားသည် မူလရာဇဝင်များမှ အကြောင်းအရာချို့ကို ထည့်သွင်းဖော်ပြခြင်းမရှိ၊ မူလရာဇဝင်များတွင် မပါသည့် အကြောင်းအရာများကို ထည့်သွင်းထားကြောင်းလည်း မူလ ရာဇဝင်များနှင့် တိုက်ဆိုင်စစ်ဆေးချက်အရ
သိရသည်။
(ခေတ်စကားနှင့် ပြောရလျှင် ဦးကုလား လိုသလို ဖြုတ်ချင်တာဖြုတ်၊ ထည့်ချင်တာထည့်
လုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထိုအချက်ကို တွင်းသင်းရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်ကလည်း ထောက်ပြ ထားသည်။)
-
သမိုင်းသုတေသန ဘက်မှ စစ်ဆေးချက်များကို ဖော်ပြပါမည်။
ပုဂံခေတ် အကြောင်းဖြစ်၍ ပုဂံရာဇဝင်နှင့် သက်ဆိုင်တာကိုသာ ဆိုမည်။
၁။ ရှိသမျှ ရာဇဝင်များကို စုပေါင်းရေးသားထားခြင်း မဟုတ်သော ပုဂံရာဇဝင်ကြီး
ပေထုပ်ကြီး တစ်ထုပ် တမ္ပဝတီဦးဝင်းမောင် ရထားပါသည်။
ထို ပုဂံရာဇဝင်ကြီး ပေမူတွင် ဦးကုလားရာဇဝင်ကြီးပါ အရည်းဆိုးများ အကြောင်းမပါပါ။
သထုံနှင့်ပုဂံစစ်ပွဲ အကြောင်းလည်းမပါပါ။
၂။ အမေရကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ်မှ အရှေ့တိုင်းဆိုင်ရာ သမိုင်းပါမောက္ခ
မွန်အမျိုးသား ဆရာ မိုက်ကယ်အောင်သွင် မှ အနော်ရထာမတိုင်မီ မြန်မာနိုင်ငံ
အောက်ပိုင်းတွင် ရာမညနိုင်ငံ ရှိသည်ဟူသော ပုံပြင်များ စာတမ်းတွင် ယိုးဒယား
ဘက်မှ မွန်ရာဇဝင်၊ ဇင်းမယ်ရာဇဝင် တို့ကို စစ်ဆေးရာ ဇင်းမယ်ရာဇဝင် တစ်ခုတွင်
ထိုအရည်ကြီး ဇတ်လမ်းမျာကို ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရသည်။
၁၈ရာစု ညောင်ရမ်းခေတ်တွင် ယိုးဒယား မြောက်ပိုင်း ဇင်းမယ်သည် မြန်မာ ဩဇာခံ
ဖြစ်သည်။
ဦးကုလား၏ အတ္ထုပတ္တိကိုကြည့်သော် ဦးကုလား၏ အဖွားသည် ဇင်းမယ်လက်အောက်ခံ
ပိဿလောက်စော်ဘွား၏ သမီးဖြစ်ကြောင်း သိရသည်။
ဦးကုလားသည် မြန်မာနိုင်ငံတွင်းရှိ ရာဇဝင်များကို စုပေါင်းပြီးရေးသားရာ သူ့ အဘွား
ဘက်ဘက်မှ ဇင်းမယ်ရာဇဝင်ပါ အရည်းကြီးဇာတ်လမ်း၊ သထုံကို အနော်ရထာ
တိုက်သည် ဆိုသော ဇာတ်လမ်းများကို ထည့်သွင်းရေးသား ထားကြောင်း
မိုက်ကယ်အောင်သွင်မှ စစ်ဆေးပြခဲ့သည်။
ထို့ကြောင့် မဟာရာဇဝင်ကြီးပါ အရည်းကြီးဇာတ်လမ်းသည် ယိုးဒယားဘက်မှ
မြန်မာကို မုန်းတီးစိတ်ဖြင့် ဇာတ်လမ်းဆင်ရေးသားထားသော ဇင်းမယ်ရာဇဝင်ပါ
ဇာတ်လမ်းသာ ဖြစ်ပါသည်။
ယင်း ဇင်းမယ်ရာဇဝင်ပါ ဇာတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးတွင်
ထည့်သွင်း ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
၃။ ယင်း အရည်းကြီးဆိုး ဇာတ်လမ်း၊ အနော်ရထာနှင့် ရှင်အရဟံ တွေ့ဆုံခန်း တို့မှာ
အသောကမင်းကြီးနှင့် နိဂြောဓ သာမဏေ တွေ့ဆုံခန်းတို့နှင့် တထေရာတည်း တူညီ
နေပါသည်။
အနော်ရထာခေတ် အေဒီ၁၁ရာစုတွင်၊ မြန်မာနိုင်ငံအောက်ပိုင်းသည် ထိုစဉ်က
ဗြဟ္မဏ ဘာသာကိုးကွယ်သော ဂြွမ်းခေါ် ခမာတို့၏ စစ်၊ စူမတြား ဂျာဗားတို့မှ
ရေတပ်တို့ တိုက်ခိုက်သော စစ်တို့နှင့် ကြုံခဲ့ရသည်။
ယင်း ဘာသာမတူသော ပြည်ပစစ်တပ်တို့ ခေတ္တလာသိမ်းထားသော ဒေသတို့တွင်
ထေရဝါဒ ဗုဒ္ဓဘာသာ အားနည်းခဲ့ရသည်။
အနော်ရထာသည် ထိုပြည်ပ စစ်တို့ကိုတွန်းလှန်ကာ မြန်မာနိုင်ငံကို ပြန်စုစည်းပြီး
တစ်နိုင်ငံလုံး ထေရဝါဒ အားကောင်းစေရန် ပြန်လည်သာသနာပြုခဲ့ရသည်။
အနော်ရထာ၏ ယင်းသာသနာပြုမှုများ၊ အနော်ရထာ၏ ဂုဏ်ရည်များကို
အသောကမင်းကြီးနှင့် ထပ်တူဂုဏ်ရည်ပြုလို၍ ရာဇဝင်ဆရာ ဦးကုလားသည်
အသောကခေတ်မှ တိတ္ထိတို့နေရာတွင် ဇာတ်နာအောင် ဇင်းမယ်ရာဇဝင်မှ အရည်းကြီး
ဇာတ်လမ်း၊ အသောကနှင့် နိဂြောဓ သာမဏေ တွေ့ဆုံးခန်းကို ယူကာ အနော်ရထာနှင့်
ရှင်အရဟံ တွေ့ဆုံခန်းကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ကြောင့် ဦးကုလားသည် သူ၏ အတ္တနောမတိဖြင့် သူ့အဘွားဘက်မှ ဇင်းမယ်ရာဇဝင်
ပါ အရည်းကြီးဇာတ်လမ်းကို ရာဇဝင်ကြီးတွင် ထည့်သွင်းရေးသား ထားကြောင်း ဖေါ်ပြ
လိုက်ရပါသည်။
ကျမ်းကိုး။ ။ ဦးကုလား၏ မဟာရာဇဝင်ကြီး ပထမတွဲ၊ မှန်နန်းရာဇဝင် ပထမတွဲ၊
ပုဂံရာဇဝင်ကြီး ပေမူ၊ တွင်းသင်းရာဇဝင်သစ်၊
- Aung-Thwin, Michael A. (2005). The Mists of Rāmañña: The Legend that
was Lower Burma (illustrated ed.). Honolulu: University of Hawai'i Press.
By အဖေကြီး

ကိုရဲမိုး

ယနေ့ ညနေ ၃နာရီခန့် မှ စတင်ပြီး ....
ရန်ကုန် ၊ မန်းလေး ...
စစ်ကိုင်း ၊ မုံရွာနှင့် ပြည်မြို့ များတွင် ..
ကျောင်းသား သပိတ်ကို ထောက်ခံကြောင်း ...
တစ်နာရီခန့်  ....
တစ်ခဲနက် ဆန္ဒပြခဲ့ကြပါသည် ...
( Phot - စစ်ကိုင်း သပိတ် )


ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကို ရှုမျှော်ကြည့်ြ့ခင်း

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကို ရှုမျှော်ကြည့်ြ့ခင်း



(စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း)
YMG- မင်္ဂလာပါဆရာ၊ မကြာမီကာလ ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲလာပါတော့မယ်။ အဲဒီ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ်တစ်ရပ်လဲ ပေါ်လာမှာဖြစ်ပါတယ်။ တော်တော်များများက ၂၀၁၅ အလွန်လို့ပြောကြတယ်။ ဒါပေမဲ့ တလောတုန်းက သတင်းစာထဲမှာ နိုင်ငံတော် သမ္မတကြီးက “တို့သက်တမ်းက ၂၆လ ကျန်သေးတယ်လို့ပြန်ပြောတော့” ကျွန်တော် ပြန်တွက်ကြည့်တယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၁၆ မတ်လအထိ ဆက်ရှိနေအုန်းမှာ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ နောက်အစိုးရသစ်က ပေါ်လာမှာဆိုတော့ ၂၀၁၅အလွန်ပဲ ပြောပြော၊ ၂၀၁၆အလွန်ပဲပြောပြော ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပတ်သက်ပြီး ဆရာ သုံးသပ်ပေးပါဦး။
KW- ၂၀၁၆ အလွန်မှာ ဘယ်လိုအစိုးရ ဖြစ်မလဲဆိုတာ ကျွန်တော်လဲ မသိပါဘူး။ အဲဒီ မတိုင်ခင် ၂၀၁၄-၂၀၁၅ မှာ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ် Political Opening အဆင့်မှာ နိုင်ငံတကာ အတွေ့အကြုံအရ မငြိမ်ပါဘူး။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတော့ ၂၀၁၄-၂၀၁၅ မှာ အေးအေးညောင်း ညောင်းဖြစ်မှ အလားအလာကောင်းတဲ့ ရှုမျှောင်ခင်းဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ Political Opening အဆင့်မှာ အကြောင်းကြောင်းကြောင့် နောက်ပြန်ဆုတ်သွားရင် နောက်ထပ် ရှုမျှော်ခင်းတစ်ခု ထပ်ဖြစ်သွားနိုင်တယ်။ အခုအချိန်က အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုရဲ့ အစကို ရောက်နေပြီး။ အရင်က တပ်မတော်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ နှစ်ကိုယ် တစ်စိတ်ဖြစ်ခဲ့တယ်။ ဒီနေ့ ပြည်ခိုင်ဖြိုးအဖွဲ့မှာ တပ်မတော်က ခေါင်းဆောင်တွေပါနေတော့ တော်တော်များများက တပ်မတော်ဟာ ပြည်ခိုင်ဖြိုးဘက်မှာ ရှိနေတယ်လို့ မြင်ကြတယ်။ လွှတ်တော်ထဲရောက်သွားတော့ အဲဒီဟာကို ကျွန်တော်သတိထားမိတယ်။ မဲပေးတဲ့ အခြေအနေကို ကြည့်ရင် တပ်မတော်ဟာ USDP အပါအဝင် ဘယ်ပါတီဘက်နဲ့မှ ပတ်သက်မှု မရှိတာကို တွေ့ရတယ်။ သူ့ဟာသူ လွတ်လွတ်လပ်လပ်ရပ်တည်နေတာကို တွေ့ရတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အချက်တစ်ခုဖြစ်တယ်။ သို့သော် တပ်မတော်ဟာ နိုင်ငံရေးက အပြီး အပိုင် ဆုတ်ခွာသွားဖို့တော့ ခက်တယ်။ အချိန်ကာလတစ်ခုတော့ ယူရဦးမယ်ထင်တယ်။ လောလောဆယ် အခြေအနေကိုကြည့်ရင် သူတို့ကိုယ်တိုင် အာဏာသိမ်းချင်တဲ့သဘော မရှိဘူး။ အဲဒါဟာ သေချာသလောက်ပဲ။ သို့သော် အာဏာမသိမ်းတော့ဘူးလို့ ယတိပြတ် ဆုံးဖြတ်ချက်တော့ မရှိဘူး။ လက်ရှိ Constitution ကတစ်ဆင့် အာဏာသိမ်းလို့ ရအောင် လုပ်ထားတယ်။ သိမ်းခဲ့ရင်လည်း ၆၂ ကပုံစံမျိုးတော့ မဖြစ်လောက်ဘူး။ ဖြစ်မှဖြစ် ၅၈ က ပုံစံမျိုးပဲဖြစ်မယ်။ လွှတ်တော်ဖျက်မယ် မထင်ဘူး။ ကာလသက်တမ်းကြရင် Constitution ကတော့ နှစ်နှစ်သိမ်းခွင့်ပြုဟန်တူတယ်။ သူတို့ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။ ကျွန်တော် ကတော့ အဲဒါကို မဖြစ်စေချင်ဘူး။ အဲဒီလိုလုပ်လိုက်ရင် နောက်တက်မယ့် အစိုးရဟာ တစ်က ပြန်စရတော့မယ်။ အများကြီး နောက်ဆုတ်သွားပြီ။ နောက်တစ်ချက်က တပ်နဲ့လူထုအကြား ယိုယွင်းနေတဲ့ ယုံကြည်မှုဟာ ပိုဆိုးသွားမယ်။ ဒါကြောင့် အဲဒါတွေမဖြစ်ဘဲ အေးအေး ညောင်းညောင်း ဖြတ်သန်းသွားနိုင်ရင်တော့ ၂၀၁၆ ဟာ ပိုကောင်းတဲ့ အလားအလာ ရှုမျှော်ခင်းတစ်ခုကို မြင်ရမယ်လို့ထင်တယ်။ အဲဒီလို မဟုတ်ဘဲ ကြားထဲမှာ ဝမ်းနည်းစရာနဲ့ ကြုံလာရင်တော့ အဲဒီရှုမျှော်ခင်းက သိပ်ကောင်းလှမယ် မထင်ဘူး။
YMG- ဆရာပြောတဲ့အထဲမှာ နောက်ကြောင်းပြန်လှည့်မယ့်ကိစ္စနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့မြင်တယ်။ တပ်မတော်ဟာ အကူးအပြောင်းရဲ့ ကနဦးကာလမှာပါနေတယ်။ ကျွန်တော်သိချင်တာက မည်ကဲ့သိုသော အကြောင်းအရာများက ကျွန်တော်တို့နိုင်ငံကို နောက်ကြောင်းပြန်လှည့်သွားစေနိုင်သလဲဆိုတာ နည်းနည်းလေး သုံးသပ်ပေးပါဦး။
KW- လောလောဆယ် တပ်မတော်ရဲ့ ရပ်တည်ချက်က တို့တာဝန်အရေးသုံးပါး၊ နောက် စတုတ္ထတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးပေါ့။ ဒီလေးခုကို မထိပါးသရွေ့ တပ်မတော်က ကြားမှာနေမယ့် သဘောရှိတယ်။ ဒီအနေအထားတစ်ခုကို ၂၀၁၅ခုနှစ် မတိုင်ခင်အထိ ထိန်းထိန်းသိမ်းသိမ်းသွားနိုင်ရင် ကောင်းတယ်။ ဒီ Limit ထဲမှာပဲ ကစားရင် ကောင်းမယ်။ သို့သော် ဒီ Limit ဟာ တစ်သက်လုံးသွားလို့မရဘူး။ တဖြည်းဖြည်းနဲ့ ဒါတွေကို လျှော့သွားရမယ်။ ဖွံ့ဖြိုးပြီးသား နိုင်ငံမှာ တပ်ရဲ့ ဆုတ်ခွာရေးဖြစ်စဉ်ဟာ နှစ်ချက်ပဲရှိတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးခါစက Political Organ ကနေ Politisiam Organ ကိုပြောင်းတယ်။ သို့သော် ပြည်တွင်းစစ်တန်းလန်းနဲ့ ကျွန်တော်တို့လိုနိုင်ငံမှာတော့ ကြားခံတစ်ခုလိုတယ်။ Political Organ to Semi Politisam ပြီးမှ Politiciam Organ ကို သွားရတယ်။ Semi Politisam Organ က ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ယူထားရတယ်။ ပြည်ပရန် မရှိတော့ရင် နိုင်ငံရေးထဲမှာမပါရတော့ဘူး။ ကြားထဲမှာ ဝမ်းသာစရာကောင်းတာက ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နှစ်နေရာမှာ ပြောခဲ့တာရှိတယ်။ ထိုင်းမှာ တစ်ခါ၊ စင်ကာပူမှာ တစ်ခါ။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းလျှော့သွားမယ်လို့ ပြောခဲ့တာရှိတော့ ကျွန်တော်တို့ အတွက် အားတက်စရာပဲ။ ဒီအနေအထားကိုကြည့်ပြီး တစ်ဖက်က လက်ရှိ ရှိနေတဲ့ ကန့်သတ် ဘောင်ထဲမှာ ပါးပါးနပ်နပ်ကစားတတ်ဖို့လိုပါတယ်။ အဲဒီ အကန့်အသတ်ကိုလည်း ချဲ့ထွင်နိုင် ရေး လည်း လုပ်ရပါမယ်။ လာရီးဒိုင်းမွန်းက အကြံပေးထားတာ နှစ်ခုရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ပြေပြေလည်လည်ဖြစ်ဖို့ဆိုရင် ဒီမိုကရက်တစ်အင်အားစု ထဲက radical မကျတဲ့ moderate တွေနဲ့ အရင်အစိုးရထဲက Heard Liner မဟုတ်တဲ့ reformer တွေ။ အဲဒီ moderate နဲ့ reformer တွေကြားထဲမှာ နိုင်ငံရေး ပဋိညာဉ်တစ်ခု ရဖို့လိုတယ်။ ဒုတိယ အချက်တစ်ခုက ၂၀၁၅ရွေးကောက်ပွဲမှာ Free and Fair ဖြစ်လို့ bi-election အတွေ့အကြုံ ကိုယူပြီး NLD က Landslide နိုင်သွားရင် တစ်ဖက်က တပ်မတော်ရဲ့ စိုးရိမ်သောက တွေ ကြောင့် ၉၀ပြည့်နှစ်ရွေးကောက်ပွဲလိုမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ PR စနစ်လုပ်ကြည့် ပါလို့ သူက အကြံပေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးက PR စနစ်ကို အကောင်အထည်ဖော်ချင်ရင် ၂၀၁၃အတွင်းအပြီးလုပ်ပါလို့ ပြောထားတာရှိတော့ PR ကို ကျင့်သုံးဖို့ ဖြစ်မလာနိုင်တော့ဘူး။ ဒီနေရာမှာ PR ကို ကျွန်တော်တို့ ထောက်ခံချင်လို့ မဟုတ်ပါဘူး။
YMG- အခုပါတီတွေ တော်တော်များလာတယ်။ ပါတီတိုင်းလိုလိုဟာလည်း ဒီမိုကရေစီဆိုတဲ့ စကားလုံးပါတဲ့ ပါတီတွေ တွေ့ရတယ်။ ကွန်မြူနစ်ဆိုတဲ့စကားလုံးကို ဘယ်သူမှ မတပ်ဘူး။ သို့ သော် တချို့တွေက ဒီမိုကရေစီနာမည်ခံသော်ငြားလည်း တွေးခေါ်တာ၊ လုပ်ကိုင်တာ အားလုံး ဟာ လက်ဝဲပုံစံနဲ့ သွားနေတာမျိုးရှိတယ်။
KW - ဒါကြောင့် ကျွန်တော်တို့ဟာ လစ်ဘရယ် Culture ထွန်းကားဖို့၊ လစ်ဘရယ် ဒီမိုကရေ စီ ထွန်းကားဖို့ လိုတယ်။ Democrative way of thinking ထွန်းကားဖို့လိုတယ်။ ဒါကြောင့် နှစ်ဖက်တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုတာက ထိန်းထိန်းသိမ်းသိမ်း သွားကြ ဖို့၊ အချုပ်ပြောရရင် ၁၉၆၀ ပြည့်နှစ်လောက် အခုပုံစံ ဆန်ဆန်ဖြစ်ဖူးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်းပတ်သက်တယ်။ လူမျိုးစုပြဿနာနဲ့လည်း ပတ်သက်တယ်။ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းရေးနဲ့လည်း ပတ်သက်တယ်။ ဦးနုကပြောဘူးတာရှိတယ်။ တောင်း တဲ့ ပြည်သူလူထုဘက်က (အတိုက်အခံလက်နက်ကိုင်အင်အားစုဘက်က) တောင်းပါ။ ဒီမို ကရေစီဟာ တောင်းခွင့်ရှိပါတယ်။ သို့သော် တစ်ခု သတိထားဖို့က "ရ ရင် ရ၊ မရ ရင် ချ" မယ် ဆိုတဲ့ စိတ်မျိုးတော့ မထားပါနဲ့။ ကျုပ်တို့ အစိုးရကလည်း မင်းတို့ချရင် တို့ပြန်ချမယ်ဆိုတာ မလုပ်တော့ဘူးတဲ့။ ဒါကြောင့် တောင်းတဲ့လူက တောင်းကြပါ။ တောင်းခွင့်မရှိဘူးလို့ ကျွန် တော် မပြောပါဘူး။ သို့သော် တောင်းပါ။ မရ ရင် မချကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၆)ပါ "စာရေးဆရာ ဦးကျော်ဝင်းနှင့် ဆွေးနွေးခြင်း" မှာ ကောက်နှုတ်ကူးယူဖော်ပြသည်

credit to:နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ

ပြောင်းပြန်နိယာမ

ပြောင်းပြန်နိယာမ မောင်ဆွေဝင်း (ပဲခူး)
=====================================


(၁)
မြန်မာပြည်တွင် ယနေ့အထိပင် ပြောင်းပြန်နိယာမကို ရေရေလည်လည် သုံးစွဲနေကြဆဲ ဖြစ်သည်။ ဒီလိုပုံစံနဲ့သာဆိုရင်တော့ မိုးကြီးချုပ်တောင် အိမ်ပြန်မရောက်တဲ့ကိန်း ဆိုက်နေဦးမှာ သေချာသည်။ ပြောင်းပြန်နိယာမဆိုလို့ ကြီးကြီးကျယ်ကျယ် ရှည်ရှည်ဝေးဝေးတော့ မတွေးကြစေချင်ပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကဏ္ဍအတော်များများမှာ တကယ်မှန်မှန်ကန်ကန် လုပ်ရမည့်ကိစ္စကို ပြောင်းပြန်ကြီး လုပ်နေတာတွေ ကမောက်ကမ အမြင်မတော်တာတွေကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပါသည်။
(၂)
ဘတ်စ်ကားတွေအတွင်းမှာ စာတန်းတွေ အများကြီးကပ်ထားတာ ခရီးသည်တိုင်း သိကြပါသည်။ မတ်တတ်ရပ်စီး ခရီးသည်မတင်ပါ။ ထိုင်ခုံအပြည့်သာ တင်ပါသည်။ စာတန်းကြီးက ကားအပြင်နံရံမှာ အခန့်သား ကပ်ထားတာ တွေ့ရပါလိမ့်မည်။ ဒါပေမဲ့ ကားထဲမှာတော့ ထိုင်ခုံတွေလည်း အပြည့်၊ မတ်တပ်ရပ်စီး ခရီးသည်တွေလည်း ပြည့်ကျပ်လို့နေပါသည်။ “ဆေးလိပ်မသောက်ရ” ဆိုတဲ့ တားမြစ်စာတန်းကိုလည်း ဘတ်စ်ကားအတွင်း ဖတ်နိုင်ပါသည်။ ဒရိုင်ဗာ၊ စပယ်ယာတွေရဲ့လက်ထဲမှာတော့ စီးကရက် မီးခိုးငွေ့တွေက တလူလူ ရှိနေသည်။ အကြည့်ရအဆိုးဆုံးစာတန်းကတော့ “ခရီးသည်များသည် ထမင်းရှင်ဖြစ်သည်” ဆိုတာပဲဖြစ်သည်။ သို့ပေမယ့် ပြောင်းပြန်နိယာမ သဘောအရ စပယ်ယာများသည် သူတို့ကိုယ်သူတို့ ကျေးဇူးရှင်ဟု မှတ်ယူကာ ပိုက်ဆံပေးစီးနေသော ခရီးသည်များကို သူတို့အိမ်က အိမ်ဖော်တွေအလား ဟိန်းကြဟောက်ကြ စော်ကားနေကြပါသည်။
(၃)
မြန်မာလူမျိုးအများစု ရောင်းချနေသည့် ဈေးဆိုင်တွေနှင့် စားသောက်ဆိုင်များတွင်လည်း ပြောင်းပြန်နိယာမကို တွင်တွင်ကျင့်သုံးနေကြတာ အများစုတွေ့မြင်နေရပါသည်။ စားသုံးသူများသည် ဆိုင်အတွင်း ဝင်လိုက်လျှင် ဘာကိုအရင်ရှာရသလဲဆိုတော့ စားပွဲထိုးများ ဖြစ်သည်။ ဆိုင်အတွင်း ဖွင့်ထားသော တီဗွီအစီအစဉ်တွေကို ထိုင်ကြည့်နေသော အနှီစားပွဲထိုးများကို အော်ခေါ်ရ၊ ပိုက်ဆံရှင်းမယ်ဆိုတော့လည်း အော်ခေါ်ရနှင့် စားသုံးသူခမျာ ပျာယာခတ်လို့နေရသည်။ စိတ်ညစ်ရတာကို ပိုက်ဆံပေးနေရသလို ဖြစ်သည်။
(၄)
ပါတီစုံ ဒီမိုကရေစီစနစ်အရ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားသူအချို့ကလည်း ပြောင်းပြန်နိယာမကို လက်မလွှတ်ကြပါ။ ရွေးကောက်ပွဲအကြို ကာလများအတွင်းက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုသူအချို့သည် မဲဆန္ဒရှင်များကို မျက်နှာချိုသွေးကာ မက်လုံးပေး စည်းရုံးကြပါသည်။ ရွေးကောက်ပွဲပြီး၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားသောအခါ၊ သူတို့ကိုယ်သူတို့ ရာထူးအရှိန်အဝါတွေ ရထားသည့်အလား၊ မဲဆန္ဒရှင်ပြည်သူများကို လှည့်မကြည့်ကြတော့ပါ။
(၅)
အစိုးရဝန်ထမ်းအချို့ကတော့ ဒီနိယာမကြီးကို၊ ခုချိန်အထိ အသေအလဲ ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ သူတို့သည် ပြည်သူ့ဘဏ္ဍာငွေမှ လစာစားနေရသည်ကို အလျင်းဂရုမစိုက်ဘဲ၊ မိမိရုံး၊ ဌာနသို့ ကိစ္စရှိ၍ ရောက်လာသောပြည်သူများကို မှန်မှန်ကန်ကန် ဝန်ဆောင်မှု မပေးကြသေး။ ပညာပြကြသည်။ လာဘ်ပေးလာဘ်ယူ လုပ်ကြသည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်ကို ယနေ့အထိ သူတို့ မမှုကြသေးသည်မှာ ယုံတမ်းစကား မဟုတ်ပါ။
(၆)
ယနေ့ မြန်မာနိုင်ငံတော်ကြီးတွင် ယခုလို ပြောင်းပြန်နိယာမ ကျင့်သုံးမှုတွေ များနေပါသေးသည်။ ပြည်သူဗဟိုပြုစနစ်ဟု ကျယ်ကျယ်လောင်လောင်ပြောနေကြသော်လည်း ဤနိယာမအရ အောင်မြင်ဖို့ဆိုတာ အတော်အလှမ်းဝေးနေတာ သေချာသလောက်ရှိသည်။
(၇)
နောက်တစ်ခု ရှိပါသေးသည်။ ဒီနေ့ မြန်မာနိုင်ငံမှာ အပိုဆာဒါးလုပ်တာတွေ များနေတာဖြစ်သည်။ သာဓကတစ်ခု ဆောင်ပြပါမည်။ မြန်မာလူမျိုးများသည် အလုပ်တစ်ခု လုပ်မယ်မကြံသေး၊ ဖွင့်ပွဲတွေ၊ အခမ်းအနားတွေကို ပိုပိုကဲကဲ လုပ်တတ်ကြသည်။ အဲဒီအတွက် ကုန်ကျစရိတ်များသည် တကယ်လုပ်ဖို့ ခွင့်ပြုထားသည့် ငွေတွေထဲက ယူသုံးနေကြတာ ဖြစ်ပါသည်။ ဖဲကြိုးတက်ဖြတ်သူကလည်း ကုန်ကျစရိတ် စိုက်ထုတ်တာ မဟုတ်ပါ။
(၈)
မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးက တာဝန်ရှိသူတိုင်း ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ကြပါစေ။ အရိုးစွဲနေပြီး ကြည့်မကောင်း၊ ကြားမကောင်းသည့် ပြောင်းပြန်နိယာမကို တည့်မတ်အောင် အမြန်ဆုံးပြုပြင်နိုင်ကြပါစေ။